img.emoticon { padding: 0; margin: 0; border: 0; }

Saturday, August 31, 2013

ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို (၂၈)ရက် ကျင်းပနိုင်ခဲ့ပြီး ယနေ့ အစည်းအဝေး နံနက် ပိုင်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီး

နေပြည်တော် သြဂုတ် ၃ဝ ယနေ့ ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်း အဝေး(၂၈) ရက်မြောက်နေ့ကိုအစီအစဉ် (၁၁)ခုဖြင့် ကျင်းပရာ မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦး၏ လွှတ်တော် ကိုယ်စားလှယ် ရုံးများတွင် လက်စွဲ အသုံးပြုနိုင်ရန် စာအမှတ်များ၊ တံဆိပ်တုံးများ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ရေး ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော် ကိုယ်စားလှယ်ရုံးများတွင် လက်စွဲ အသုံးပြုနိုင်ရန် အတွက် စာအမှတ်များ၊ တံဆိပ်တုံးများ တစ်ပြေးညီ သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပြီး ကော်မရှင်၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လည်းကောင်း၊ တိုင်တန်းထားသော မဲဆန္ဒရှင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ရပ်တည် ကာကွယ်ပေးရန်အတွက် လည်းကောင်း၊ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု လွှတ်တော် နာယကထံ နှစ်ကြိမ်တိုင်တိုင် ရေးသားအကြံပြုခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ရာတွင် ဥပဒေကို စီမံခန့်ခွဲမှုပြုရန် တာဝန်ရှိသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းကသာ ယင်းဥပဒေကြမ်းကို တင်သွင်းရန် အကြံပြုသဖြင့် ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁ဝဝ၊ ပုဒ်မခွဲ(က) နှင့်အညီ ဥပဒေကြမ်းကို ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်သို့ တရားဝင် အဆိုဖြင့် မတင်သွင်းမီမှာပင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီကလည်း တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့ပြီး ၆-၁၁-၂ဝ၁၂ ရက်တွင် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး၌ တရားဝင် အဆိုပြု တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းဥပဒေကြမ်း အပေါ် ပြင်ဆင်ချက် အဆို တင်သွင်းလိုသူများကို ၁၆-၁၁-၂ဝ၁၂ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရန် လွှတ်တော်က ဖိတ်ခေါ် ကြေညာခဲ့ရာ အဆို တင်သွင်းလိုသူ (၇)ဦး ရှိခဲ့ကြောင်းကိုလည်း သိရှိရ ပါကြောင်း။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၈ ပုဒ်မခွဲ(က)နှင့် (ဂ)တို့ပါ ပြဋ္ဌာန်းချက်များ အရ လွှတ်တော်သို့ တင်သွင်း လာသော ဥပဒေတစ်ရပ်ကို ဆွေးနွေး ဆုံးဖြတ်ပေးရမည် ဖြစ်ပြီး ယင်းသို့ ဆွေးနွေးဆုံးဖြတ် အတည်ပြုသည့် (သို့မဟုတ်) ပြင်ဆင်ချက်နှင့် အတည်ပြုသည့် ဥပဒေကြမ်းကို အခြားလွှတ်တော် အမျိုးသားလွှတ်တော် တစ်ရပ်သို့ ပေးပို့ရမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ၂၃-၈-၂ဝ၁၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်းအား ဆိုင်းငံ့ထားသင့်ကြောင်းကို ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းပြီး လွှတ်တော်က ဆိုင်းငံ့ ထားရန် အတည်ပြု ဆုံးဖြတ်ခဲ့ပါကြောင်း။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဥပဒေကြမ်းကို ဆိုင်းငံ့ထားရန် အဓိက အကြောင်းပြချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ (ခ)ပါ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်တန်း ခွင့်ရှိသော ပြဋ္ဌာန်းချက်သည် ရှုံးနိမ့်သည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများက စည်းရုံးပြီး ဆောင်ရွက် လာနိုင်သောကြောင့် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်များ အကြား မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ် လာနိုင်ကြောင်းနှင့် Right to Recall အခွင့်အရေးကို မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက ကျင့်သုံးခြင်းမှာ အခြား ဒီမိုကရေစီ နိုင်ငံများတွင် မရှိသဖြင့် အခြေခံ ဥပဒေပုဒ်မ ၃၉၆ ပုဒ်မခွဲ(ခ)ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီက ဆန်းစစ် လေ့လာမှုပြုရန် လိုအပ်နေကြောင်း အကြောင်းပြ ချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာဆန်းစစ်မှု ပြုနေစဉ် ကာလအတွင်း ယင်း ဥပဒေကြမ်းကို ဆိုင်းငံ့ ထားရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရ ပါကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းခဲ့သော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လေ့လာကြည့်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ (ခ)အရ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ၌ အနည်းဆုံး တစ်ရာခိုင်နှုန်းက တိုင်တန်းချက်ကို ကော်မရှင် သို့တင်ပြရန် အခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ပါရှိသော်လည်း ယင်းသို့ တိုင်တန်းသည်နှင့် တစ်ပြိုင်နက် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းသည် မဟုတ်ဘဲ ဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးမည် ဖြစ်ပါကြောင်း၊ ကာယကံရှင် ကိုယ်စားလှယ်ကလည်း ခုခံချေပခွင့် ရှိကြောင်း၊ တိုင်ကြားချက် မမှန်ကန်ပါက ပယ်မည်ဖြစ်ပြီး မှန်ကန်မှုရှိလျှင်ပင် သက်ဆိုင်ရာ မဲဆန္ဒနယ်၌ ဆန္ဒမဲပေးပွဲ ထပ်မံ ပြုလုပ်ပြီး ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ အတည်ပြု ဆုံးဖြတ်ရမည် ဖြစ်ကြောင်းကို ဥပဒေကြမ်း ပြုစုထားခြင်း ဖြစ်ပါကြောင်း။
သို့ဖြစ်၍ တိုင်တန်းခွင့်ရှိသူ အရေအတွက်ကိုသာ အခြေခံဥပဒေနှင့် အညီ တစ်ရာခိုင်နှုန်း သတ်မှတ်ထား သော်လည်း နောက်ဆုံး အဆုံးအဖြတ်ပြုရာမှာ ၅ဝ ရာခိုင်နှုန်းကျော် Majority Board ဖြင့် ဒီမိုကရေစီ နည်းလမ်းကျ ဆုံးဖြတ် အတည်ပြုမည် ဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ရန် အခြေခံ ဥပဒေပုဒ်မ ၁ဝဝ(က)နှင့် အညီ ဥပဒေကြမ်း တင်သွင်းပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်သည် အခြေခံဥပဒေ ပုဒ်မ ၃၉၇ အရ လွှတ်တော် ကိုယ်စားလှယ်များ ထံမှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းရမည်ဟု ဖော်ပြထားပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ တာဝန် ပေးချက်အရ ပြည်သူ့ လွှတ်တော်သည်လည်း အခြေခံဥပဒေ ပုဒ်မ ၁၃၈(က)(ဂ) တို့နှင့် အညီ ဥပဒေကြမ်းကို အတည်ပြု ဆောင်ရွက်ရန် ပြဋ္ဌာန်းထားရှိပြီး ဆိုင်းငံ့နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း၊ သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာသော အားဖြင့်လည်းကောင်း၊ မဲဆန္ဒရှင် နိုင်ငံသား များ၏ အခြေခံ ရပိုင်ခွင့်ကို အလေးထားသော အားဖြင့်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆက်လက် ဆွေးနွေး အတည်ပြု ပေးပါရန် အကြံပြုအပ် ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။
''အခု ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြီးတော့ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့တဲ့ စာမှာ ပြည်သူလူထု ထဲကနေ ပြီးတော့ ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းချင်တယ် ဆိုတဲ့ကိစ္စတွေ ရှိနေတယ်ပေါ့။ အဲဒါတွေကို ဆောင်ရွက်ဖို့ဆိုရင် ဥပဒေရှိမှ ဖြစ်မယ်။ တစ်ရာခိုင်နှုန်း ဆိုတာကလဲ တိုင်ကြားသူ အရေ အတွက်သာ ဖြစ်ပြီးတော့ ဆုံးဖြတ်ခွင့် အရေအတွက် မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့က ပြည်သူ လူထုရဲ့ ရပိုင်ခွင့်တွေကို အခြေခံ ဥပဒေအရ အာမခံတဲ့ဟာကို ဟန့်တားအောင် လုပ်ဖို့ မသင့်သလို၊ နှောင့်နှေးအောင် လုပ်ဖို့ မသင့်ဘူးလို့ ထင်တယ်။ ကျွန်တော့် အနေနဲ့ ပြောရမယ် ဆိုရင်တော့ ကော်မရှင် လုပ်တာက မျှတပါတယ်။ ဒါကို တိုင်ကြားပြီးလို့ စုံစမ်းတဲ့ အခါမှာလည်း ဥပဒေနဲ့အညီ စုံစမ်းရမယ်။ အခု ပြုစုမယ့် ဥပဒေနဲ့ အညီ စုံစမ်းရမယ်။ ဒီကိုယ်စားလှယ်မှာ အပြစ်ရှိပါတယ် ဆိုတာကိုလည်း ထပ်ပြီးတော့ မဲဆန္ဒရှင် ပြည်သူတွေက မဲပေးရဦးမယ်။ အဲဒီအချိန်မှာ ၅ဝ ရာခိုင်နှုန်းကျော် ဆိုတာက မျှတတယ်လို့ ထင်ပါတယ်'' ဟု သီပေါ မဲဆန္ဒနယ်မှ ဦးရဲထွန်းက ပြောပြခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြားရာတွင် ပြည်သူ့ လွှတ်တော်၏ အဓိက တာဝန်ဖြစ်သော မေးခွန်းများ မေးမြန်း ဖြေကြားခြင်း၊ အဆိုများ တင်သွင်းခြင်းနှင့် ဥပဒေကြမ်းများကို အတည်ပြု ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ သာမန်အားဖြင့် မေးခွန်း များသည် အရေးမကြီးဟု ထင်စရာ ရှိသော်လည်း ပြည်သူလူထု၏ လိုလား တောင့်တချက်များ၊ တစ်နည်း အားဖြင့် ပြည်သူများ၏ အသံများကို ဒီမိုကရေစီ နည်းလမ်းဖြင့် ဖော်ဆောင်နေကြခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းခဲ့သော မေးခွန်းအပေါ် မူတည်၍ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ တရားစီရင်ရေး အဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် ဖြေကြားပေးရခြင်း၊ အကောင်ထည်ဖော် ဆောင်ရွက် ပေးရခြင်းများကို ဝမ်းမြောက်စွာ တွေ့ရမည် ဖြစ်ပါကြောင်း။
မေးခွန်းများကို ဖြေကြားပြီး အဖြေပေါ် မူတည်၍ ကတိဖြစ်လာပါက လုပ်ဆောင်ပေးရခြင်းများ ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတွင် ယနေ့အချိန်ထိ ကတိကဝတ် ဖြစ်ပြီး ကြယ်ပွင့်ပြ မေးခွန်း(၄၄ဝ)၊ ဆောင်ရွက်ရန်ကျန် (၁၇၂)ခု၊ ကြယ်ပွင့်မပြ မေးခွန်း(၈၈၄)ခု၊ ဆောင်ရွက်ရန်ကျန် (၆၈၂)ခု၊ အတည်ပြုအဆို (၇၅)ခု၊ ဆောင်ရွက်ရန်ကျန် (၃ဝ)ဖြစ် ကြောင်းကို အစီရင်ခံစာတွင် တွေ့ရှိရပါကြောင်း။
လွှတ်တော်တွင် မေးလာသော မေးခွန်းများမှာ ကိုယ်စားလှယ် ကြီးများ၏ ဒေသနှင့် မြန်မာပြည် တလွှား ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများကို ဖော်ပြနေခြင်းဖြစ်၍ သက်ဆိုင်ရာသို့ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် မေးမြန်းနေရခြင်း ကိုလည်း သဘောပေါက် လက်ခံပါကြောင်း။
သို့ဖြစ်၍ ကိုယ်စားလှယ်တိုင်း၏ မေးခွန်းများကို မေးမြန်းခွင့် ရရှိစေလိုပါကြောင်း၊ အားလုံးအတွက် မျှမျှတတ ဖြစ်စေရန် ရှေးရှုပြီး ကိုယ်စားလှယ်များ ကျင့်ဝတ်၊ စည်းကမ်းများနှင့် အချိန်ပိုယူမှု မရှိစေရေး အတွက် စိတ်မကောင်းစွာဖြင့် သတိ ပေးခဲ့ရသည်များလည်း ရှိခဲ့ရပါကြောင်း။
ယခုသတ္တမပုံမှန် အစည်းအဝေးတွင် မေးခွန်းပေါင်း(၁၂၆၂)ခု ရှိခဲ့ပြီး ကြယ်ပွင့်ပြ(၄၄၂)ခု အနက် ဖြေကြားပြီး ကြယ်ပွင့်ပြ(၂၅၁)ခု ရှိ၍ တစ်ဝက်ကျော်သာ မေးမြန်းဖြေကြားခွင့် အခွင့်အရေးများ ရှိခဲ့ပါကြောင်း၊ ကြယ်ပွင့် မပြ (၈၂ဝ) အနက် ဖြေကြားပြီး(၅၃၂)ခု ဖြစ်၍ သုံးပုံနှစ်ပုံသာ ဖြေကြားနိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိ ရပါကြောင်း။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မေးလာသော မေးခွန်းများကို မျှမျှတတ မေးမြန်းခွင့် ရရှိရေးသည် သတ်မှတ် ထားသော စည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာပြီး အခွင့်အရေး ပိုယူသည့် အဖြစ်မျိုး မရောက်ရှိစေရန် အချိန်ကို လေးစား တန်ဖိုးထားရမည်ကို ဖော်ပြနေပါကြောင်း၊ အဆိုအနေနှင့် ရောက်ရှိပေးပို့ လာသော (၁၂)ခု၊ အရေးကြီး အဆို(၃)ခု ဖြစ်၍ စုစုပေါင်းအဆို (၁၅)ခု ရှိပါကြောင်း၊ ယင်းတို့ အထဲမှ မေးခွန်း ပြောင်း(၃)ခု၊ ရုပ်သိမ်း(၂)ခု၊ ရရန်ကျန် (၄)ခု၊ အသင့်ဖြစ် (၁)ခု ဖြစ်ပါကြောင်း။
တင်သွင်း အဆို(၅)ခုမှာ အတည်ပြု အဆို(၃)ခု၊ မှတ်တမ်းတင် အဆို(၂)ခု ဖြစ်ပါကြောင်း၊ အတည်ပြု အဆို (၂)ခု၊ မှတ်တမ်းတင် အဆို(၁)ခု၊ မေးခွန်း(၁)ခု စုစုပေါင်း(၄)ခုကို နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ အဖြစ် ပေးပို့နိုင်ခဲ့ပါကြောင်း၊ ဥပဒေကြမ်း အနေဖြင့် ယခုကာလအတွင်း ဆွေးနွေးရန် (၃၈)ခု ရှိပြီး ဆွေးနွေးနိုင် သည်မှာ (၂၈)ခု၊ ပြီးပြတ်သည်မှာ (၁၆)ခု၊ ပြီးပြတ်ရန် ကျန်ရှိသည်မှာ (၁၂)ခုနှင့် ဆွေးနွေးရန် ကျန်(၁ဝ)ခု ရှိပါကြောင်း။
ယခု ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးအတွင်း အနည်းအကျဉ်းသော မပြောပ လောက်သည့် အားနည်းချက်များမှ အပ လွှတ်တော် ကိုယ်စားလှယ်များသည် ပူးပေါင်း ဆောင်ရွက်မှုများဖြင့် တာဝန်ကျေစွာ ထမ်းဆောင်ခဲ့ကြသည့် အတွက် ဥက္ကဋ္ဌ အနေဖြင့် ကျေနပ်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။
လွှတ်တော် ရပ်နားချိန်တွင် ကျန်းမာရွှင်လန်းစွာဖြင့် မိမိမဲဆန္ဒရှင် ပြည်သူများထံသို့ သွားရောက်ပြီး ပြည်သူ့အသံကို နားထောင်ခြင်း၊ ပြည်သူ့ အခက်အခဲနှင့် လိုအပ်ချက်များကို မြင်အောင် ကြည့်ပြီး ပြည်သူ့ လိုအပ်ချက်များကို ဆောင်ရွက်ကြရန် တစ်လခန့် အကြာတွင် ပြန်လည် ကျင်းပမည့် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ကျန်းမာ ရွှင်လန်းစွာ ပြန်လည် တွေ့ဆုံကြရန် ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။
ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို (၂၈)ရက် ကျင်းပနိုင်ခဲ့ပြီး ယနေ့ အစည်းအဝေး နံနက် ပိုင်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးသွားသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား