img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, April 30, 2013

နယ်စွန်း နယ်ဖျား နယ်ခြား အဓိပ္ပာယ်


(မောင်စီးပွား)

နယ်စွန်နယ်ဖျား၊ နယ်ခြားဒေသများဟု ဆိုလိုက်လျှင် သူခိုးဓားပြ ထကြွသောင်းကျန်းပြီး တရားဥပဒေလက်တံနှင့် အလှမ်းဝေး သည့် ဒေသ၊ မနေသင့်မထိုင်သင့်သည့် နေရာများဟုသာ ရှေးပုံပြင်များတွင် အလွယ်တကူ မှတ်ယူကြရသော်လည်း ယနေ့ နယ်ခြားနယ်စပ် ဒေသများမှာမူ ဒေသတွင်း မှီတင်းနေထိုင်ကြသူများ အတွက်သာမက သက်ဆိုင်ရာ နိုင်ငံတို့ ကြီးပွားတိုးတက်ရေးတွင် အရေးပါသောဒေသများ ဖြစ်လာကြပြီ။ နယ်စပ်ဒေသ ဝင်ပေါက်များကို အသုံးချလျက် ရှိသော မြန်မာနိုင်ငံ သည်လည်း နယ်စပ်ဒေသများ၏ အလားအလာကို ယခုထက်ပိုပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်နေပြီ ဖြစ်သည်။

အရေးယူပိတ်ဆို့မှုကြောင့် ရေကြောင်းကုန်သွယ်ရေး ဖွံ့ဖြိုးသင့် သလောက် မဖွံ့ဖြိုးချိန်တွင် နယ်စပ်ကုန်သွယ်ရေး သည် မြန်မာ့ပြည်ပ ကုန်သွယ်ရေးကို တတ်နိုင်သလောက် ထူမတ်ပေးခဲ့သည်။ ထိုင်းနယ်စပ် ကုန်သွယ်ရေး၊ တရုတ်နယ်စပ် ကုန်သွယ်ရေးတို့သည် မြန်မာ့ပြည်ပ ကုန်သွယ်ရေး၏ အဓိကကျသော အစိတ်အပိုင်းများဖြစ်ကြပြီး မြန်မာ့စီးပွားရေးနှင့် ပြည်တွင်းလိုအပ်ချက် တို့ကို တတ်အားသရွေ့ ဖြည့်ဆည်း ပေးခဲ့သည်။ သို့သော် နယ်စပ်ဒေသများ၏ စီးပွားရေး စွမ်းဆောင်ချက်သည် ကုန်သွယ်ရေး အဆင့်တွင်သာ ရှိနေသေးပြီး အထူးစီးပွားရေး ဇုန်များအဖြစ်ဖြင့် စွမ်းဆောင်နိုင်စွမ်းကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိသေးပေ။ ယခုအခါ နယ်စပ် အထူးစီးပွားရေးဇုန်များ၊ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များ ဖော်ဆောင်ရန် ကြိုးပမ်းလာပြီ ဖြစ်သောကြောင့် ဝမ်းမြောက်ဖွယ် ဖြစ်သော်လည်း “စလုံးရေစ” အဆင့်သာ ရှိနေသေးသောကြောင့် အားစိုက် ကြိုးပမ်းမှ တန်ကာကျမည်။

မိမိနှင့် ဆက်စပ်နေသော တစ်ဖက်နိုင်ငံ၏ ဒေသများ ဖွံ့ဖြိုးမှုပေါ်တွင် မိမိနယ်စပ်ဒေသများ၏ ဖွံ့ဖြိုးမှု မူတည်နေသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ တရုတ်၊ ထိုင်းနယ်စပ်မြို့များသည် စည်ပင်လွယ်ပြီး အိန္ဒိယနယ်စပ် မြို့တို့မှာမူ နှေးကွေးသည်။ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဖော်ဆောင်နေသည့် ထားဝယ်၏ အလားအလာကောင်းသလို ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း များ တရုတ်နိုင်ငံသို့ ဖြတ်ထွက်မည့် မူဆယ်သည်လည်း တက်နိုင်ခြေ များစွာ ရှိသည်။

တစ်ဖက်နိုင်ငံက လိုအပ်နေသည့် ဝန်ဆောင်မှုမျိုး၊ ကုန်ပစ္စည်းမျိုးကို ပံ့ပိုးပေးနိုင်လျှင် မြန်မာ့နယ်စပ်များသည် ယခုထက် ဖွံ့ဖြိုးစည်ပင်လာမည်။ သူတို့၏ လိုအပ်ချက်ကို အခွင့်ကောင်းယူ ဝန်ဆောင်မှုပေး၊ ပစ္စည်း ရောင်းနိုင်ရန် တစ်ဖက်နယ်စပ်များ၏ အခြေအနေကို မပြတ်ကြည့် အကဲခတ်နေရန်မူ လိုအပ်သည်။

ထိုင်းနိုင်ငံတွင်းတွင် လုပ်ခ ဈေးတက်လာသောကြောင့် ထိုင်းစက်ရုံများ နေရာပြောင်းရန် အကြံ ထုတ်နေကြသည်။ မြန်မာ ဘက်က ခြေမြန်လက်မြန်ဖြင့် အမြန် ဆွဲဆောင်ယူသင့် သည်။ နေရာရွှေ့လိုသည့် ထိုင်းစက်ရုံများ အတွက် ရွေးစရာ အနည်းဆုံး နှစ်နေရာ ရှိသည်။ မြန်မာနှင့် ကမ္ဘောဒီးယား။ ကမ္ဘောဒီးယားကလည်း ထိုင်းနယ်စပ် ကမ္ဘောဒီးယား ဘက်ခြမ်းတွင် စက်ရုံတည်ပြီး ကမ္ဘောဒီးယားများကို အလုပ်ပေးထား လိုက်လျှင် ပြီးပြီ။ ထိုင်းတို့က မြန်မာနိုင်ငံဘက်သို့ လာရန် အားသန်နေသော်လည်း မြန်မာတို့ဘက်က နှေးကွေးလျှင် ဈေးကွက် စီးပွားရေးအရှိန်ရနေပြီ ဖြစ်သော ကမ္ဘောဒီးယားတို့ ခပ်သွက်သွက်ဖြင့် ဆွဲခေါ်သွားနိုင်သည်။ မြန်မာနယ်စပ်အနီး ထိုင်းစက်ရုံများတွင် အလုပ်သမားများမှာ မြန်မာအများစုဖြစ် သောကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် စက်ရုံတည်လိုက်လျှင် မြန်မာတို့အဖို့ ခရီးစရိတ်ပင် ကုန်ရန် မလိုတော့။ ထိုင်းရဲတို့ နှိပ်စက်မည်လည်း ကြောက်ရန်မလိုတော့၊ မိနီးဖနီး ဆွေမျိုးမိတ်သင်္ဂဟ များဖြင့် နီးနီး နေရသောကြောင့် စိတ်အေးချမ်းသာ စိတ်ဖိစီးမှုများ လျော့နည်းမည်။ လုပ်ခလစာသာ ထိုင်းတွင် ရသလို ရလျှင် ဝင်ငွေ ပိုလာနိုင်သည်။ မြန်မာတို့ရသမျှ ဝင်ငွေတို့မှ စားဝတ်နေရေး အတွက် သုံးစွဲရသည့် ငွေတို့လည်း ထိုင်းဘက်ခြမ်းတွင် သုံးရန်မလိုတော့ဘဲ မြန်မာပြည်တွင်း တွင်သာ သုံးစွဲကြမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံဝင်ငွေ (ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး) တက်လာမည်။

မြန်မာ့နယ်စပ်တွင် လုပ်ဆောင်ရန် စဉ်းစားသင့်သော အခြားဝင်ငွေကောင်း စီးပွားရေးလုပ်ငန်းမှာ ကာစီနို ခေါ် လောင်းကစားရုံလုပ်ငန်း ဖြစ်သည်။ စင်ကာပူပင်လျှင် လက်တွန့်ခဲ့သည့် ကာစီနို လုပ်ငန်းကို ၂၀၁၀ တွင် ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ လူချမ်းသာနိုင်ငံ စင်ကာပူပင်လျှင် အစဉ်အလာ ကို ဖျက်ပြီး လုပ်ဆောင်ရသည်မှာ ကာစီနိုသည် ဝင်ငွေလွယ်လွယ် ရသော မီးခိုးတိတ်လုပ်ငန်း ဖြစ်သောကြောင့် ဖြစ်သည်။ မိမိနိုင်ငံသားတို့ အလွယ်တကူ ဝင်မကစားနိုင်အောင် စီမံထားနိုင်လျှင် အခြားကျွမ်းကျင်မှု၊ နည်းပညာ၊ ကုန်အမှတ်တံဆိပ် မလိုသည့် ဝင်ငွေဖြောင့် စီးပွားရေးလုပ်ငန်း ဖြစ်သည်။ ၂၀၁၁ တွင် စင်ကာပူ၏ ကစားရုံများမှ ဝင်ငွေသည် ဒေါ်လာသန်းခြောက်ထောင် အထိ ရောက်ရှိခဲ့သည်။ စင်ကာပူတွင် ကာစီနိုကြီးများသို့ ဝင်လျှင် စင်ကာပူနိုင်ငံသားများ၊ အမြဲတမ်းနေထိုင်သူ PR များဖြစ်နေလျှင် ဝင်ကြေးများများ ကောက်သည်။ နိုင်ငံခြားသားဆိုလျှင် သူ့ဘာသာသူ ဘယ်လောက်ဖြုန်းဖြုန်း ကိုယ့်အပူမဟုတ်၊ အကျိုးအမြတ်ရဖို့ အဓိကမဟုတ် ပါလား။ လောင်းကစားဆိုလျှင် အသွေးထဲ အသားထဲကပါသည်ဟု ပြောစမှတ်ပြုသူများသည့် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း မိုင်ထောင်ချီ ရှည်လျားစွာ ဆက်စပ်နေသည်ကို အသုံးချနိုင်လျှင် မြန်မာတို့ ငွေချိုးချိုးချောင်ချောင် ရနိုင်သည်။ တရုတ်နှင့် နယ်စပ်မြို့များတွင် ကာစီနိုများဖွင့်လျှင် ကြီးပွားကိန်းမြင်သလို ထိုင်းနယ်စပ် သည်လည်း ကာစီနိုအတွက် အလားအလာ ကောင်းသည်။

ထိုင်းတွင် ကမ္ဘာလှည့်ခရီးသည် အလာများသည့် ကန်ချနာပူရိမှ “သေမင်းတမန်” ရထားလမ်းကို မြန်မာနိုင်ငံတွင်း ဆက်ဖောက်နိုင်လျှင် ကမ္ဘာလှည့်ခရီးသည် အများအပြား ထိုင်းမှတစ်ဆင့် ပိုဝင်လာမည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်တို့က မြန်မာနှင့် ထိုင်း ရထားလမ်း ဖောက်လုပ်ရာတွင် မဟာမိတ် စစ်သုံ့ပန်းများကို အသုံးချခဲ့သည်ကို နောက်ခံအဖြစ် ရိုက်ကူးထားသည့် Bridge Over The River Kway “ကွေးမြစ်ပေါ်မှ တံတား” ရုပ်ရှင်ဖြင့် ကန်ချနာပူရိ ဒေသသည် နာမည်ကျော်ပြီး ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသည် အလာများခြင်း ဖြစ်သည်။ ကန်ချနာပူမြို့သည် ယမန်နှစ်က ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှ ဒေါ်လာ ၈၄ သန်း ဝင်ငွေရရှိ ခဲ့သည်။ သေမင်းတမန် ရထားလမ်းဖြင့် ဆက်စပ်သည့် မြန်မာနိုင်ငံတွင်း ဒေသများ (ဥပမာ- သံဖြူဇရပ်) ကို မြှင့်တင်ရန် ထိုရထားလမ်းကို အသုံးချနိုင်သည်။ ဂျပန်တို့ ချွေးတပ်အဖြစ် ရက်ရက်စက်စက် စေခိုင်းသောကြောင့် ဒုတိယကမ္ဘာစစ် အတွင်း ကျဆုံးခဲ့ရသည့် မဟာမိတ် စစ်သားများ၏ မိခင်နိုင်ငံများ (ဗြိတိန်၊ သြစတြေးလျ စသည်) ကို ဆွဲဆောင်နိုင်ခြေ ရှိသည်။ ထိုရထားလမ်းကို မြန်မာဘက်၊ ထိုင်းဘက် ချိတ်ဆက်ရန် စတင်နေပြီဟု သိရသည်။

နယ်စပ်များသည် အသွင်မတူ၊ လုပ်နိုင်ကိုင်နိုင်သည်ချင်း မတူသော နိုင်ငံနှစ်ခု၏ အားသာချက်များကို ပေါင်းစပ်ပြီး အကောင်းဆုံး ကုန်ပစ္စည်း များထုတ်လုပ်၊ ဝန်ဆောင်မှုပေးနိုင်သည့် နေရာများ ဖြစ်လာနိုင်သည်။ တစ်ဖက်က နည်းပညာမြင့်သည်၊ လုပ်သားနည်းသည်။ တစ်ဖက်က နည်းပညာ မရှိ၊ သို့သော် လုပ်သား ပေါများသည်။ သို့ဆိုလျှင် နည်းပညာလည်းမြင့်၊ လုပ်သားလည်း များအောင် နှစ်နိုင်ငံ နယ်စပ်တွင် ပေါင်းစည်း လုပ်ဆောင်ခြင်း ဖြင့် ပြီးပြည့်စုံနိုင်သည်။ ထိုင်း-မြန်မာနယ်စပ်တွင် ဆိုလျှင် ထိုင်းဘက်က လျှပ်စစ်ဓာတ်အား အလုံအလောက် ပေးနိုင်သည်။ မြန်မာဘက်က မြေနှင့် လုပ်သားစိုက်နိုင်သည်။

နှစ်နိုင်ငံနယ်စပ်တွင် လုပ်ကိုင်သည် ဆိုသောကြောင့် သက်ဆိုင်ရာ နှစ်နိုင်ငံချည်းသာ ပါဝင်ပတ်သက်ရမည်ဟု မရှိပါ။ မြန်မာ-တရုတ် နယ်စပ်တွင် ဂျပန်က တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၏ ကောင်းကွက်များကို ဂျပန့်စွမ်းရည်နှင့် ပေါင်းကာ စက်ရုံလာဆောက်ပြီး သုံးပွင့်ဆိုင်အားဖြင့် ကမ္ဘာ့အခြား နိုင်ငံများသို့ ကုန်ပစ္စည်းပို့နိုင်သည်။

စာရေးသူ တင်ပြခဲ့သည်မှာ နယ်စပ်ဒေသများ၏ မြင်သာထင်သာဆုံး အခွင့်အလမ်း အချို့သာ ဖြစ်သည်။ မြန်မာ့နယ်စပ်ဒေသ များ၏ စီးပွားရေး အလားအလာကို အသုံးချရန် နည်းလမ်းများကား စဉ်းစားလျှင် စဉ်းစားနိုင်သလို များစွာ ဖော်ထုတ်နိုင်ပါသည်။ နယ်စပ်ဒေသများနှင့် ကျန်ဒေသများ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အဦ ကောင်းမွန်ရေး၊ စီမံ ကွပ်ကဲမှုများ ကောင်းမွန်ရေး တို့ကို တိုးတက်အောင် လုပ်ဆောင်ရန်လိုသည်။

စီးပွားရေး အတိုးတက်ဆုံးသော ဒေသများ၊ နိုင်ငံများနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံ၏ တည်နေရာ အားသာချက်ကို နယ်စပ်ဒေသများ အားဖြင့် အပြည့်အဝအသုံးချရန် အမြန် လိုအပ်နေပြီ ဖြစ်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား