img.emoticon { padding: 0; margin: 0; border: 0; }

Monday, November 4, 2013

ဘဏ်တိုးနှုန်းအား ပုံသေသတ်မှတ်ထားခြင်းက စီးပွားရေးဖွံ့ဖြိုးမှုအား နှောင့်နှေးစေ

ထင်လင်းအောင်

ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်းအား အပြောင်းအလဲမရှိ ပုံသေသတ်မှတ်ထားခြင်းက အခြေခံ စီးပွားရေးလုပ်ငန်းများဆီသို့ ငွေကြေးစီးဆင်းရန် ခက်ခဲစေခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု အား နှောင့်နှေးစေကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
ဘဏ်အတိုးနှုန်းများအား ပုံသေသတ်မှတ်ထားခြင်းကြောင့် ဘဏ်ချေးငွေယူပြီး ပြင်ပတွင် ပြန်လည်ငွေ ချေးခြင်း၊ သက်သာသည့်နေရာ(နိုင်ငံ)မှ ချေးငွေယူပြီး ဘဏ်တွင်ပြန်လည်အပ်နှံခြင်းများ လုပ်ကိုင်ခြင်း ကြောင့် ပြည်တွင်းငွေကြေး လည်ပတ်စီးဆင်းစေသည့် လုပ်ငန်းများဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေ ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်အငြိမ်းစား ပါမောက္ခ ဒေါက်တာ မောင်မောင်စိုးက နိုဝင်ဘာ ၃ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင်ကျင်းပသော ဆွေးနွေးပွဲတွင် ပြောသည်။

စီးပွားရေးလုပ်ငန်းရှင် အများစုသည် အိမ်ခြံမြေလုပ်ငန်းနှင့် ပြင်ပချေးငွေ လုပ်ငန်းများကဲ့သို့သော ငွေကြေး လည်ပတ်မှုမရှိသည့် နေရာများတွင်သာ ရင်းနှီးလုပ်ကိုင်မှုများကာ ကုန်ထုတ်လုပ်ငန်းများကဲ့သို့သော အခြေခံစီးပွားရေးလုပ်ငန်းများအထိ ငွေကြေးလည်ပတ်မှုဖြစ်စေသည့် လုပ်ငန်းများတွင် ရင်းနှီးမှုအားနည်း နေခြင်းမှာ ဘဏ်တိုးနှုန်းအား ပုံသေသတ် မှတ်ထားခြင်း၏ အကျိုးဆက်များဟု ဆိုသည်။

တိုင်းပြည် စီးပွားရေးလုပ်ငန်းများ နှောင့်နှေးနေချိန်တွင် ဘဏ်တိုးနှုန်းလျှော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်နိုင်စေရန် လုပ်ကိုင်ပေးရပြီး တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများ သွက်လက်စေကာ ငွေ ကြေးဖောင်းပွနေချိ တွင် ဘဏ်တိုးနှုန်းကို မြှင့်တင်ခြင်းဖြင့် ထိန်းညှိမှုများလုပ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံ စီးပွားရေးတက်္ကသိုလ်ဘွဲ့ရများအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က “ဘဏ်တိုးနှုန်းဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အလျှော့အတင်း ကစားပေးဖို့လိုတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးကြွယ်ဝသူများက အရှုံးအမြတ် မသေချာသည့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီး လုပ်ကိုင်ခြင်းမပြုဘဲ ဘဏ်တွင်အပ်နှံထားပြီး သတ်မှတ်ဘဏ်တိုးရယူနေခြင်းမှာလည်း ဘဏ်တိုးနှုန်းအား ပုံသေသတ်မှတ်ထားခြင်း၏ရလဒ်များဟု ၎င်းတို့ကဆိုသည်။

နိုင်ငံစီးပွားရေး တိုးတက်ရန်အတွက် ဘဏ်စနစ်လည်ပတ်ရာတွင် ဘဏ်မှချေးငွေအဖြစ်ထွက်သွားသော ငွေကြေးများသည် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ဘဏ်ထဲသို့ပြန်ရောက်လာရန် လိုအပ်ပြီး ယင်းငွေ များမှာလည်း စီးပွားရေးလုပ်ငန်းများထံ ပြန်လည်ရောက်ရှိသွားခြင်းဖြင့် လျင်မြန်စွာလည်ပတ်နေရန် လို အပ်ကြောင်း ယင်းတို့ကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိဘဏ်အတိုးအနှုန်းများအား ဗဟိုဘဏ်မှ ၁၀ ရာခိုင်နှုန်းဖြင့်သတ်မှတ်ကာ ပုဂ္ဂလိက ဘဏ်များကိုမူ အပ်ငွေအတိုးနှုန်းအား ရှစ်ရာခိုင်နှုန်းထက်မများသော ပမာဏနှင့် ချေးငွေအတိုးနှုန်းအား ၁၃ ရာခိုင်နှုန်းထက် မများသော ပမာဏဖြင့် ပုံသေသတ်မှတ်လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

နိုင်ငံတကာတွင်မူ ပြည်တွင်းစီးပွားရေးအခြေအနေကိုကြည့်ကာ ဘဏ်အတိုးနှုန်းများအား အလျှော့ အတင်းလုပ်ခြင်းဖြင့် ဈေးကွက်ထိန်းညှိမှု ဆောင်ရွက်ခြင်းကို လုပ်ကိုင်ခြင်းကြောင့် မြန်မာနိုင်ငံဘဏ်စနစ် အနေဖြင့် ထိုသို့ပင်လုပ်ဆောင်သင့်ကြောင်း ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးကဆိုသည်။

ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူလုပ်ကိုင်နေကာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းလွင်က “ဘဏ်တိုးနှုန်းဆိုတာက တိုင်းပြည်စီးပွားရေးအခြေအနေ အရ အတိုး အလျှော့လုပ်ပြီး ထိန်းညှိပေးဖို့ လိုတာပဲလေ။ နိုင်ငံတိုင်းမှာ ဒီလိုပဲ လုပ်တာပဲ။ ဒါပေမယ့် အဲဒါက ဗဟို ဘဏ်ကပဲ သတ်မှတ်ရတာဆိုတော့ ပုဂ္ဂလိကဘဏ်တွေက ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ ဒီနိုင်ငံမှာ ဘဏ်တိုးတစ်ခုကိုသတ်မှတ်လိုက်ရင် အကြာကြီးမပြောင်းတော့ဘူး အဲဒါကခက်တာ”ဟု ပြောသည်။

ဗဟိုဘဏ် သီးခြားလွတ်လပ်စွာ ရပ်တည်ပြီး လုပ်ကိုင်နိုင်ချိန်တွင်မူ အတိုးနှုန်းကို လိုသလိုပြောင်းလဲနိုင် မည်ဟု ပညာရှင်များက ယူဆကြသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား