img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, January 15, 2013

Paris Club အဖွဲ့ဝင်နိုင်ငံများမှ ချေးယူထားသည့် ချေးငွေများ ပြန်လည် ပေးဆပ်ရန်


Paris Club အဖွဲ့ဝင်နိုင်ငံများမှ ချေးယူထားသည့် ချေးငွေများ ပြန်လည် ပေးဆပ်ရန်အတွက် မြန်မာအစိုးရက စတင် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Paris Club မှ ကြွေးမြီများ ပြန်လည် ရှင်းလင်း ဆပ်နိုင်ရန်အတွက်   ပြည်ထောင်စုအစိုးရအဖွဲ့က Paris Club ကြွေးမြီရှင်းလင်းရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်တီတို့ကို  ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဘဏ္ဍာ/အခွန် ဒုတိယ၀န်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည့် Paris Club ကြွေးမြီရှင်းလင်းရေး ဦးစီးကော်မတီသည် Paris Club ၁၀ နိုင်ငံ၏ ကြွေးမြီရှင်းလင်းရေးကိစ္စ ဆောင်ရွက်နိုင်ရေးအတွက် Paris Club နှင့် ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြွေးမြီ ရှင်းလင်းရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Paris Club ကြွေးမြီရှင်းလင်းရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ယင်းလုပ်ငန်းကော်မတီ က Paris Club ကြွေးမြီများအား နိုင်ငံအလိုက် မူလချေးငွေ၊ ပြန်လည် ပေးဆပ်ပြီး ချေးငွေ၊ ပေးဆပ်ရန် ကျန်ငွေတို့ကို စိစစ်ခြင်း၊ Paris Club ကြွေးမြီများ ရယူသုံးစွဲသည့် ၀န်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ပြုစုခြင်းနှင့် ကြွေးမြီများ ရှင်းလင်းရေးအတွက် လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပေးဆပ်ရမည့် ချေးငွေမှာ ဒိန်းမတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၁၀၀ သန်း၊ ဂျာမနီသို့ အမေရိကန်ဒေါ်လာ ၁၅၇၉ ဒသမ ၈၀၀သန်း၊ ကနေဒါနိုင်ငံသို့ အမေရိကန်ဒေါ်လာ  ၈ ဒသမ ၃၀၀ သန်း၊ ဖင်လန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၀၀ သန်း၊ ပြင်သစ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၉၉၇ ဒသမ ၂၀၀ သန်း၊ အီတလီနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၀၀ သန်း၊ နယ်သာလန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၀၀ သန်း၊ နော်ဝေနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၁၃ ဒသမ ၄၀၀ သန်း၊ သြစတြီးယားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၆၈ ဒသမ ၃၀၀ သန်း၊ အင်္ဂလန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၈၀ ဒသမ ၂၀၀သန်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့သည့် သ၀ဏ်လွှာအရ သိရပါသည်။http://www.news-eleven.com

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား