မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games
ကို သပိတ်မှောက်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌ
ရစ်ချီဂါစီယာ(Richie Garcia) က ဖိလစ်ပိုင်သတင်းစာ The Philippine Star သို့
မေလ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံက ဆုတံဆိပ်ရနိုင်သည့်
အားကစားနည်း များကို ဦးစားပေး ရွေးချယ်ထားခြင်းကြောင့် သပိတ်မှောက်ရန်
စီစဉ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံက (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား SEA Games တွင်
နိုင်ငံအလိုက် ရပ်တည်မှု၌ အဆင့်ခုနစ်သာ ရခဲ့သည်ကို အိမ်ရှင်အဖြစ်
ကျင်းပခွင့်ရချိန်၌ အဆင့်တက်ရန် နည်းမျိုးစုံ ကြိုးစားခဲ့ပြီး အိုလံပစ်
အားကစားအချို့နေရာတွင် ရိုးရာ အားကစားနည်းများကို အစားထိုး ခဲ့ကြောင်း
၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
အင်ဒိုနီးရှားတွင်ကျင်းပသည့် (၂၆) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်
အားကစားနည်း ၃၆ မျိုးအနက် ဖိလစ်ပိုင် နိုင်ငံက ဆုရခဲ့သည့် အားကစားနည်း ၁၆
မျိုးကို မြန်မာနိုင်ငံက ထည့်သွင်းကျင်းပမှု မရှိသည့်အချက်က
သပိတ်မှောက်ရသည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ပြောဆိုသည်။
ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌကို အရှေ့တောင်အာရှ အားကစား
ပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းအဝေး တွင် ထည့်သွင်းဆွေးနွေးရန် အကြုံပြု
ထားသည်ဟု ဖိလစ်ပိုင်နိုင်ငံ အားကစား ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲဝင်မည့် ဖိလစ်ပိုင်
အားကစားသမားများကို ထောက်ပံ့မှုများ ရပ်ဆိုင်းမည် မဟုတ်သော်လည်း
ဆုရနိုင်ခြင်း မရှိသည့် အားကစားနည်း များက အားကစားသမား များကိုမူ
ထောက်ပံ့မှုများ လျှော့ချသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်းကြောင့် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၂၈)ကြိမ်မြောက် SEA Games
ပြိုင်ပွဲတွင် အငြင်းပွားမှု မဖြစ်ရန် အားကစားဆိုင်ရာ ဥပဒေနှင့်
စည်းမျဉ်းများ ရေးဆွဲရန် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ
ကျင်းပရေးကော်မတီသို့ တောင်းဆိုမည် ဖြစ်ကြောင်း The Philippine Star ကို
ပြောဆိုခဲ့သည်။
ဗီယက်နမ်ရိုးရာ ကိုယ်ခံပညာ ဗိုဗီနမ်၊ ကမ္ဘောဒီးယားရိုးရာ အားကစား
ကမ်ပိုနှင့် မြန်မာရိုးရာ ခြင်းလုံး အားကစားနည်း သုံးမျိုးမှ ရွှေတံဆိပ်ဆု
၄၄ မျိုးကို မြန်မာနိုင်ငံက အများဆုံရနိုင်သည့် အတွက် နိုင်ငံ အလိုက်
ရပ်တည်မှုအဆင့် ဖော်ပြချက်တွင် ထည့်မတွက်ရန် မြန်မာနိုင်ငံအားကစား
ဝန်ကြီးဌာနကို တောင်းဆိုမည် ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ
အားကစားကော်မရှင်ဥက္ကဋ္ဌ က ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဝန်ကြီးများအဆင့် အစည်းအဝေးတွင်
အားကစားနည်း ၃၃ မျိုးထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း တရားဝင်ကြေညာ
ခဲ့ရာတွင် ဖိလစ်ပိုင်နိုင်ငံ အားကစားဝန်ကြီး နှင့်အဖွဲ့က သဘောတူကြောင်း
ပြောကြားခဲ့သည်။
The Voice Weekly
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား