img.emoticon { padding: 0; margin: 0; border: 0; }

Thursday, August 29, 2013

မြန်မာ့တပ်မတော်က ပြည်ပတက္ကသိုလ်များသို့ ပညာသင်စေလွှတ်ထားသူ ၁၀၈၃၆ ဦးကျော် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ပြောကြား

မြန်မာ့တပ်မတော်က ပြည်ပတက္ကသိုလ်များသို့ ပညာသင်စေလွှတ်ထားသူ ၁၀၈၃၆ ဦးကျော် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်က ပြောကြားသည်။ သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကြီးက တပ်မတော်သားများမှ အရာရှိစစ်သည်တို့သည် ပညာရေး မြင့်မားသူများ၊ ဘွဲ့ရသူများတွင် မဟာဘွဲ့အတွက် အရည်အချင်း ပြည့်မီသူများရှိရာ ဘွဲ့လွန်ဒီဂရီများကို အခြားနိုင်ငံ ဝန်းထမ်းများကဲ့သို့ တက်ရောက်သင်ယူခွင့် ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိကို မေးမြန်းရာ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာ တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ် စသော ဗိုလ်သင်တန်းကျောင်း အသီးသီးမှ မဟာအဆင့်မီသူများကို သက်ဆိုင်ရာဘွဲ့လွန် သင်တန်းများသို့ တက်ရောက်စေလျက်ရှိကြောင်း ဗိုလ်ချုပ်ကျော်ညွှန့်က ပြောကြားသည်။ ပြည်တွင်းပြည်ပ တက္ကသိုလ်များတွင် တပ်မတော်သားများထဲမှ Ph.D နှင့် မဟာဘွဲ့ရသူ ၈၆၄၁ ဦးနှင့် Ph.D နှင့် မဟာဘွဲ့တက်ရောက်ဆွဲ ၂၁၈၇ ဦးရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ သို့သော် မည်သည့် နိုင်ငံများသို့ စေလွှတ်ထားသည်ကိုမူ ၎င်းက ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်ခရီးစဉ်အတွင်း မြန်မာ့တပ်မတော်မှ အရာရှိ ၃၀ ဦးကို စစ်ပိုင်းဆိုင်ရာနှင့် လူ့အခွင့်အရေး သင်တန်းများပေးရန် ဗြိတိန်စစ်ဦးစီးချုပ်နှင့် သဘောတူထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား