ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထား သော်လည်း
ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန် ပေးဆောင်ခြင်း မရှိသော ကုမ္ပဏီပေါင်း ၁၀,၆၇၀ ကို
မတ် ၂၀ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ရန် ထုတ်ပြန်ထားပြီး ပျက်ကွက်ပါက ဖော်ထုတ်
အရေးယူသွားမည် ဖြစ်ကြောင်း ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးမှ အခွန်ဦးစီးမှူး
ဦးတင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။
ယခင် ဘဏ္ဍာနှစ် အတွင်းက အခွန်
ပေးဆောင်ခြင်း မရှိသည့် ကုမ္ပဏီများကို ယခုနှစ် မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍
ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးသို့ လာရောက်ကာ အခွန် ပေးဆောင်ခြင်း မပြုနိုင်သေးသည့်
အကြောင်းအရာနှင့် အကြောင်းရင်းများကို သတ်မှတ် ပုံစံများတွင် ဖြည့်သွင်းပေးရန်
လိုကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ဌာနနဲ့ လုံးဝ အဆက်ပြတ်နေတဲ့
ကုမ္ပဏီတွေပေါ့။ မှတ်ပုံတင်ထားပြီး အလုပ် မလုပ်တဲ့ ကုမ္ပဏီတွေပါ။ အခု လောလောဆယ်
ကုမ္ပဏီပေါင်း တစ်သောင်းကျော် ရှိတယ်။ နောက် ဖော်ထုတ်လို့ရတဲ့ ကုမ္ပဏီတွေ
စာရင်းကိုလည်း ထုတ်ပြန်သွားမယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံတော် အခွန်ဘဏ္ဍာ ဝင်ငွေ
တိုးမြှင့် ရရှိရေးအတွက် အခွန်ဘုတ်အဖွဲ့ ဖွဲ့စည်းကာ အခွန် ကောက်ခံမှုကို
စည်းကြပ်လျက် ရှိပြီး တစ်ဖက်တွင် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးမှ အခွန်ထမ်း ပြည်သူ
အလွှာလိုက်ကို တွေ့ဆုံကာ အခွန် ပေးဆောင်ရန် တိုက်တွန်း နှိုးဆော်လျက်
ရှိသည်။
“အခွန်ဦးစီးဌာနက စာရောက်လာပြီး ရုံးကို လာတွေ့ဖို့ ပြောတယ်။
သွားတွေ့တော့ အခွန်ဆောင်ဖို့ စာရင်းဇယားတွေ စစ်ဆေးပြီး နောက်ရက်မှာ အခွန်ဆောင်
ရတာပဲ” ဟု ဘုရင့်နောင် ပွဲရုံမှ လုပ်ငန်းရှင် တစ်ဦးက
ဆိုသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊
ရုံးတံဆိပ် ခွန်နှင့် အောင်ဘာလေ ထီခွန်တို့ကို ကောက်ခံလျက် ရှိပြီး ကျန်သည့်
အခွန်အခ များကို စည်ပင်သာယာရေး ကော်မတီက ကောက်ယူလျက် ရှိရာ အခွန်ထမ်းများ အနေနှင့်
အခွန်အခ ဝန်ပိလျက် ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
အခွန်မူဝါဒ ပြုပြင်
ပြောင်းလဲရေး အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့က အစိုးရနှင့်
ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်
အစည်းအဝေးတွင်လည်း အခွန်ဆိုင်ရာဥပဒေ လေးခုကို ပြင်ဆင် အတည်ပြုမှုများ ပြုလုပ်လျက်
ရှိသည်။
ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေ နှစ်ခုကို
အခွန်ထမ်းများ အတွက် ပိုမို အဆင်ပြေစေမည့် အခွန်ဥပဒေ ဖြစ်လာစေရန်
ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်ထောင်စုလွှတ်တော်
ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ဥပဒေရေးရာ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့
ပူးပေါင်း၍ ပြင်ဆင်လျက် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ
အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
အဆိုပါ ကုမ္ပဏီများ၏ အမည်
စာရင်းကို http://www.irdmyanmar.gov.mm/
တွင် ဖော်ပြထားသည်။
Credit To : The Voice Weekly> ပြန်လည်
မျဝေခြင်း
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား