ရန်ကုန်-နေပြည်တော်
အဝေးပြေးလမ်း ၁၁၅ မိုင်တွင် ကြက်ခြေနီအသင်းရုံး တည်ဆောက်နေကြောင်း၊
ယင်းတည်ဆောက်မှုကို စင်ကာပူနိုင်ငံမှ ကူညီပံ့ပိုးကြောင်း သိရသည်။
“အဝေးပြေးလမ်းမပေါ်က ယာဉ်တိုက်မှုတွေ အပါအဝင် တခြား ဘေးအန္တရာယ်တွေအတွက်
အခုလို ကြက်ခြေနီအသင်းရုံးကို တည်ဆောက်ရခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းမှ ညှိနှိုင်းရေးမှူး ဒေါက်တာအောင်ကျော်ထွဋ်က ပြောသည်။
ထို့ပြင် အဆိုပါ အသင်းရုံးအတွက် လူနာတင်ယာဉ် လုပ်ငန်းတွင်
ထမ်းဆောင်နိုင်ရန် ရှေးဦးပြုစုခြင်းပညာ ကျွမ်းကျင်မှုသင်တန်းများ ပို့ချ
သင်ကြားပေးလျက်ရှိကြောင်း၊ အသင်းရုံးတွင် တယ်လီဖုန်းမှတ်တမ်း
ထိန်းသိမ်းရေးနှင့် ကြက်ခြေနီ အဖွဲ့ဝင်များကို ၂၄ နာရီ
ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
“စီစဉ်နေတာ ငါးလကြာပါပြီ။ စင်ကာပူကတော့
လူနာတင်ယာဉ် ၁၀ စီး လှူဒါန်းမယ်လို့ သိရပါတယ်။ နောက်ပြီး အဆောက်အအုံ
ဆောက်လုပ်မှု အတွက်လည်း ပါဝင်မယ်လို့သိရပါတယ်။ အခု ၁၁၅ မိုင်အနီးမှာ ရှိတဲ့
စားသောက်ဆိုင်က စားပွဲထိုးတွေကို ဘေးဒုက္ခအရေးကြုံလာရင် ကယ်ဆယ်လို့ရအောင်
ရှေးဦးပြုစုခြင်း အတတ်ပညာကို သင်ကြားပို့ချပေးနေပါတယ်” ဟု မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောသည်။ ၁၁၅ မိုင်တွင်
ကြက်ခြေနီအသင်းရုံး တည်ဆောက်ရခြင်း ရည်ရွယ်ချက်အား မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် “ဆေးရုံ၊ ဆေးခန်းတွေနဲ့
မနီးတဲ့နေရာမှာ ထားရှိတဲ့အတွက် ဘေးဒုက္ခအရေးကြုံလာရင် လူအသက်ရှင်ရေးအတွက်
ကယ်ဆယ်လို့ ရအောင်ပါ။ နောက်ပြီး လူနာတင်ယာဉ် ထားရှိတယ်ဆိုတာကလည်း ဆေးရုံကို
အချိန်မီ ရောက်ရှိစေရေးအတွက်ပါ” ဟု ရှင်းပြသည်။ ထို့ပြင် ၁၁၅ မိုင်ရှိ
ကြက်ခြေနီအသင်းရုံးမှ ၎င်းဒေသနှင့် အနီးတစ်ဝိုက်ရှိ ရဲစခန်းများနှင့်
ချိတ်ဆက်ထားရှိပြီး လိုအပ်ပါက အကူအညီတောင်းဆိုရန်အတွက်
ဖုန်းနံပါတ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးသွားမည်ဟု ၂၀၁၂
ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား