img.emoticon { padding: 0; margin: 0; border: 0; }

Monday, September 15, 2014

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရာတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရာတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းဘ...
Eleven Media Group's Facebook Wall / Eleven Media Group / 2 hours ago

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရာတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များကိုသာ ၀န်ဆောင်မှုပေးရန် သတ်မှတ်ထားပြီး ပြည်တွင်းလုပ်ငန်းရှင် ၇၀၀၀၀ ခန့်က ငွေချေးလိုပါက ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံခြားဘဏ်များထံမှ ငွေချေးယူနိုင်ရန် စီမံထား

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရာတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်း ဘဏ်များကိုသာ ငွေကြေးဝန်ဆောင်မှုပေးရမည်ဆိုသော်လည်း ပြည်တွင်းရှိ လုပ်ငန်းရှင် ၇ဝဝဝဝ ခန့်မှ နိုင်ငံခြားဘဏ်များမှ ချေးငွေရယူလိုပါက ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံခြားဘဏ်များထံမှ ငွေချေးယူနိုင်ရန် စီမံထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌ ဒေါက်တာဆက်အောင်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

နိုင်ငံခြားဘဏ်များ ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပြုရာတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဘဏ်များအတွက်သာ အကျိုးဖြစ်ထွန်းမည်ဟု ဝေဖန်မှုများရှိနေသည်။ ထို့ပြင် ပြည်တွင်း၌ ငွေကြေးအင်အားတောင့်တင်းမှုမရှိသည့် ဘဏ်များအတွက် ထိခိုက်မှုများရှိနိုင်ကြောင်း ဝေဖန်မှုများရှိနေကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံခြားဘဏ်များအား ဘဏ်ခွဲအများအပြား ဖွင့်လှစ်ခွင့်မပြုခြင်း၊ ပြည်တွင်းဘဏ်များအတွက် ဂယက်ရိုက်မှုမဖြစ်စေရန် အခြားသောနိုင်ငံများနည်းတူ ကန့်သတ်မှုများဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာဆက်အောင်က ပြောကြားသည်။

“နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လုပ်ခွင့်ပေးပြီး နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေကိုပဲ ဝန်ဆောင်မှုပေးရမယ် မြန်မာကုမ္ပဏီတွေကို လုံးဝထောက်ပံ့မှုမပေးရဘူးဆိုတော့ မြန်မာကုမ္ပဏီတွေက မကျေနပ်ကြဘူး။ မြန်မာကုမ္ပဏီတွေက ၆ဝဝဝဝ ကျော် ၇ဝဝဝဝ လောက်ရှိတယ်။ သူတို့ကလည်း နိုင်ငံခြားဘဏ်တွေကနေ ငွေချေးချင်ကြတယ်။ ဒီလိုငွေချေးချင်တာကို မချေးရဘူးပြောတဲ့အခါကျတော့ လုပ်ငန်းရှင်တွေက မကြိုက်ကြဘူး။ ဘဏ်လုပ်ငန်းရှင်တွေကတော့ ကြိုက်ပါတယ်။ တခြားလုပ်ငန်းရှင်တွေကတော့ မကြိုက်ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လိုလုပ်လိုက်တယ်။ နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေ Corporate Banking လုပ်ရမယ်။ Corporate Banking လုပ်ပြီးရင် တခြားနိုင်ငံတွေမှာ လုပ်သလိုပဲ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေချေးနိုင်ပါမယ်”ဟု ဒေါက်တာဆက်အောင်က ပြောကြားသည်။

ထိုသို့ နိုင်ငံခြားဘဏ်များအား အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပြုခြင်း၊ ပုဂ္ဂလိကဘဏ်များအတွက်သာ ချေးငွေထုတ်ပေးစေခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအတွက် ချေးငွေရယူလိုပါက ပြည်တွင်းဘဏ်များမှ တစ်ဆင့် ချေးငွေရယူနိုင်ခြင်းစသည့်အချက်များမှာ မျှတမှုရှိသောWin- Win Situation တစ်ခုသာဖြစ်ပြီး နိုင်ငံခြားဘဏ်များကလည်း နှစ်ခြိုက်မှုရှိကြောင်း ဒေါက်တာဆက်အောင်က ဆက်လက်ပြောကြားသည်။

နိုင်ငံခြားဘဏ်များ မ,တည်ငွေအဖြစ် တင်ပြရမည့် အမေရိကန်ဒေါ်လာ ၇၅ သန်း မှ ရာခိုင်နှုန်း ၇ဝ အား လုံးဝအသုံးမပြုဘဲ ချန်လှပ်ထား၍ ဘဏ်ခွဲတစ်ခုသာ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များကိုသာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးခြင်းများဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာဆက်အောင်က ဆက်လက်ပြောကြားသည်။

နိုင်ငံခြားဘဏ်များသည် လက်ရှိအခြေအနေအရ မလုပ်၍မဖြစ်သော အခြေအနေများဖြစ်ပေါ်နေပြီး နိုင်ငံခြားဘဏ်များသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်းကို မ,တည်ငွေရင်းအဖြစ် ယူလာရမည်ဖြစ်ကြောင်း ဒေါက်တာဆက်အောင်က ပြောကြားသည်။

နိုင်ငံခြားဘဏ်များမှ မ,တည်တင်ပြရမည့် ၇၅ သန်း၏ ရာခိုင်နှုန်း ၇ဝ ကို Lock in လုပ်ထားရမည်ဆိုသည့်အချက်များကို မလုပ်မဖြစ် လုပ်ရမည်ဖြစ်ပြီး ယင်းအချက်များကို သွေဖည်သွားမည်ဆိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များကို လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည့်အစီအစဉ်များကို ချမှတ်ထားကြောင်း ဒေါက်တာဆက်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ ဘဏ်များသည် အစိုးရ နှင့် ခရိုနီများသာ ပိုင်ဆိုင်ထားသည်။ နိုင်ငံ ခြားဘဏ်များအား ပြည်တွင်း၌ စတင်ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့စဉ်က ပြည်တွင်းလုပ်ငန်းရှင်များအား ဘဏ်များမှတစ်ဆင့် ငွေထုတ်ချေးပေးမည့်အစီအစဉ် ပါဝင်မှုမရှိဘဲ လက်တလောတွင်မှသာ တစ်ဆင့်ခံဖြင့် ချေးယူနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့တစ်ဆင့်ခံဖြင့် ချေးယူနိုင်သည့်အတွက် တိုးတက်လာသည်ဟုဆို နိုင်သော်လည်း တိုက်ရိုက်ချေးယူခွင့်ရမည်ဆိုပါက အတိုးနှုန်းသက်သာခြင်း၊ လုပ်ငန်းတွင်ကျယ်ခြင်း စသည့် အကျိုးရလဒ်များ ရရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက စက်တင်ဘာ ၁၅ ရက်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အာဆီယံနိုင်ငံအများစုအပါအဝင် နိုင်ငံတကာဘဏ်တိုးနှုန်းများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်တိုးနှုန်း သတ်မှတ်ချက်ဖြစ်သည့် ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှာ အလွန်အမင်းများပြားနေပြီး အသေးစား အလတ်စားလုပ်ငန်းရှင်များမှာ ၂ဝ၁၅ တွင် စတင်မည့် အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရန် မလွယ်ကူဖြစ်နေကြောင်း၊ ဝေဖန်မှုများ ရှိနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိငွေဖောင်းပွမှုနှုန်းမှာ ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းအကြားသာ ရှိနေသည့်အတွက် လက်ရှိအတိုးနှုန်းမှာ မြင့်မားသည့် အတိုးနှုန်းဖြစ်နေကြောင်း၊ ထိုင်းနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ ၇ ရာခိုင်နှုန်းဝန်းကျင်နှင့် စင်ကာပူနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ ၅ ရာခိုင်နှုန်းကျော်သာ ရှိသေကြောင့်မြန်မာနိုင်ငံ၏ ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှာ များပြားနေကြောင်း သိရသည်။ ထို့ကြောင့် ချေးငွေရယူမည့် လုပ်ငန်းရှင်များနှင့် သွယ်ဝိုက်ခံစားရမည့်သူများ၊ ဆင်းရဲသားများအတွက် အကျိုးဖြစ်ထွန်းဖွယ်ရှိကြောင်း၊ ယခုအစီအစဉ်ကြောင့် ဘဏ်များသာ အကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိဘဏ်များအား အစိုးရ နှင့် ခရိုနီအများစုကသာ ပိုင်ဆိုင်ထားသည်။
“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍက အရေးအကြီးဆုံးပဲ။ အစိုးရအနေနဲ့ နိုင်ငံကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ဒီကဏ္ဍတွေကို ထိန်းချုပ်မှု မပြုထားဖို့လိုတယ်”ဟု ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

news-eleven.com
Visit website

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား