img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 1, 2012

အာရှတွင် PC ကွန်ပျူတာများကို ကျော်တက်ပြီး မိုဘိုင်းဖုန်း အသုံးပြုမှု တဟုန်ထိုး ခေတ်စားလာ


Photo
အာရှ-ပစိဖိတ် ဒေသသည် သမားရိုးကျ ကွန်ပျူတာ အသုံးပြုမှုကို စွန့်ခွာကာ မိုဘိုင်းပစ္စည်းများ အသုံးပြုမှု တဟုန်ထိုး ခေတ်စားလာကြောင်း ဂူဂဲလ် ထိပ်တန်း အမှုဆောင်တစ်ဦးက ဇွန်လ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။  ဂူဂဲလ် အာရှ-ပစိဖိတ် ဒေသ၏ စီးပွားရေးဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ Aliza Knox က စမတ်ဖုန်းနှင့် သင်ပုန်း ကွန်ပျူတာများသည် ဒေသတွင်း အင်တာနက် အသုံးပြုမှုတွင် အခြေခံကျသော ပစ္စည်းများ ဖြစ်လာကြပြီ ဖြစ်ကြောင်း၊ အာရှဒေသတွင် မိုဘိုင်းဖုန်းနဲ့ ပတ်သက်ပြီး အဆုံးမသတ်နိုင်သော အာသီသများ ပြင်းထန်လာကြောင်း၊ စင်ကာပူတွင် ကျင်းပသော Communic Asia နည်းပညာပြပွဲ၏ ဖိုရမ်တစ်ခုတွင် ပြောကြားသည်။ ဒေသတွင်း စီးပွားရေး
အင်အားကြီးနိုင်ငံများ ဖြစ်ကြသော စင်ကာပူ၊ ဟောင်ကောင်၊ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့တွင်ပင်လျှင် စမတ်ဖုန်း အသုံးပြုမှုသည် အမေရိကန်နိုင်ငံထက် အသုံးများကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင် အင်တာနက် ရှာဖွေမှု၏ ၇၄ ရာခိုင်နှုန်းသည် မိုဘိုင်းမှတစ်ဆင့် အသုံးပြုကြသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အင်တာနက် အသုံးပြုသူ ၇၈ ရာခိုင်နှုန်းသည် သင်ပုန်းကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းဖြင့် အင်တာနက် အသုံးပြုကြသည်။ ဂျပန်နိုင်ငံတွင် လူတစ်ဦး၏ ဖုန်းထဲတွင် ပျမ်းမျှ Application ၄၅ ခုရှိပြီး၊ တောင်ကိုရီးယားတွင် ၄၂ ခုနှင့် အမေရိကန်တွင် ၂၃ ခုစီ ရှိကြသည်။

၂၀၁၅ ခုနှစ်တွင် အာရှတိုက်၌ လူနှစ်ဦးလျှင် တစ်ဦးသည် မိုဘိုင်းဖြင့် အင်တာနက် အသုံးပြုလာကြမည် ဖြစ်ပြီး ဒေသတွင်းရှိ လူတစ်ယောက်၏ ပထမဆုံး အင်တာနက် အတွေ့အကြုံသည် မိုဘိုင်းနှင့်ပင် စတင်လိမ့်မည်ဟု သိရသည်။ Knox ၏ အဆိုအရ လူအများစုသည် သူတို့နှင့် သုံးပေအတွင်း အနည်းဆုံး မိုဘိုင်းပစ္စည်း တစ်မျိုးမျိုးကို ထားတတ်ပြီး ယင်းတို့ကို တစ်နေ့ အကြိမ် ၄၀ ခန့် စစ်ဆေးနေတတ်သည်ဟု ဆိုသည်။ လူလေးဦးလျှင် တစ်ဦးသည် ရေချိုးခန်းသို့  မိုဘိုင်းပစ္စည်းများ ယူသွားတတ်ပြီး သုံးဦးတွင် နှစ်ဦးက အိပ်ရာဘေးတွင် မိုဘိုင်းပစ္စည်းများ ထားပြီး အိပ်တတ်ကြသည်။ ဆိုနီနှင့် နီတန်းဒိုးကဲ့သို့သော လျှပ်စစ် အသုံးအဆောင်များနှင့် တွဲဖက်ပြီး ဂိမ်းကစားခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်း စသော ကိစ္စများတွင် မိုဘိုင်းပစ္စည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ Knox က အာရှဒေသတွင် မိုဘိုင်းအသုံးပြုမှု တိုးတက်လာခြင်းအတွက် အဆင်သင့် ပြင်ဆင်ထားကြရန်နှင့် ဂူဂဲလ်က ယခုနှစ်တွင် ဒေသတွင်း၌ လူ ၆၀၀ ခန့် ငှားရမ်းအသုံးပြုပြီး အချက်အလက် စင်တာအသစ်များ တည်ဆောက်ရန် ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံထားကြောင်း ပြောကြားသည်။

ဝေနိုင်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား