img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 1, 2012

တူရကီတိုက်လေယာဉ်ကို ဆီးရီးယားပစ်ချရာတွင် ရုရှားကူညီခဲ့ဟု သတင်းထွက်


Photo


By Planet 2 July, 2012 - 10:51
ဗြိတိန်နိုင်ငံမှ သတင်းစာတစ်စောင်က ဆီးရီးယားစစ်တပ်က တူရကီ တိုက်လေယာဉ်ကို ပစ်ချရာတွင် ရုရှားက အကူအညီ ပေးခဲ့ကြောင်း  စွပ်စွဲ ရေးသားလိုက်သည်။ အမေရိကန်၏ မဟာမိတ်အုပ်စု NATO မှ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော တူရကီ၏ တိုက်လေယာဉ် တစ်စင်းသည် လက်နက် တပ်ဆင်ထားခြင်း မရှိဘဲ သုတေသန လုပ်ငန်းအတွက် ပျံသန်းရင်း ဆီးရီးယား လေပိုင်နက်ထဲ မတော်တဆ ကျွံဝင်မိခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ လေပိုင်နက်ထဲ ပြန်လည် ရောက်ရှိလာချိန်မှ ပစ်ချခံရခြင်းဟု တူရကီက စွပ်စွဲထားသည်။


BBC သတင်းဌာနက ယင်းကိစ္စနောက်ပိုင်း တူရကီသည် နယ်စပ်တွင် လေယာဉ်ပစ် တပ်ဖွဲ့များကို ဖြန့်ကျက်ထားကြောင်း ဖော်ပြခဲ့သေးသည်။ ယခုအခါ The Sunday Times သတင်းစာက အရှေ့အလယ်ပိုင်း ဒေသမှ အမည်မဖော်သည့် သံအရာရှိတစ်ဦး၏ အဆိုကို ကိုးကားပြီး ဆီးရီးယား၏ ရန်လိုသော အပြုအမူ နောက်ကွယ်တွင် ရုရှားရှိနေကြောင်း ဖော်ထုတ် ရေးသားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆီးရီးယားအလယ်ပိုင်း ဒေသရှိ ဒုံးကျည်စခန်းများတွင် လက်ရှိအချိန်ထိ ရုရှား ပညာရှင်များ ရှိနေဆဲ ဖြစ်သောကြောင့်ဟုလည်း သတင်းစာက ဆိုသည်။


အစ္စရေး လေတပ်အရာရှိတစ်ဦးက "ဒါဟာ ရုရှားပညာရှင် တစ်ယောက်ရဲ့ လက်ချက်ဆိုရင် ကျွန်တော်တို့ အံ့ဩစရာ မရှိဘူး။ တကယ်လို့ သူတို့ဟာ ပစ်တဲ့ခလုတ်ကို မနှိပ်ဘူးဆိုရင်တောင် နှိပ်တဲ့ ဆီးရီးယား အရာရှိရဲ့ဘေးမှာ ရပ်နေလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။ "ဒီကိစ္စဟာ ရုရှားလက်ချက် မကင်းပါဘူး" ဟုလည်း သံအရာရှိ တစ်ဦးက ဆိုသည်။ ရုရှား သတင်းဌာနများကမူ အဆိုပါ လေယာဉ်သည် ဆီးရီးယား ဝေဟင်ပိုင်နက်ကို ကျူးကျော် ဝင်ရောက်လာသဖြင့်သာ ပစ်ချခဲ့ခြင်းဟု ဖော်ပြရေးသား ခဲ့ကြသည်။

Source: UPI

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား