Samsung ကတော့ လုပ်ချလိုက် ပြန်ပါပြီ။ Samsung ဟာ ယင်းတို့ရဲ့ အဆင့်မြင့် နည်းပညာ ပစ္စည်းများကို ဦးဦးဖျားဖျား ထူးထူးခြားခြား ဖြစ်စေအောင် ဖန်တီးတဲ့ နေရာမှာ နာမည်ကျော်ပါတယ်။ ဆန်းသစ်တီထွင်ဖို့ ဝန်လေးခြင်း မရှိတဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ယခု အခါမှာလည်း LG ရဲ့ စတိုင်ကျပြီး လှပတဲ့ G Watch R စမတ်နာရီ ကို မိတ်ဆက်ပြသပြီး တစ်ပတ်အကြာမှာ Samsung ကလည်း သူ့ထက်သူ လူစွမ်းကောင်း ဖြစ်ကြောင်းကို Gear S စမတ်နာရီကို မိတ်ဆက်ပြသပြီး သက်သေထူလိုက်ပါတယ်။
Gear S ဟာ လက်ရှိ ဈေးကွက်ထဲက Samsung ရဲ့ Gear စီးရီး စမတ်နာရီတွေထက် ပုံစံဒီဇိုင်းအရကော၊ နည်းပညာပိုင်းပါ များစွာ အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ အခြား တစ်ဖက်မှာလည်း Gear S ဟာ စမတ်နာရီတွေကို လူအများက တွင်တွင်ကျယ်ကျယ် လက်ခံသုံးစွဲဖို့ မဖြစ်လာသေတဲ့ အချိန်မှာ Samsung ရဲ့ ကောင်းနိုးရာရာတွေ စုစည်းပြီး လက်တည့်စမ်းလိုက်တဲ့ သဘောလည်း ရှိနေပါတယ်။
အထူးခြားဆုံး အချက် ၂ ချက်ကို ပြောပါဆိုရင် Gear S ရဲ့ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ 3G ကွန်ယက် ချိတ်ဆက်မှုဖြင့် သင်၏ စမတ်ဖုန်းအား အနီးအနားတွင် ထားရှိရန် မလိုပဲ သီးသန့် အသုံးပြုနိုင်တဲ့ အချက်များကို ပြောရပါလိမ့်မယ်။ ဒါပေမယ့် Samsung ရဲ့ အဆိုအရ Gear S ဟာ သင့်ရဲ့ စမတ်ဖုန်းကို အစားထိုးဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ လုပ်ဆောင်ချက် အများစုကို နာရီပေါ်မှတဆင့် ဆောင်ရွက်နိုင်မှာဖြစ်လို့ ဖုန်းကို အိမ်မှာမေ့ကျန်ခဲ့ရင်တောင် အရေးကြီးတဲ့ အီးမေးလ်တို့၊ ဖုန်းခေါ်ဆိုမှုတို့ကို လွဲချော်စရာ မရှိတော့ပါဘူး။ GPS နဲ့ လမ်းညွှန်စနစ်ကိုတောင် အသုံးပြုနိုင်ပါတယ်။
ပုံစံဒီဇိုင်းပိုင်းမှာတော့ Gear S ဟာ ထိပ်တန်းအဆင့်ပါပဲ။ လက်ရှိ စမတ်နာရီတွေထဲမှာ အလှပဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ၂ လက်မအရွယ် ကွေးညွှတ် OLED မျက်နှာပြင်ဟာ ပုံထွက်အရေအသွေး လွန်စွာကောင်းမွန်ပြီး ရုပ်ထွက်ကြည်လင် ပြတ်သားပါတယ်။ ရေစိမ်ခံသလို လေးလေးပင်ပင် ရှိပြီး အဖြူရောင်နဲ့ အနက်ရောင် ၂ မျိုးကို ရွေးချယ်ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။ Gear S ရဲ့ လက်ပတ်ကြိုးဟာ ကြီးမားကျယ်ပြန့်သလို ကွေးညွှတ်မျက်နှာပြင်ဟာ လက်ကောက်ဝတ်ပေါ်မှာ အံဝင်ခွင်ကျ ရှိနေမှာဖြစ်လို့ ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။
အတွင်းမှာတော့ 1 GHz ပရော်ဆက်ဆာ ထည့်သွင်းပေးထားလို့ Gear S ကို အသုံးပြုရတာ၊ App တွေ အသုံးပြုရတာ လျင်မြန်သွက်လက်ပြီး တုန့်ပြန်မှု ကောင်းမွန်ပါတယ်။ 300 mAh အားရှိတဲ့ ဘက်ထရီက ၂ ရက်တာ အသုံးပြုမှုအတွက် လုံလောက်ပါတယ်။
မှန်ပါတယ်။ Gear S ဟာ သင့်ရဲ့ စမတ်ဖုန်းနဲ့ 3G၊ WiFi နဲ့ Bluetooth ကွန်ယက်ချိတ်ဆက်မှု နည်းပညာများ အသုံးပြုပြီး ချိတ်ဆက်နိုင်တာကြောင့် အဆက်အသွယ် ပြတ်တောက်သွားမှာ ပူစရာမလိုတော့ပါဘူး။ Gear S မှာ Samsung ရဲ့ မူပိုင် ဖန်တီးမှုဖြစ်တဲ့ Tizen OS ကို အသုံးပြုထားပါတယ်။ လက်ရှိအချိန်မှာ Gear S စမတ်နာရီနဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ App ပေါင်း ၁၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။ ဒါဟာ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပေမယ့် အစကောင်းနေတာတော့ သေချာပါတယ်။
အထူးသဖြင့် App တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ စမတ်ဖုန်း အနီးအနားမှာ မရှိတဲ့ အချိန်မှာ သီးသန့်သုံးစွဲလို့ ရနိုင်ပါမယ်။ အရမ်းကို အဆင်ပြေ လွယ်ကူပါတယ်။ အားကစားဆိုင်ရာ App တွေကို ဖုန်းမပါပဲနဲ့ သုံးလိုရမှာကတော့ အလွန်အဆင်ပြေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Gear Manager App ကိုတော့ စမတ်ဖုန်းပေါ်မှတဆင့် အသုံးပြုရ ပါလိမ့်မယ်။ နောက်ပြီး Gear S ရဲ့ မျက်နှာပြင်အကျယ်ဟာ ၂ လက်မသာ ရှိတာကြောင့် QWERTY ပါလင့်ကစား စာရိုက်ဖို့တော့ အတော်ခက်ပါလိမ့်မယ်။ အဲဒီအချိန်မှာတော့ သင့်အနေနဲ့ သင့်ရဲ့စမတ်ဖုန်းကို တမ်းတမိမှာ အသေအချာပါပဲ။
Gear S ဟာ လက်ရှိ ဈေးကွက်ထဲက စမတ်နာရီတွေထက် စွမ်းဆောင်ရည်ပိုင်း များစွာသာလွန်သလို လုပ်ဆောင်ချက် ပိုမိုစုံလင်တာလည်း သေချာပါတယ်။ စမတ်ဖုန်း မလိုပဲ သီးသန့်သုံးစွဲလို့ ရနိုင်တဲ့ ရှားပါးစမတ်နာရီပါ။ Pebble Steel တို့ Moto 360 တို့လို့ Fancy ဖြစ်တဲ့ နာရီတစ်လုံးထက် လက်ပတ် ကွန်ပြူတာ အသေးစား တစ်လုံးနဲ့ တူညီပါတယ်။ ဒါဟာ လက်တွေ့မှာတော့ Gear S ရဲ့ လုပ်ဆောင်ချက်တွေနဲ့ လိုက်လျောညီထွေ ရှိတဲ့ ပုံစံဒီဇိုင်းပါပဲ။ Gear S ဟာ စမတ်နာရီတွေ တစ်ခေတ်ဆန်းစေဖို့ အစပျိုးပေးခဲ့ပါပြီ။
Samsung အနေနဲ့ Gear S ကို အောက်တိုဘာလ အတွင်းမှာ ကိုရီးယားဈေးကွက်မှာ စတင်ရောင်းချ သွားမှာဖြစ်ပြီး ကျန်ဈေးကွက်များရဲ့ အေခြေအနေကိုတော့ မသိရှိရသေးပါဘူး။ရှိသေးပေမယ့် ဒေါ်လာ ၂၅၀ ပတ်ဝန်းကျင်တော့ ကျသင့်ဖွယ် ရှိနေပါတယ်။
Credit:Myanmar Consumer Guide
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား