img.emoticon { padding: 0; margin: 0; border: 0; }

Friday, September 12, 2014

ဝန်ကြီးဌာနလေးခု ကန်ဒေါ်လာ ၂၄၅ သန်းနှင့် ယူရိုသန်း ၂၀ ချေးရန် လွှတ်တော်သို့ သဝဏ်လွှာ...


The Voice Weekly's Facebook Wall
ဝန်ကြီးဌာနလေးခု ကန်ဒေါ်လာ ၂၄၅ သန်းနှင့် ယူရိုသန်း ၂၀ ချေးရန် လွှတ်တော်သို့ သဝဏ်လွှာပို့

နေပြည်တော်၊ စက်တင်ဘာ ၁၂

ဝန်ကြီးဌာန လေးခုအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အမေရိကန်ဒေါ်လာ ၂၄၅ သန်းနှင့် ယူရို သန်း ၂၀ ချေးယူရေး စက်တင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ဝန်ကြီးဌာနများမှာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ကမ္ဘာ့ဘဏ်က ဝန်ဆောင်ခ တစ်နှစ်လျှင် ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မပိုသောနှုန်းဖြင့် ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ် သတ်မှတ်ထားပြီး အတိုးမဲ့ချေးငွေ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်း ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည် ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေး စောင့်လျှောက်မှု အဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည် ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ကိုရီးယားနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) မှ ကန်ဒေါ်လာ ၄၅ သန်းကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆက်ကာလ နှစ် ၄၀ ဟု သတ်မှတ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

ယင်းငွေဖြင့် လူစီးရထားတွဲသစ် ၁၀၀ ကို ဝယ်ယူရန်နှင့် ရထားလမ်းများ ပြင်ဆင်ဖောက်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် အီတလီနိုင်ငံ အစိုးရထံမှ ယူရို ၂၀ သန်းကို ဝန်ဆောင်ခ ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ၂၈ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ် နှုန်းထားဖြင့် ချေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယင်းချေးငွေဖြင့် ကချင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းရှိ မြို့နယ် (၅) မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၅ (ခန့်မှန်း) ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမြင့်သိန်းက ဆိုသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား