img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 4, 2012

ရထားစီးခရီးသည်များ နည်းပါးလာမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားမှုများ ရှိ


ရထားစီးခရီးသည်များ နည်းပါးလာမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားမှုများ ရှိလာကြောင်း  ၂၁-၆-၂၀၁၂ ရက်က သိရသည်။ မီးရထားခရီးစဉ် အချို့တွင် ရထားစီးသူ ခရီးသည်များ နည်းပါးလာသည့်အတွက် ခရီးစဉ်များ ရပ်စဲခြင်းများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ဘူတာရုံများမှ တာဝန်ရှိ ရုံပိုင်များနှင့် နေပြည်တော် မြန်မာ့မီးရထားရုံးချုပ်ရှိ ခရီးသည်ဌာနမှ ပြောကြားချက်အရ သိရသည်။ ရထားခရီးစဉ် လျှော့ချမှုများမှာ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ခေတ္တရပ်နားခဲ့သော မန္တလေး-နေပြည်တော် ၂၅ အဆန်ရထားနှင့် ၂၆ အစုန်ရထား ခရီးစဉ်၊ ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်က မော်လမြိုင်-ရေး လော်ကယ်ရထား ပြေးဆွဲမှုခရီးစဉ်များ ဖြစ်စဉ်များ ဖြစ်ကြောင်း သိရသည်။ မော်လမြိုင်မှ ရေးသို့ ပုံမှန်တစ်ရက်လျှင် လောကယ် အစုန်ရထား တစ်စီးနှင့် အဆန်ရထားတစ်စီး နေ့စဉ် ပြေးဆွဲပေးနေရာမှ ဇွန်လ ၁၁ ရက်မှစ၍ တစ်ရက်အတွက် တစ်စီး လျှော့ချပြေးဆွဲခြင်း ဖြစ်ပြီး ယင်းကဲ့သို့ လျှော့ချပြေးဆွဲခြင်းမှာ ခရီးသည်များ သိသိသာသာ  လျော့ကျလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

 
“ခရီးသည် အရေအတွက်က ဥပမာဆို ၁၀၀ ဦးခန့်ကနေ ၂၅ ဦးလောက်အထိ လျော့သွားလို့ ဒီခရီးစဉ်တွေကို ရပ်လိုက်တာပါ။  ခရီးသည် ပြန်များလာရင် ပြန်ဆွဲပေးမှာပါ။ ဆီမလုံလောက်လို့ ခရီးစဉ်တွေ လျှော့တာ မဟုတ်ပါဘူး။ ဆီအလုံအလောက် ရှိပါတယ်။ နောက်ပြီး မော်လမြိုင်-ရေးက လူစီးသီးသန့် ရထားတွေပဲ နားတာပါ” ဟု မော်လမြိုင် ဘူတာ၏ ရုံပိုင်ကြီးက ပြောသည်။ ယင်းသို့ ရထားစီး ခရီးသည် နည်းပါးလာခြင်းမှာ ရထားများ အချိန်မှန်မှု မရှိခြင်း၊ ခရီးသည်များအား ဝန်ဆောင်မှု လျော့နည်းလာခြင်း၊ စက်ခေါင်းနှင့်တွဲများ စွမ်းရည် ကျဆင်းလာခြင်းအပြင် လမ်းပိုင်းအချို့ ပြုပြင်ရန် လိုအပ်ချက်များကြောင့် ဖြစ်ကြောင်း ရထားစီးခရီးသည် အချို့၏ ပြောပြချက်အရ သိရသည်။ မြန်မာ့မီးရထား အနေဖြင့် ယင်းကဲ့သို့ ခရီးသည် အလွန်နည်းပါးလာသည့် ခရီးစဉ်များ ရှိပါက ဆက်လက် လျှော့ချသွားမည် ဖြစ်ပြီး ခရီးသည်များသော ခရီးစဉ်များအားလည်း တိုးချဲ့ပြေးဆွဲ ပေးသွားမည် ဖြစ်သည့်အပြင် မြန်မာ့မီးရထားမှ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး ရထားလမ်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

YTTA

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား