img.emoticon { padding: 0; margin: 0; border: 0; }

Saturday, January 26, 2013

ပြင်းပြင်းထန်ထန် သတိပေးပြီးဖြစ်၍ ပြတ်ပြတ်သားသား အရေးယူမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပြောပြီ

ငွေကြေး တောင်းယူ၍ လုံခြုံရေး ဂိတ်ဖွင့်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး တိတိကျကျ တိုင်ကြားလာပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက် က နောင်ချိုမြို့နယ် အေးရှားဝေါလ် လမ်း တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်တွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းပွဲ တွင် စီးပွား/ ကူးသန်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြား လိုက်သည်။
စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်သည် နယ်စပ်ကုန် သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးနှင့် အတူ  ဇန်နဝါရီ ၁၈ ရက်၊ နံနက် ၉ နာရီ အချိန်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပေါ်ရှိ စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင် မှောင်ခို တားဆီးရေးအဖွဲ့ (Mobile Team) ၏ လုပ်ငန်းဆောင်ရွက်မှုများ ကို ကြည့်ရှုစစ်ဆေးပြီးနောက် နောင်ချိုမြို့နယ် အေးရှားဝေါလ် လမ်း တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်တွင် သတင်းမီဒီယာများနှင့် လက်ခံတွေ့ဆုံခဲ့သည်။
ဖမ်းမိခဲ့သည့် ပစ္စည်းများ
ဖမ်းမိခဲ့သည့် ပစ္စည်းများ
ထိုသို့ လက်ခံတွေ့ဆုံစဉ် ရှေး ဦးစွာ သတင်းထောက်တစ်ဦး၏ တင်ပြချက်တစ်ခုဖြစ်သော ကုန်စည် စီးဆင်းရာ လမ်းမကြီးတစ်လျှောက် ရှိ အချို့သောဂိတ်များတွင် ခရီး သည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် များကို ဒေသ အဖွဲ့အစည်းတချို့က လုံခြုံရေး အကြောင်းပြချက်ဖြင့် ဂိတ်များ ပိတ်ထားပြီး သတ်မှတ်ငွေကြေးများ တောင်းယူ ၍ ငွေကြေးပေးဆောင်သည့် ယာဉ်များကိုသာ ဂိတ် ဖွင့်ပေးသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြန်လည် ရှင်းလင်းရာတွင် ယင်းတို့ အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ် လုံခြုံစိတ်ချနိုင်စေရန်အတွက် လုံခြုံရေးဂိတ်များအား အချိန် အကန့် အသက်ဖြင့် ပိတ်ထားရခြင်း ဖြစ်ကြောင်း၊ ထိုသို့ပိတ်ထားစဉ်တွင်လည်း ခရီး သည်တင်ယာဉ်နှင့်ကုန်တင်ယာဉ်များ အား အထူးတလည်ရှာဖွေစစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါတွင် ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် အတွက် ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားရှိပြီး ဖြစ် ကြောင်းပြောသည်။
အဆိုပါ သတင်းထောက်၏ တင်ပြချက်အရသိရသည်မှာ ဂိတ်ပိတ်ထားပြီး ငွေကြေးတောင်းခံသူသည် စကား မပြောတတ်သူ တစ်ဦးဖြစ် ကြောင်းနှင့် သတ်မှတ်ငွေကြေး ပေးဆောင် ပြီးမှသာ လုံခြုံရေးဂိတ်ဖွင့် ပေးခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ လတုန်းက နမ့်ခမ်း ဆေးရုံဖွင့်ပွဲအတွက် သွားပါတယ်။ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါဘူး၊ သတင်း မီဒီယာ ၃ယောက် ပါပါတယ်။ အဲဒီမှာတွေ့ခဲ့ရတဲ့ အတွေ့အကြုံပါ။ ဒါလေးတွေက မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်။ လာတောင်းတဲ့သူက စကားမပြောတတ်ဘူး။ အဲဒီဟာ ပေးပြီးမှ ဒီကား ထွက်လို့ ရတယ်” ဟု အစချီ၍ ယင်းအနေနှင့် ယခု လိုတင်ပြရခြင်းမှာလည်း တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် စေတနာ အရင်းခံဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောသည်။
ယင်း၏ တင်ပြချက်အား မြို့ နယ်ရဲတပ်ဖွဲ့မှူးမှ ပြန်လည်ရှင်းလင်း ချက်နှင့်ပတ်သက်၍ အဆိုပါ ဖြစ် ရပ်များအား ယခင်က ကြုံဖူးကြားဖူး ခြင်း ရှိ/မရှိနှင့် ကြုံဖူးကြားဖူးပါ က မည်သို့သော ညွှန်ကြားချက်မျိုး ဖြင့် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားပေးလို သည့် ဆန္ဒရှိ/မရှိကို ပြည်ထောင်စု ဝန်ကြီးအား မြန်မာ အင်ဒီပဲန်ဒင့် က ဆက်လက်မေးမြန်းရာတွင် ယခင်တုန်းကလည်း သိရှိပြီးဖြစ်ကြောင်း၊ ယင်းတာဝန်ယူ ဆောင်ရွက် ချိန်မှ စတင်ပြီး ထိုသို့သောဖြစ်ရပ် များအား ပြင်းပြင်းထန်ထန် သတိပေးထားရှိ ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ လည်း အထောက်အထားခိုင်ခိုင် မာမာဖြင့် တင်ပြတိုင်ကြားလာပါက ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည် သာဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြန်လည်ဖြေ ကြားသည်။
“ဒါတွေပေးမှ တံခါးဖွင့်ပေးတယ် ဆိုတာမျိုးကို ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပျောက်ကွယ်အောင် လုပ်ရမှာပေါ့။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင် ပြီးတော့ အကောင်းဆုံး လုပ်သွားပါမယ်၊ အတိအကျ တိုင်ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” ဟုယင်းကဆိုသည်။
ကုန်ပစ္စည်းများအား တရားမဝင် မှောင်ခိုတင်သွင်းခြင်းနှင့် ပတ်သက်၍လည်း တင်သွင်းသူသာ မကဘဲ ခွင့်ပြုသူကိုပါ အထောက်အထား နှင့်တကွ တင်ပြ တိုင်ကြား လာပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး သတင်းပေး တိုင်ကြားသူကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ယင်းက ပြောပါသေး သည်။
စားသုံးသူ အကာအကွယ်ပေးရေး နှင့် တရားမဝင် မှောင်ခိုတားဆီးရေး (Mobile Team) အဖွဲ့အနေနှင့် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မူဆယ်-မန္တလေးနှင့် မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ် တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ပညာပေး ကာလအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ ဖမ်းဆီး အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍ လည်းမှောင်ခိုလမ်းကြောင်း အသစ် များကိုပါ စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက် အောက်ရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးညွန့်အောင်၏ ပြောပြချက် အရသိရသည်။
ယခင်က ပြည်ထောင်စုလမ်းမ ကြီးများဖြင့် အသုံးပြုခဲ့သည့် တရား မဝင်မှောင်ခိုတင်သွင်းသူများအနေ ဖြင့် မှောင်ခို လမ်းကြောင်းသစ်များ အဖြစ် ရေလမ်းခရီး တွင် မြန်မာ ပြည်အောက်ပိုင်း ကော့သောင်းမြို့မှ ရန်ကုန်မြို့ သို့ ပင်လယ်ရေကြောင်း ဖြင့်လည်းကောင်း၊ အထက်ပိုင်း တွင် ကချင်ပြည်နယ် လွယ်ဂျယ်-ဗန်းမော်မှတစ်ဆင့် မန္တလေးဂေါဝိန် ဆိပ်ကမ်းသို့ ဧရာဝတီမြစ်ကြောင်း ဖြင့်လည်းကောင်း၊ ကုန်းလမ်းခရီး တွင် မော်လမြိုင်မှ ရန်ကုန်သို့လည်း ကောင်း၊ လားရှိုးမှ မန္တလေးသို့ လည်းကောင်း အသီးသီး ရထား လမ်းကြောင်းဖြင့် ပြောင်းလဲ ဝင် ရောက်လျက် ရှိကြောင်းနှင့် မြန်မာ နိုင်ငံတွင် နယ်စပ်မှ တရားမဝင် မှောင်ခိုတင်သွင်းမှု သည် တရားဝင် ကုန်သွယ်မှု၏ ၁၉ ဆရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်   ရေးဝန်ကြီးဌာနသတင်း ထုတ်ပြန် ချက်အရ သိရသည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် အေးခဲကြက်သားများကို မီးရှို့ဖျက်ဆီးခဲ့သည်
သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် အေးခဲကြက်သားများကို မီးရှို့ဖျက်ဆီးခဲ့သည်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား