အစိုးရအဖွဲ့တစ်ခုမှာ အာဏာအရှိ ဆုံးဖြစ်တဲ့ ၀န်ကြီးချုပ်၊ ဒါမှမဟုတ် သမ္မတနဲ့ အတူ ၀န်ကြီးတွေ ရှိကြတယ်။ “ ၀န်ကြီး” ကို (မင်နစ္စတာ) လို့ ခေါ်တာက တစ်နေရာ နဲ့ တစ်နေရာမှာ မတူပါ။ အမေရိကားမှာ (စကေရီထရီ) လို့ သုံးပြီး၊ တချို့ နိုင်ငံတွေမှာ (ဒီဲပြူတီ) လို့ခေါ်တယ်။
ဝန်ကြီးတွေဟာ အရေးပါတဲ့ တိုင်းပြည်တွေမှာ အရေးပါတယ်။ ပေါ်လစီစနစ်နဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင် နိုင်နိုင် ချနိုင်ပြီး၊ အဲဒီ့ အခွင့်အဏာကိုလည်း တရားဝင် ရရှိထားသူ ဖြစ်ရတယ်။ အမေရိကားမှာ မဲပေးသူတွေဆီကနေလာတဲ့ (မင်းဒိတ်)မရှိဘဲ ၀န်ကြီး ခန့်နိုင်ပေမယ့် တော်ရတယ်။ ကွန်ဂရတ်မှာ အစစ်ခံပြီးမှသာ ၀န်ကြီးဖြစ်နိုင်တယ်။ ငြင်းပယ်ခံရသူလည်း မနည်းလှဘူး။
အရေးပါတဲ့ဝန်ကြီးတွေကိုသမ္မတ ကနေ ခန့်ခွင့်မရှိဘူးဆိုတာ မြန်မာပြည်မှာပဲ ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရေ အဲဒီ့အထူးအခွင့်အရေးကို စစ်တပ်ကသာ ယူထားတယ်။ ဖွဲ့စည်းပုံပြင်မယ့်သူတွေ စဉ်းစားကြစေချင်ပါတယ်။ “သမ္မတ အရည်အချင်းကို မပြင်ချင်ရင် စစ်တပ်အကြီးအကဲတွေကို လူထုကနေ ရွေးတာမျိုး လုပ်သင့်တယ်”။
နိုင်ငံတိုင်းမှာ အရေးပါတယ်လို့ သတ်မှတ်ထားတဲ့ ၀န်ကြီးတွေက တစ်မျိုးစီ ရှိကြတယ်။ အမေရိကားမှာဆိုရင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေး အကြံပေး၊ (စီအိုင်အေ) အကြီးအကဲတွေ ဖြစ်တယ်။ အိန္ဒိယမှာတော့ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးအပြင်၊ မီးရထား နဲ့ HDR ခေါ်တဲ့ ပညာရေးကိုပါကိုင်ရတဲ့ ၀န်ကြီးတွေက အရေးပါဆုံးဖြစ်ကြပါတယ်။ ကနေ့မြန်မာအစိုးရမှာတော့ သမ္မတရုံး ၀န်ကြီးတွေက အရေးပါဆုံးဖြစ်နေပုံရတယ်။ နေရာတကာမှာ သူတို့ချည်ပဲ။ PMO ခေါ်တဲ့ ၀န်ကြီးချုပ်ရုံးဝန်ကြီးဆိုတာ အပြင်ထွက်ထွက်ပြောတာမျိုး မလုပ်ကြပါ။
ကျွန်တော်တို့နိုင်ငံက အဆန်းတွေ ချည်းလို့ပြောရမှာပဲ။ တော်လှန်ရေးကောင်စီ တတ်ကာစမှာ “၀န်ကြီး”လို့ မသုံးဘဲ တာဝန်ခံလိုလို ဘာလိုလိုလုပ်ခဲ့သေးတယ်။ မကြာပါဘူး၊ ၀န်ကြီးပဲပြန်လုပ်ရတယ်။ အဲဒီ့ခေတ်ကတည်းက အခုထိ ၀န်ကြီးများဟာ သူများတိုင်းပြည်တွေက ၀န်ကြီးများဟာ သူများတိုင်းပြည်တွေက ၀န်ကြီးတွေနဲ့ တူကိုမဘူး။ မတူဘူးဆိုတာ ၀န်ကြီးဖြစ်ဖို့ အရည်အချင်း၊ ဘယ်လိုရွေးသလဲ၊ တာဝန်နဲ့သက်တမ်းတွေဟာ တူလွန်းအားကြီးတယ်။
(မဆလ)ခေတ်မှာ “ဌာနဆိုင်ရာအသိနဲ့အတတ်ပညာမရှိပါမှ ၀န်ကြီးခန့်တာက အတော်များတယ်။” ယူနီဖောင်းဝတ်ထဲက လူရှာမရရင်တော့ အရပ်သားကို ရွေးတတ်တယ်။၂-၃-၁၉၆၂ တော်လှန်ရေးကောင်စီရဲ့ (၈) ဦးပါတဲ့ အစိုးရအဖွဲ့မှာ ဦးသီဟန်ကို နိုင်ငံခြားရေးအပါအ၀င် ၀န်ကြီးဌာန(၄)ခုမှာခန့်ခဲ့တယ်။ (န၀တ)ခေတ်မှာ ပါမောက္ခ ဒေါက်တာဖေသိန်းကိုကြတော့ ယူနီဖောင်း ၀တ်စေပြီး၊ အစိုးရ ဂေဇတ်မှာ တစ်ရက်တစ်ခါ ရာထူးတိုးပြီး၊ ဗိုလ်မှူးကြီး ပေးရမယ့်ရက်ကြမှ ကျမ်းမာရေးဝန်းကြီး ခန့်တာလည်း သမိုင်းတွင်ရစ်ပါတယ်။
“အသက်မပြည့်သူ စစ်ထဲအတင်းဝင်ခိုင်းတာပဲ လူတွေကပြောကြတယ်။ အသက်လွန်မှ စစ်ထဲဝင်ရတာကို မပြောဖြစ်ခဲ့ကြဘူး။”
၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ၀န်ကြီးနဲ့ ဆိုင်တာတွေ သူများနဲ့မတူ တစ်မူထူးတာတွေ ရှိနေတယ်။
“ပုဒ်မ၂၃၂၊ (၄)(ခ)(၂) ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။”
“ပုဒ်မ ၂၃၂၊(၄)(ခ)(၃) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင်တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွယ်ရမည်။”
အရေးကြီးတာမှန်သမျှ စစ်တပ်က၊ သမ္မတမဟုတ်၊ လွှတ်တော်နှင့်မဆိုင်။
“ပုဒ်မ ၂၃၂(၄)(ဆ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့်အခါတိုင်း ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားရမည်။”
လွှတ်တော်ဟာ ၀န်ကြီးခန့်ရေးအတွက်ဆိုရင် ကြားနာစစ်ဆေးစရာ မလိုဘဲ၊ နားထောင်ပြီး လက်ခုပ်တီးတဲ့တာဝန်သာ အခွင့်အာဏာရှိတယ်။
“ပုဒ်မ၂၃၂၊(၄)(ည)(၁)ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ၀န်ထမ်းစည်းကမ်းများနှင့်အညီ နိုင်ငံဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။”
“ပုဒ်မ ၂၃၂၊ (၄)(ည)(၂) ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်ထားခြင်း ခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းယူရန် သို့မဟုတ် နှုတ်ထွက်ရန်မလို။”
တိုင်းပြည်အတွက် အလုပ်လုပ်ကြသူတွေ၊ လစာအတူရသူတွေ မှန်ပေမယ့်အရပ်သားနဲ့ တပ်မတော်သား မတူဘူးလို့ ဆိုထားတယ်။ အခုထိ မတူသေးဘူးပါဗျာ။ တပ်မတော်ထဲမှာ တော်ပြီးထူးချွန်သူတွေရှိတာ မှန်ပါတယ်။ အရပ်သားထဲမှာ ပိုတောင်များများရှိပါတယ်။ အရပ်သား ဖြစ်နေရင် ပါတီ(မဆလ၊ ကြံ့ခိုင်ရေး) ထဲဝင်မှ တော်ကောက်မယ်ဆိုတာဟာလဲ အခုချိန်မှာ ပြင်ရတော့မယ့် သက်တမ်း (၅၀) ရှိနေပြီဖြစ်တဲ့ အမှားကြီးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ မနည်းတော့ပါ။ အချိန်ကြာကြာ တာဝန်ပေးခံရသူတွေ နည်းတယ်။ ဦးအုန်းဂျော်ကို ဖြုတ်တော့ သူ့နေရာမှာ ၀န်ကြီးအလုပ်ခိုင်းမယ့် ဦးဝင်းအောင်က ကြိုမသိဘဲ၊ သံအမတ်ကြီးကနေ နိုင်ငံခြားရေးဝန်ကြီးဖြစ်တာ အတော်ရှားတယ်။
အရပ်သားစစ်စစ်တွေကနေ နိုင်ငံခြားရေးဝန်ကြီးသာမက ကာကွယ်ရေး ၀န်ကြီး အလုပ်ကို ပိုင်ပိုင်နိုင်နိုင်လုပ်ကြတယ်။
မြန်မာပြည်မှာ အရပ်သားကို အထင်သေးတဲ့ သူငယ်နာ ခုထိမစင်သေးပါ။
“နိုင်ငံခြားရေးဝန်ကြီးလုပ်ရသူတိုင်းရဲ့အဓိကနဲ့ တစ်ခုတည်းသော တာဝန်ဟာ ကမ္ဘာလှည့်ပြီး ညာဖို့သာဖြစ်တယ်” လို့ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းက ယူဆထားတယ်။ “နိုင်ငံရေးအကျဉ်းသားမရှိ၊ လူ့အခွင့်အရေးချိုးဖောက်မှုနတ္ထိ။ “ဒီလောက်ပြောတတ်ရင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်၏။
ဝန်ကြီးအလုပ်ဆိုတာ နိုင်ငံရေးအလုပ်ဖြစ်တယ်။ အုပ်ချုပ်ရေးအလုပ်၊ ပညာရှင်အလုပ်၊ လုံခြုံရေးအလုပ် မဟုတ်ပါ။ နိုင်ငံရေးပါတီကို “တခြားအကြောင်းကြောင့် မဟုတ်ဘဲ၊ နိုင်ငံရေးလုပ်ဖို့ ဖွဲ့ထားရင်” ၀န်ကြီးမပြောနဲ့ အစိုးရ လုပ်နိုင်ကြတယ်။
နိုင်ငံအတော်များများက အတိုက်အခံပါတီကြီးတွေမှာ (ရှဲဒိုး)၀န်ကြီးဆိုတာမျိုးရှိတယ်။ အဲဒီ့ပုဂ္ဂိုလ်တွေကလည်း တကယ်တော်တဲ့၊ ၀န်ကြီးတာဝန်နဲ့ ထိုက်တန်တဲ့သူတွေသာ ဖြစ်ကြတယ်။ အစိုးရအဖွဲ့က လုပ်နေတာတွေကို ချက်ကျကျ ထောက်ပြနိုင်ကြတယ်။ ကနေ့ မြန်မာအစိုးရ လက်ထက်မှာ အတိုက်အခံလို့ ပြောကြတာများတယ်။ NLD မှာ အစိုးရဖွဲ့ဖို့ အရည်အချင်း ရှိသလား စောကြောနေတာကြာလှပြီ။ ပါတီမှာ ဒေါ်စုကလွဲရင် လူမရှိဘူးလို့ ပြောတဲ့သူကများတယ်။
“စာမေးပွဲ ၀င်မဖြေရသေးတဲ့ ကျောင်းသားကို အောင်မှတ်မရဘူးလို့ပြောနေကြတယ်။”
တစ်ချိန်တည်းမှာ ဗခက ခင်ညွန့်ကို အကောက်ဥာဏ်သုံးရာမှာ တော်တယ်လို့အခုထိ ချိးမွမ်းနေကြတယ်။ နောက်ပြီး ဗခမက သန်းရွှေဟာ တစ်တိုင်းတစ်ပြည်လုံးကို သူဖြစ်စေတာကိုသာ ဖြစ်အောင် နောက်ကနေ အကွက်ကျကျ စီမံနိုင်လွန်းလို့ဆိုပြီး ထောပနာပြုနေကြတယ်။ မြန်မာပြည်ကနေ့အထိ ကံဆိုးတာက အာဏာရှင်တွေကို ချီးမွမ်းခန်း ဆက်ဖွင့်ပြီး၊ ဒီမိုကရေစီဘက်က တော်သူ၊ ထက်သူ၊ လုပ်နေသူမှန်သမျှကို ဆက်ပြီး အထင်သေး အပုပ်ချနေတာပဲ ဖြစ်တယ်။
မြန်ပြည်သားများ ၀ဋ္ဋ်ကြွေးဒုက္ခက အမြန်ဆုံးလွှတ်မြောက်ကြပါစေ။
ဒေါက်တာတင့်ဆွေ
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား