img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 19, 2014

အနာဂတ်ကာလတွင် နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များကို ကောက်ခံ ရရှိသော အခွန်ငွေအပေါ် ရပ်တည်ဆောင်ရွက်ကြရမည်ဖြစ် ပွင်းလင်းမြင်သာပြီး ရှင်းလင်းလွယ်ကူစွာ ထမ်းဆောင်နိုင်သော အခွန်ဥပဒေတစ်ရပ် ပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ


================================
နေပြည်တော် မတ် ၁၉

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင် (၂/၂၀၁၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ အစည်းအဝေးတွင် ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ပြည်ထောင်စု
လွှတ်တော်တွင် ပြင်ဆင်မှုများ ရှိသဖြင့် ပြင်ဆင်ထားသည့် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ကိုက်ညီအောင် ပြန်လည် ရေးဆွဲထားသော ၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုကြရန် ဖြစ်ပါကြောင်း။
စီမံကိန်းဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲတင်ပြသည့် အတွက် စီမံကိန်းဆိုင်ရာငွေလုံးငွေရင်းအသုံးစရိတ်များ အပြောင်း အလဲရှိခဲ့ပါကြောင်း၊ ထို့အတူ လွှတ်တော်ကော်မတီများ၏ စိစစ်ချက်များအရ ဌာနအချို့၏ သာမန်အသုံးစရိတ်များ တွင်လည်း လျှော့ချမှုများ ရှိခဲ့ပါကြောင်း၊ သို့ရာတွင် မူလ တင်ပြခဲ့သည့် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းပါ စုစုပေါင်း အသုံးစရိတ် ပမာဏကို များစွာပြောင်းလဲမှုမရှိခဲ့သည်ကို တွေ့ရပါကြောင်း။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသော ကဏ္ဍအလိုက်၊ ဒေသအလိုက်၊ စီမံကိန်း ရည်မှန်းချက်များကို မထိခိုက်စေဘဲ လျှော့ချသင့်သည့် အသုံးစရိတ်များကို စိစစ်လျှော့ချဖြတ်တောက်ခြင်းနှင့် အတူ ၎င်းဖြတ်တောက်ခဲ့သည့် အသုံးစရိတ်များကို အခြား လိုအပ်သည့် နေရာများတွင် ပြန်လည် အသုံးပြုနိုင်စေရန် လွှတ်တော် ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ညှိနှိုင်းဆောင်ရွက် ခဲ့ကြပါကြောင်း၊ နိုင်ငံတော်၏ စီမံကိန်းများ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူလူထု ဦးစားပေးလိုအပ်နေသည့် ကဏ္ဍများအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုတွင် ပြင်ဆင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

ယခင်တင်ပြခဲ့သည့် စာရင်းနှင့်နှိုင်း ယှဉ်ပါက သာမန် အသုံးစရိတ်အပိုင်းတွင် ကျပ် ၈၁၀၆ သန်းလျော့နည်းခြင်း၊ ငွေလုံးငွေရင်း အသုံးစရိတ် အပိုင်းတွင် ကျပ် ၄၂၂၁ သန်းတိုးလာခြင်း၊ သာမန်ရငွေအပိုင်းတွင် ကျပ် ၈၇၄၃ သန်းတိုးလာခြင်း၊ ငွေလုံးငွေရင်း ရငွေအပိုင်းတွင် ကျပ် ၃၄၉၉၂ သန်း လျော့နည်းခြင်း၊ ကြွေးမြီရငွေအပိုင်းတွင် ကျပ်သန်း ၂၀၀၀၀ တိုးလာခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အသားတင်သုံးငွေကျပ် ၃၈၈၅ သန်း လျော့နည်းသော်လည်း အသားတင်ရငွေ ကျပ် ၆၂၄၉ သန်း လျော့နည်းသည့် အတွက် ဘတ်ဂျက်လိုငွေ ကျပ် ၂၃၆၄ သန်းတိုးလာပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ရငွေများ၊ အသုံးစရိတ်များမှာ မိမိတို့ဘဏ္ဍာရေးကော်မရှင်က စိစစ်ပြီး ယခင်တင်ပြထားသည့် အနေ အထားအတိုင်းပြောင်းလဲခြင်း မရှိသော်လည်း ပြည်ထောင်စု၏ရငွေ၊ အသုံးစရိတ်တို့တွင် အပြောင်းအလဲ ရှိသည့်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်ရငွေအချိုး၊ သုံးငွေအချိုးတို့သည်လည်း အနည်းငယ် အပြောင်းအလဲရှိမည်ဖြစ်ပါကြောင်း။

အလျဉ်းသင့်၍ မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး (Public Financial Management Reform)များ ဆောင်ရွက်နေမှုကို အကျဉ်းချုပ် ရှင်းလင်းပြောကြား လိုပါကြောင်း။

ကမ္ဘာ့ဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ Public Financial Management(PFM) Reform Strategy ကို ရေးဆွဲခဲ့ပြီး ၎င်းမဟာဗျူဟာနှင့်အညီ လုပ်ငန်း စဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်ကိန်းဂဏန်းများကို အခြေခံ၍ တစ်နှစ်စာ အတွက်သာ လျာထားရေးဆွဲသည့် ဘတ်ဂျက် အခြေအနေမှ အစိုးရ၏မူဝါဒများကိုအခြေခံ၍ နှစ်လတ်ကာလ ဘဏ္ဍာရေး မူဘောင်ချမှတ်ပြီးရေးဆွဲသည့် ဘတ်ဂျက်ပုံစံ ဖြစ်လာစေရန်၊ နိုင်ငံတကာစံနှုန်းမီဘတ်ဂျက် ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း စီစဉ်သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုနှင့် ဘဏ္ဍာရေး တာဝန်ယူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် လည်းကောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို သုံးသပ်ဆောင်ရွက်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယခုလ ၆ ရက်နှင့် ၇ ရက်တို့တွင် လည်းကောင်းကျင်းပ ခဲ့ပါကြောင်း၊ ထိုအလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့များနှင့် လွှတ်တော်ကော်မတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါကြောင်း၊ ယင်းဆွေးနွေးပွဲရလဒ်များကို ဆက်လက်သုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြင်ဆင်ရေးဆွဲထားသော ၂၀၁၄ ခုနှစ် အမျိုးသား စီမံကိန်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်အညီ ပြင်ဆင်ရေးဆွဲ ထားသော ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)တို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်ပြောကြား ရာတွင် ယနေ့နိုင်ငံတော်၏ အမျိုးသားစီမံကိန်းများနှင့် လိုက်လျော ညီထွေဖြစ်အောင် ပြင်ဆင် လျာထားသော၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်း များကို ပြန်လည် အတည်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ပါကြောင်း။

ကျင်းပနေဆဲဖြစ်သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ရသုံးခန့်မှန်း ခြေငွေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပြီးပါက လာမည့် ဧပြီ ၁ ရက်မှစ၍ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့က ဦးဆောင်ပြီး ဘတ်ဂျက်ရည်မှန်းချက် များ ပြည့်မီအောင် စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု အဆင့်တွင် ဘတ်ဂျက်ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အကြား စနစ်ကျနပြီး ကောင်းမွန်ထိရောက်မှုရှိသည့် ဘဏ္ဍာငွေ ခွဲဝေမှုစနစ် ဖြစ်ပေါ်ရေး ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသို့လည်း တစ်နှစ်ထက်တစ်နှစ် ဘဏ္ဍာငွေများ တိုးတက်ခွဲဝေချထား ပေးလျက် ရှိပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ခွဲဝေရရှိသော ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အလေးထားမှာကြား လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ သာမန်အသုံးစရိတ်များ၊ ဒေသန္တရစီမံကိန်း နိုင်ငံပိုင်အခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အသုံးစရိတ်များကို တင်ပြရာတွင်လည်း အဆင့်ဆင့်စနစ်တကျ စိစစ်ဆောင်ရွက် ပေးကြရန် မှာကြားလိုပါကြောင်း။

ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဌာနအဖွဲ့အစည်းများအနေဖြင့် ခွဲဝေရရှိသော ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ အောက်ခြေအထိ ရောက်ရှိအောင် စနစ်တကျ ခွဲဝေသုံးစွဲနိုင်ရေး အတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ သို့မှသာ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် အတွက် လျာထားသော အမျိုးသားစီမံကိန်း ဥပဒေပါ ရည်မှန်းချက်များကို ပြည့်မီအောင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ဆက်လက်ပြီးနိုင်ငံတော်၏ အခွန်အကောက်ရ ငွေများ နှင့်ပတ်သက်ပြီး ပြောကြားလိုပါကြောင်း၊ အနာဂတ်ကာလတွင် နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိသော အခွန်ငွေအပေါ် ရပ်တည်ဆောင်ရွက် ကြရမည်ဖြစ်သည့် အတွက် ရသင့်ရထိုက်သည့် အခွန်အကောက် တိုးတက်ရရှိရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အခွန် ထမ်းပြည်သူလူထု အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပြည်သူ လူထုက လိုက်နာဆောင်ရွက်နိုင်သည့် ပွင့်လင်းမြင်သာပြီး ရှင်းလင်းလွယ်ကူစွာ ထမ်းဆောင်နိုင်သော အခွန်ဥပဒေ တစ်ရပ်ပေါ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေ ဖြင့်လည်း နိုင်ငံတော်၏ အခွန်ရငွေတိုးတက်ရရှိရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအနေဖြင့် ရငွေများတိုးတက် ရရှိအောင် ကြိုးပမ်းဆောင်ရွက် ကြရန်၊ အမျိုးသားစီမံကိန်းနှင့်အညီ ရေးဆွဲထားသော ဘဏ္ဍာငွေအရ အသုံးစာရင်းလျာထားချက်ကို ထိရောက်အကျိုးရှိအောင် ဆောင်ရွက်အကောင် အထည်ဖော်ကြရန်နှင့် အသုံးစရိတ်များကို သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသုံးစွဲပြီး စာရင်းစစ်ဆေးမှုကိုလည်း စနစ်တကျ ခံယူဆောင်ရွက်ကြရန် မှာကြား လိုပါကြောင်းဖြင့်ပြောကြားခဲ့သည်။
MOI Webportal Myanmar

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား