img.emoticon { padding: 0; margin: 0; border: 0; }

Monday, March 17, 2014

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ထုတ်ပြန်ပြီးမှသာ နိုင်ငံခြားချေးငွေကဏ္ဍကို ပုဂ္ဂလိကဘဏ်များ ဆောင်ရွက်နိုင်မည်


18.3.2014
ြ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းများကိုရေးဆွဲလျက်ရှိပြီး ယင်းစည်းမျဉ်းများ ထုတ်ပြန်ပြီးမှသာ နိုင်ငံခြားချေးငွေကဏ္ဍကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မတ် ၁၇ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဦးနေ၀င်းထွန်းမေးမြန်းသည့် နိုင်ငံခြားငွေကို ပုဂ္ဂလိကဘဏ်များမှ ချေးငွေအဖြစ် ထုတ်ချေးခွင့်ပြုရန် မေးမြန်းခြင်းအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရေးဆွဲပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်၍ ပြန်လည်တင်ပြပြီး ဖြစ်ကြောင်း၊ မကြာမီတွင် ယင်းစည်းမျဉ်းများအား ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေတွင် "နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပြည်တွင်း၌နေထိုင်သူများအား သတ်မှတ်ချက်နှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ချေးငွေထုတ်ချေးနိုင်သည်" ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားငွေဖြင့် ချေးငွေထုတ်ချေးနိုင်ရန် ဘဏ်များသည် တစ်ဖက်တွင် ငွေကြေးပိုလျှံ၍ ဘဏ်တွင် အပ်နှံသူများထံမှ နိုင်ငံခြားငွေဖြင့် ငွေကြေးရင်းမြစ်များစုစည်းရန် လိုအပ်ကြောင်း၊ အရင်းအနှီးလိုအပ်သူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း စိစစ်ထုတ်ချေးပေးရန်ဖြစ်ကြောင်း ဒေါ်ခင်စောဦးက ပြောကြားသည်။
"လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေဖြင့် မတည်ရင်းနှီးငွေအား တိုးမြှင့်နိုင်ပါတယ်။ ငွေအပ်နှံသူတွေထံကနေ နိုင်ငံခြားငွေဖြင့် အပ်ငွေတွေကို လက်ခံနိုင်ပါတယ်။ ပြည်တွင်းပြည်ပ ငွေကြေးဈေးကွက်တွေကနေ နိုင်ငံခြားငွေဖြင့် ချေးငှားရယူခြင်းတွေ ဆောင်ရွက်နိုင်ပါတယ်။ ဗဟိုဘဏ်အနေဖြင့် ချေးငွေထုတ်ချေးခြင်းအတွက် စည်းမျဉ်းမူဘောင်ကို ချမှတ်ပေးပြီး သင့်လျော်တဲ့ အတိုးနှုန်းကို သတ်မှတ်ထိန်းကျောင်းပေးရန် ဖြစ်ပါတယ်"ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိလိုအပ်ချက်မှာ ပြည်တွင်းတွင် ဘဏ်အချင်းချင်း ငွေကြေးနှင့် ချေးငွေဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့အခြေအနေရှိမှသာ ပြည်တွင်းဘဏ်များအနေဖြင့် နိုင်ငံခြားငွေဖြင့် ချေးငွေကို Customer များအတွက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်များတွင်လည်း နိုင်ငံခြားငွေဖြင့် ငွေကြေးရင်းမြစ်များ လုံလောက်မှုရှိရန် လိုအပ်ကြောင်း ဒေါ်ခင်စောဦးက ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက "နိုင်ငံခြားငွေချေးခြင်းကို ဘဏ်တွေကနေ လုပ်ကိုင်ခွင့်မရှိသေးပါဘူး။ အဲဒီအတွက် ဘဏ်လုပ်ငန်းရှင်နဲ့ အခြားလုပ်ငန်းရှင်များ အချိတ်အဆက်မရှိ၍ အကျိုးစီးပွားဖြစ်ထွန်းမှု အားနည်းနေပါတယ်။ အချို့လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေလုံလောက်မှု အားနည်းနေတဲ့အပြင် မြန်မာငွေအရင်းအနှီး မလုံလောက်ခြင်းတွေကြောင့် ကုန်ပစ္စည်းများ မှာယူတင်သွင်းရာမှာ အခက်အခဲတွေရှိနေပါတယ်။ ငွေကြေးမလုံလောက်သူများအနေနဲ့ ဘဏ်တွေကနေ နိုင်ငံခြားချေးငွေ ရယူလိုကြပါတယ်။ ဘဏ်တွေကသာ နိုင်ငံခြားချေးငွေ ရယူနိုင်မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိလာနိုင်ပါတယ်"ဟု ဆွေးနွေးခဲ့သည်။
Eleven Media Group

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား