img.emoticon { padding: 0; margin: 0; border: 0; }

Saturday, January 26, 2013

(UNFC) နှင့် နိုင်ငံရေးအကြို ဆွေးနွေးမှုများ ဖေဖော်ဝါရီလအတွင်း လုပ်ဆောင်နိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ မျှော်မှန်းထား

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် နိုင်ငံရေးအကြို ဆွေးနွေးမှုများ ဖေဖော်ဝါရီလအတွင်း လုပ်ဆောင်နိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ မျှော်မှန်းထားကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ဇန်န၀ါရီလ ၂၅ ရက်က ပြောကြားခဲ့သည်။  
"ကျွန်တော်တို့ UNFC နဲ့ နိုင်ငံရေးအကြို ဆွေးပွဲတွေ လုပ်ဆောင်ဖို့ ဒီဇင်ဘာလအတွင်းက တရားဝင် ဖိတ်ခေါ်ထားတာပါ။ ဇန်န၀ါရီလအတွင်းမှာ ဆွေးနွေးနိုင်ဖို့ မျှော်မှန်းထားပေမယ့် UNFC က အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ဒီလထဲမှာ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်။ ကျွန်တော်တို့အနေနဲ့ UNFC နဲ့ ဆွေးနွေးဖို့ အမြဲကမ်းလှမ်းထားပါတယ်။ သူတို့ရဲ့ အကြောင်းပြန်တာကို စောင့်နေတာပါ။ ဖေဖော်ဝါရီလထဲမှာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၁၉ ရက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားထံသို့ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းသော အကြောင်းကြားစာ ပေးပို့ခဲ့သည်။
သို့သော်  စစ်ရေးအရ ဖိအားပေးခံနေရသော အခြေအနေတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် KIO တို့ သီးခြားဆွေးနွေးမှု မပြုလုပ်ဘဲ (UNFC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ ဆွေးနွေးပါက ပို၍သင့်လျော်ကြောင်း ဇန်န၀ါရီ ၂၀ ရက်နေ့စွဲဖြင့် KIO အဖွဲ့က ပြန်လည်အကြောင်းပြန်ခဲ့သည်။             
အလားတူ ဇန်န၀ါရီ ၂၂ ရက်က ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) အဖွဲ့က အစိုးရအနေဖြင့် UNFC နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မှသာလျှင် (DKBA) အနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် DKBA အဖွဲ့တို့ ကရင်ပြည်နယ် မြ၀တီမြို့တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထုတ်ပြန်ခဲ့သည်။          
ယင်းသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပြောဆိုမှုများနှင့် ပတ်သက်၍ ဒေါက်တာမင်းဇော်ဦးက "UNFC မှာပါတဲ့ တချို့အဖွဲ့တွေနဲ့ အထိုက်အလျောက် ဆွေးနွေးတာတွေ ရှိပါတယ်။ UNFC က ပြောနေတာတွေလည်း ရှိတယ်။ တစ်ဖွဲ့ချင်းစီက ပြောနေကြတာလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့နားလည်တာက အစိုးရဘက်က UNFC နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်" ဟု ပြောကြားသည်။     
နိုင်ငံရေးအကြို ဆွေးနွေးပွဲပြုလုပ်ရန် နှစ်ဖက်သဘောတူညီပါက အစပိုင်းဆွေးနွေးမှုများအား UNFC ၏ သဘောဆန္ဒအရ
မြန်မာနိုင်ငံ ပြင်ပနိုင်ငံတစ်နိုင်ငံတွင် ဆွေးနွေးသွားရန်နှင့် နောက်ပိုင်းဆွေးနွေးပွဲများအား ပြည်တွင်း၌ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ကေအိုင်အိုအဖွဲ့မှလွဲ၍ ကျန်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်နှစ်ဦးပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရန် ကေအိုင်အိုအဖွဲ့အားလည်း ကမ်းလှမ်းထားကြောင်း ဇန်န၀ါရီ ၁၉ ရက်က နေပြည်တော်၌ ပြုလုပ်သော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် ထည့်သွင်းပြောကြားထားသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား