ညနေ ၅ နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
ယနေ့ နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ ပြောသည်။
ရဲနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်းဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အား ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း၏ နေအိမ်သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။
မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖော်လိုသူ တပ်အရာရှိတဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။
လူမျိုးရေးအကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖော်ဖြစ်သူက ဓားနှင့် ထိုးသဖြင့် ဇနီးဒေါ်သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာဦးခင်မောင်လတ်အား ဆေးရုံသို့ တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား