img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 20, 2013

လစာငွေမလုံလောက်မှုကို အတိုင်းအတာတစ်ခုအထိ ပြေလည်စေမည့် မျှော်လင့်ချက်များ

ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စုအဆင့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် နိုင်ငံတော် သမ္မတ၏ ပြောကြားချက်ကြောင့် နိုင်ငံ့ဝန်ထမ်းများအကြား လစာငွေမလုံလောက်မှုကို အတိုင်းအတာတစ်ခုအထိ ပြေလည်စေမည့် မျှော်လင့်ချက်များ ရှိလာသည်။

နိုင်ငံ့ဝန်ထမ်းများ ခံစားနေရသော လုပ်ခ၊ လစာများသည် လောက်ငမှုမရှိသဖြင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာပြီး သန့်ရှင်းသောအစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရေးတွင် အဟန့်အတားများ ဖြစ်ပေါ်လာနိုင်သဖြင့် ၀န်ထမ်းများအား ထိုက်သင့်သော လစာနှုန်းထားများ တိုးပေးနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါ ရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စတင်တိုက်တွန်းမှု ပြုခဲ့သည်။

အဆိုပါ တိုက်တွန်းမှုကပင် ၀န်ထမ်းများကို လစာတိုးပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။

“ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနဲ့ စရိတ်ကို ခေတ်ကာလအခြေအနေနဲ့ ဆီလျော်မှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့် ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားပါတယ်” ဟု ယခုလ ၁၂ ရက်တွင် ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၌ နိုင်ငံတော်သမ္မတက ပြောကြားသည်။

လစာတိုးမည့် ကိစ္စရပ်နှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ ၀န်ထမ်းတစ်ဦးက “လစာတိုးမယ်ဆိုရင်တော့ ၀မ်းသာတာပေါ့။ ဒါပေမဲ့ ထူးခြားတဲ့ ပြောင်းလဲမှုနှုန်းနဲ့ တိုးတာမဟုတ်ရင်တော့ သိပ်မထူးခြားဘူးပေါ့။ အတိုးပြတာမျိုးတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

လစာများ တိုးမြှင့်ပေးရန် စီစဉ်ထားသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားပြီး သုံးရက်အကြာတွင် ၀န်ထမ်းများအား လစာငွေ နှစ်သောင်းကျပ် ထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းရာ၌ ထည့်သွင်းပြောဆိုသွားသည်။

ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးခြင်းသည် ယခု အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယမန်နှစ်က ငွေ ကျပ်သုံးသောင်း တိုးမြှင့်ပေးခြင်းသည် ထောက်ပံ့ကြေးသာဖြစ်သည်။

ဝန်ထမ်းများအား လစာတိုးပေးခြင်းဖြင့် နိုင်ငံတွင်းလည်ပတ် သုံးစွဲနေသော ငွေကြေးစနစ်တွင် ဖောင်းပွမှုများ ဖြစ်ပေါ်လာမည် ကိုလည်း စိုးရိမ်မှုများရှိနေသည်။

“အခုကတော့ ပြည်ထောင်စုလွှတ်တော်က အသုံးစရိတ်တွေ စိစစ်ပြီး လစာတိုးပေးတာပေါ့။ အရင်ကတော့ ပိုက်ဆံမရှိရင် စက်နဲ့ ရိုက်ထုတ်တာဆိုတော့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာတယ်။ အခုတော့ ငွေကြေးဖောင်းပွမှုတွေ မဖြစ်အောင် ထိန်းသိမ်းရမယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။

ငွေကြေးဖောင်းပွမှုအခြေအနေနှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(အငြိမ်းစား) ဦးသန်းလွင်က “လက်ရှိ မြန်မာနိုင်ငံအနေနဲ့ကလည်း ကျပ်ငွေကမာနေတော့ လစာတိုးပေမယ့် ငွေကြေးဖောင်းပွမှုတော့ နည်းနိုင်တယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် ၃၅၀၀၀ သာရှိပြီး တိုးမြှင့်မည့်လစာ ကျပ် ၂၀၀၀၀ အပါအ၀င် ကျပ် ၅၅၀၀၀ ခံစားခွင့်ရရှိမည်ဖြစ်သဖြင့် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ပြင်ပပုဂ္ဂလိက၀န်ထမ်းများ၏ အနိမ့်ဆုံးလစာသည် ကျပ် ၄၀၀၀၀ ၀န်းကျင်သာရှိကြောင်း ပုဂ္ဂလိက၀န်ထမ်းအချို့က ဆိုသည်။

“ကုမ္ပဏီဝန်ထမ်းဆိုတာ ဘာအာမခံချက်မှ မရှိပါဘူး။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အဆင်မပြေရင် အချိန်မရွေးအလုပ်ပြုတ် သွားနိုင်တယ်။ နိုင်ငံ့ဝန်ထမ်းကတော့ စည်းကမ်းနဲ့အညီ နေမယ်ဆိုရင် အလွယ်တကူ အလုပ်ပြုတ်တာမျိုး မဖြစ်နိုင်ဘူးလေ။ အစိုးရ အလုပ်တွေက ပင်စင်လည်းရှိတော့ အနာဂတ် အာမခံချက်လည်း ရှိတယ်လို့ပြောလို့ရတယ်” ဟု ကုမ္ပဏီ
ဝန်ထမ်းဘ၀မှ နိုင်ငံ့ဝန်ထမ်းအလုပ်သို့ ပြောင်းလဲလုပ်ကိုင်နေသောဝန်ထမ်းတစ်ဦးက ဆိုသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက “အစကတော့ ရာထူးကလည်းမတိုး။ လစာနည်းနည်းလေးနဲ့ လုပ်နေရတော့ အလုပ်ထွက်တော့မယ်လို့ စဉ်းစားထားတာ။ အခုလို တဖြည်းဖြည်း တိုးနေရင်တော့ ထွက်ရမှာတောင် နှမြောလာပြီ” ဟု ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများအား လစာခံစားခွင့်များ တိုးမြှင့်ရန် လုပ်ဆောင်ခြင်းသည် ၀န်ထမ်းများ၏ အနာဂတ်ဘ၀ ခိုင်မာပြီဟုဆို၍ မရနိုင်သေးဘဲ တိုးပေးလိုက်သော လုပ်ခလစာနှင့် ၀န်ထမ်းများ၏ ဘ၀အနာဂတ်လုံလောက်မှုရှိ၊ မရှိ ဆိုသည်မှာ သုတေသနစစ်တမ်းကောက်မှသာ အဖြေထွက်နိုင်မည်ဖြစ်ကြောင်း ဦးသန်းလွင်က ဆိုသည်။

“လက်ရှိ အတိုးနှုန်းက လုံလောက်ပြီလို့ မပြောနိုင်ပေမယ့် နည်းနည်းတော့ လုံလောက်လာပြီလို့ ပြောနိုင်တယ်။ ဒါကြောင့် ဖြစ်သင့်တဲ့ အနိမ့်ဆုံးဝင်ငွေကို အမြန်ဆုံးသတ်မှတ်သင့်တယ်။ တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲလာရင် ၀န်ထမ်းတွေအတွက် ကောင်းသလို နိုင်ငံတော်အတွက်လည်း သွယ်ဝိုက်ပြီးတော့ အကျိုးပြုတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

ယခုကဲ့သို့ လစာနှုန်းထားများ တိုးမြှင့်ပေးခြင်းဖြင့် အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများကို အထိုက်အလျောက် လျော့ပါးစေနိုင်ကြောင်း သုံးသပ်သူများလည်းရှိသည်။

“၀န်ထမ်းတွေ လစာတိုးလာတယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုအပိုင်းလည်း တဖြည်းဖြည်း လျော့သွားမယ်လို့ စဉ်းစားထား တယ်” ဟု နိုင်ငံတော်သမ္မတ၏ အ ကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

လာဘ်ပေးလာဘ်ယူမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဦးသန်းလွင်က ၎င်း၏ အမြင်ကို ပြောရာတွင် စားဝတ်နေရေး မလုံလောက်မှုကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး ယခုကဲ့သို့ လစာနှုန်းထားများ တိုးမြှင့်ပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှုများ တဖြည်းဖြည်း ပပျောက်လာနိုင်ကြောင်း သုံးသပ်သည်။

“အူမတောင့်မှ သီလစောင့်နိုင်မှာ ဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်။ တစ်ဖက်က အခွင့်အရေးနဲ့ သက်သာချောင်ချိရေး၊ အခြားတစ်ဖက်က စည်းကမ်းနဲ့ ဥပဒေ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာ မှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

လစာတိုးမြှင့်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ အနာဂတ် ခိုင်မာလာပြီဟု ယူဆနေသူများရှိနေသကဲ့သို့ ယခုတိုးလိုက်သည့် လစာနှုန်းထားသည် နည်းပါးနေသေးကြောင်း ၀န်ထမ်းအချို့က ဆိုသည်။

“အနာဂတ်ခိုင်မာပြီလို့ ပြောလို့မရသေးဘူး။ အခုတိုးထားတယ်ဆိုတာတောင် အပြင်ကုမ္ပဏီဝန်ထမ်းတွေထက်စာရင် နည်းနေသေးတယ်” ဟု စာရင်းစစ်ချုပ်ရုံးမှ မသက်သက်က ပြောသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်သော အနိမ့်ဆုံးရာ ထူးဖြစ်သည့် တပ်သားတစ်ဦး၏ လစာသည် ကျပ် ၃၆\၀၀၀ ဖြစ်ကာ သက်စွန့်ဆံဖျားစရိတ် ကျပ် ၅၀၀၀ ပေါင်းပါက ကျပ် ၄၁၀၀၀ ရရှိပြီး အရပ်သားဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် ၃၅၀၀၀ ဖြစ်သဖြင့် တပ်မတော်သားနှင့် အရပ်သားဝန်ထမ်းများအကြား ရာထူးအဆင့်အလိုက် လစာငွေကွာဟမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

ထိုကဲ့သို့ လစာငွေကွာဟမှုအပေါ် “ခုလို အခွင့်အရေးဖြစ်တဲ့ လစာခွဲခြားထားမှုတွေ အပေါ်မှာတော့ လုံးဝမကျေနပ်ဘူး။ နိုင်ငံ့ဝန်ထမ်းချင်းအတူတူ နှိမ့်ချဆက်ဆံတာ လုံးဝမကျေနပ်ဘူး။ လုပ်ရတဲ့ လုပ်ငန်းချင်းမတူပေမယ့် တာဝန်ကတော့ ၀န်ထမ်းတိုင်းမှာ အတူတူပဲ။ သူတို့မှာက လစာအပြင် နေရေး၊ ထိုင်ရေး၊ ရိက္ခာနဲ့ အခြားအခွင့်အရေးတွေရှိတယ်။ ဒီမကျေနပ်မှုတွေ ကြီးလာရင် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် စိုးရိမ်ရတယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ၀န်ထမ်းတစ်ဦး ကပြောသည်။

အရာရှိအဆင့်မဟုတ်သည့် အခြားအဆင့်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အများစုသည် လစာငွေဖြင့် လောက်ငမှုမရှိဘဲ တပ်မတော်သားဘ၀မှ အငြိမ်းစားယူလျှင် နေထိုင်စရာ အခက်အခဲများကိုပါ ရင်ဆိုင်ရသဖြင့် အာမခံချက်ရှိသည်ဟုလည်း ပြော၍မရကြောင်း တပ်မတော်ဆေးရုံတွင် အထက်တန်းသူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

“၀န်ထမ်းတွေရဲ့ အနာဂတ် တောက်ပလာဖို့ဆိုတာ သူတို့ကို လစာဒီထက် တိုးပေးဖို့လိုတယ်။ အဲဒါကလည်း နိုင်ငံ့စီးပွားရေးပေါ် မှာ မူတည်တယ်။ စီးပွားရေးကို ဒီထက်ထိပိုပြီး တွန်းတင်နိုင်မယ်ဆိုရင်တော့ ၀န်ထမ်းတွေဘ၀က ဒီထက်ပိုပြီး အဆင်ပြေလာနိုင်တယ်” ဟု ဦးရဲထွန်းက သုံးသပ်သည်။

“အခုတိုးလိုက်တဲ့ပမာဏက လောက်ငမှုတော့ မရှိနိုင်ဘူး။ အခြေခံအနိမ့်ဆုံးလစာက တစ်သိန်းခွဲလောက်ရမှပဲ အဆင်ပြေမယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး တိုးပေးတာဆိုရင်တော့ ဒီလောက်နဲ့ မထိရောက်နိုင်ဘူး” ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ လက်ထောက်ကထိကတစ်ဦးက ပြောသည်။

ဝန်ထမ်းဘ၀မှ အငြိမ်းစားယူရာတွင် ခံစားခွင့်ရှိသည့် ပင်စင်ခံစားခွင့်နှင့်ပတ်သက်၍ လက်ရှိ ပင်စင်ပေးရေးဥပဒေအရ ၀န်ထမ်း
ဘ၀တွင် လုပ်သက်အများဆုံး ၄၂ နှစ်ဖြင့် အငြိမ်းစားယူကြရသော အမှုထမ်းများအနက် အနိမ့်ဆုံးအမှုထမ်းတစ်ဦး ရရှိသော တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေသည် ကျပ်ရှစ်သိန်းကျော်နှင့် လစဉ်ပင်စင်ငွေ ကျပ် ၂၀၀၀၀ ကျော်သာ ရရှိနိုင်မည်ဖြစ်ပြီး အမြင့်ဆုံးအမှုထမ်းတစ်ဦးအနေဖြင့် တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေ ကျပ် ၁၄ သိန်းကျော်နှင့် လစဉ်ပင်စင်
ငွေကျပ် ၄၀၀၀၀ ကျော်သာ ရရှိမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကဆိုသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထား တိုးမြှင့်ခြင်းကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီ ၁ ရက်က နောက်ဆုံး တိုးမြှင့်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ကို ခံစားခွင့်ပြုခဲ့သည်။

ဝန်ထမ်းများ၏ အနာဂတ်နှင့်ပတ်သက်၍ “အခုဆိုရင် အနိမ့်ဆုံးလစာကို သင့်တင့်ရုံဆိုတဲ့ ကျပ်တစ်သိန်း သတ်မှတ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ပြောထားတာရှိပါတယ်” ဟု ဦးအေးမောက်က ပြောကြားသည်။


 ရေးသားသူ- သတင်းအဖွဲ့ - 7Day News Journal

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား