img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, March 25, 2014

ဘတ်ဂျက်နှင့် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

7daydaily


ရန်ကုန်မြို့လယ်တစ်နေရာတွင် ရုံးဆင်းလာသော အစိုးရ၀န်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))
ယခုနှစ် ဧပြီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ (ဘတ်ဂျက်) ဥပဒေကြမ်းတို့အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီး မကြာမီ ဥပဒေအဖြစ် ပြဋ္ဌာန်းမည်ဖြစ်သည်။
မတ်လ ၂၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အဆိုပါ ဥပဒေ နှစ်ခုအား အတည်ပြုရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူဆုံးဖြတ်ချက်ရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
အတည်ပြုလိုက်သော ဥပဒေအား ၀န်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် ဥပဒေအတိုင်း တိကျစွာ လိုက်နာကျင့်သုံးသွားရန် လိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
‘‘မနှစ်က ဘတ်ဂျက်မှာ တချို့ဝန်ကြီးဌာနတွေက ဥပဒေနဲ့မညီဘဲ လွဲမှားစွာ လုပ်ဆောင်ခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အချို့ထံက သိရပါတယ်။ ဒါကြောင့် ဒီနှစ်ဘတ်ဂျက်မှာ စနစ်တကျလုပ်ဖို့ လိုအပ်ပါတယ်’’ ဟု လွှတ်တော်နာယက ကပြောသည။်
ဝန်ကြီးဌာနအချို့သည် လွှတ်တော်မှ ဘတ်ဂျက်အား စိစစ်ဖြတ်တောက်မည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် ရည်ရွယ်၍ စီမံကိန်းအချို့ကို ကြိုတင်ဆောင်ရွက်ထားပြီး လာမည့်နှစ် ဘတ်ဂျက်တွင် ရန်ပုံငွေ ထည့်သွင်းတောင်းခံလျက်ရှိခြင်းအပေါ် နာယက က ရည်ညွှန်းပြောကြားခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။
ယခုအတည်ပြုလိုက်သော ဥပဒေများအရ လာမည့် ဧပြီ ၁ ရက်မှစတင်ကာ အစိုးရ၀န်ထမ်းများအနေဖြင့် လစာနှစ်သောင်းကျပ် တိုးမြှင့်ခံစားခွင့်ရရှိမည်ဖြစ်ကာ ပင်စင်လစာများကိုလည်း အချိုးကျတိုးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအနေဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ လစာ၊ ချီးမြှင့်ငွေနှင့် အဆောင်အယောင်ဥပဒေပါ လစဉ်ချီးမြှင့်ငွေများကို ဧပြီလမှ စတင်ခံစားမည်ဖြစ်သည်။
အတည်ပြုလိုက်သော ၂၀၁၄ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ နိုင်ငံတော်အနေဖြင့် ရငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁၉ သန်းကျော် ရရှိရန် လျာထားပြီး စုစုပေါင်းသုံးငွေတွင် ကျပ်သန်းပေါင်း၂၁ သန်းကျော် သုံးစွဲရန် လျာထားပြီးဖြစ်ရာ လိုငွေကျပ်သန်းပေါင်း နှစ်သန်းခန့် ရှိမည်ဖြစ်သည်။
ယခုအတည်ပြုလိုက်သော ဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်က ဘတ်ဂျက်၏ ၁၃ ဒသမ ၆၆ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်သည်။
ပညာရေးဘတ်ဂျက်အနေဖြင့် ယခင်နှစ်က ၅ ဒသမ ၄၃ ရာခိုင်နှုန်းအသုံးပြုခဲ့ပြီး ယခုနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ကာ ကျန်းမာရေးဘတ်ဂျက်ကို ယခင်နှစ်က ၃ ဒသမ ၁၅ ရာခိုင်နှုန်း သုံးစွဲခဲ့ပြီး ယခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့ တိုးမြှင့်သုံးစွဲရန် လျာထားသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား