တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး ကုမ္ပဏီတို့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာ ထိပ်တန်း
လုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်ရန် စီစဉ်နေ
ဂျပန် ထိပ်တန်း မော်တော်ယာဉ်လုပ်ငန်းများဖြစ်သော တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါနှင့် ဆူဇူကီးကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနေပြီး ဇူလိုင်လအတွင်း ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးပါက မြန်မာထိပ်တန်းလုပ်ငန်းကြီးအချို့နှင့် အကျိုးတူဖက်စပ် (Joint Venture-J.V) ဆောင်ရွက်ရန် ချိတ်ဆက်ညှိနှိုင်းနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

"ဂျပန်ထိပ်တန်း ကားကုမ္ပဏီကြီးတွေ လာဆွေးနွေးနေတယ်။ သူတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအတည်ပြုပြဋ္ဌာန်းတာကို စောင့်နေတဲ့သဘော။ ပြဋ္ဌာန်းပြီးရင် နိုင်ငံခြားလုပ်ငန်းတွေ ပိုပြီးလှုပ်ရှားလာနိုင်တယ်။ ကုန်ထုတ်လုပ်မှုနဲ့ စက်မှုပိုင်းမှာ ပြည်တွင်းပုဂ္ဂလိကနဲ့ J.V တွေများနိုင်တယ်။ သတ္တုနဲ့ စွမ်းအင်ပိုင်းမှာတော့ အစိုးရနဲ့ J.V လုပ်ဖို့ သူတို့ပိုစိတ်ဝင်စားတယ်"ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ အကြံပေး ပညာရှင် ဦးကျော်ဒွန်းက ပြောကြားပါသည်။
အဆိုပါ ဂျပန်ကားကုမ္ပဏီများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း ယခုနှစ် နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော် သမ္မတကြီး၏ ဂျပန်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရရှိခဲ့ကြသည့် မြန်မာလုပ်ငန်းရှင်များကလည်း ဂျပန်မော်တော်ယာဉ်လုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂျပန်ခရီးစဉ်သို့ လိုက်ပါခွင့်ရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား