img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, November 6, 2013

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတွင် တွေ့ဆုံကာ အခက်အခဲ၊ ပြဿနာများကို ဆွေးနွေးကြ

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ဆပ်ကော်မတီနှင့် လုပ်ငန်းရှင်များ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတွင် တွေ့ဆုံကာ အခက်အခဲ၊ ပြဿနာများကို ဆွေးနွေးကြကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ပြောကြားသည်။ ပြည်တွင်းရှိ လုပ်ငန်းများအတွက် အဓိကကျသော ဥပဒေများ ပြဋ္ဌာန်းရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ပတ်သက်နေသူများကို ပါဝင်ခွင့်ပြုရန်၊ လတ်တလော ဈေးတက်သွားမည့် လျှပ်စစ်မီတာခ နှုန်းထားနှင့် ပြည်တွင်း SME များ အဓိက ကြုံတွေ့နေရသည့် ငွေကြေးနှင့် ထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်မှုရှိစွာ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်ဟု လုပ်ငန်းရှင်များက ပြောကြားကြသည်။ “အခု စက်မှုဇုန်ဥပဒေ ထွက်ဖို့ရှိတယ်လို့ သိရတယ်။ ဥပဒေမထွက်ခင် ညှိနှိုင်းဆွေးနွေးပြီး အကြံဥာဏ်ယူဖို့ လိုပါတယ်” ဟု လုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ဆိုသည်။ လုပ်ငန်းရှင်များသည် လုပ်ငန်းတိုးတက်ရန်ထက် လုပ်ငန်းမပြုတ်ရေးကိုသာ ရုန်းကန်နေရချိန်တွင် လျှပ်စစ်မီတာခ နှုန်းထားများ မြင့်တက်သွားခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခများ ဖြစ်ပေါ်ခြင်းတို့ကိုပါ ကြုံတွေ့နေရကြောင်း နှစ်ပေါင်း ၄၀ လုပ်ငန်း လုပ်ကိုင်လာသူ လုပ်ငန်းရှင် ဦးမြင့်စန်းက ပြောကြားသည်။ “အခုဟာက မီးစက်ပဲ ဝယ်ရမလား၊ ရှိတဲ့မြေကိုပဲ ဝယ်ရောင်းလုပ်ပြီး ကစားရမလား၊ စက်ရုံအသစ် ဆောက်ရမလား၊ လုပ်ငန်းပြောင်းရမလား မသိဘူးဖြစ်နေတယ်” ဟု ၄င်းက ဆိုသည်။ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသော်လည်း လတ်တလောတွင် မှတ်ပုံတင်ထားသော အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကိုသာ ချေးငွေထောက်ပံ့မှုများ ပြုလုပ်နိုင်သေးကြောင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောဆိုသည်။ “SME တွေ ဖွံ့ဖြိုးဖို့ အတတ်နိုင်ဆုံး လုပ်နေပေမယ့် ကန့်သတ်ချက်တွေ ရှိနေတယ်။ ချေးငွေပေးရာမှာလည်း ဗဟိုဘဏ်ရဲ့ သတ်မှတ်စည်းကမ်းတွေအတိုင်း လုပ်နေရတာတွေ ရှိတယ်” ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က ပြောဆိုသည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင်ထုတ်ချေးရာ ငွေကျပ် ငါးဘီလီယံကို လုပ်ငန်းရှင် ၂၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ငွေကျပ်ငါးဘီလီယံကို လုပ်ငန်းရှင် ၃၇ ဦး စုစုပေါင်းငွေကျပ် တစ်ဆယ်ဘီလီယံကို လုပ်ငန်းရှင် ၆၂ ဦးသို့ ထုတ်ချေးပြီးဖြစ်ကြောင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်က ရှင်းပြသည်။ SME လုပ်ငန်းများအတွက် ချေးငွေကျပ် တစ်ဆယ် ဘီလီယံကို လုပ်ငန်းရှင် ၆၂ ဦးသို့ ထုတ်ချေးပေးခြင်းသည် ၉၅ ရာခိုင်နှုန်းကျော်သော SME လုပ်ငန်းများ၏ ပမာဏနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား