img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, July 3, 2012

ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို များများခိုင်းရန်နှင့် လွှတ်တော်ကော်မတီ၊ ကော်မရှင်များကို များများတာဝန်ပေးကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား





ဇွန်လ ၃၀ ရက်နေ့က MICT တွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တွေ့ရစဉ်
ပြည်သူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို များများခိုင်းရန်နှင့် လွှတ်တော်ကော်မတီ၊ ကော်မရှင်များကို များများတာဝန်ပေးကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃၀ ရက်နေ့ကပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

''ဒီနေ့တင်ပြချက်များကို သက်ဆိုင်ရာ ကော်မတီအသီးသီးနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ သေသေချာချာ အလေးထားဆောင်ရွက်ပြီးတော့ သက်ဆိုင်ရာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများနဲ့ အောက်ခြေမှာ ညှိနှိုင်းလို့ အဆင်ပြေရင် အောက်ခြေမှာတင် ပြီးသွားပြီးတဲ့အခါမှာ အဆင်ပြေမှုမရှိဘူးဆိုရင်တော့ လွှတ်တော်ကိုတက်ပါ။ လွှတ်တော်မှာ အဆင်ပြေအောင် တတ်နိုင်သမျှ ကြိုစားဆောင်ရွက်သွားဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တယ်။ ပြည်သူများက လွှတ်တော်ကိုယ် စားလှယ်များကို တာဝန်ပေးလိုက်တယ်။ ဘာကြောင့်လဲဆိုတဲ့အခါမှာ ပြည်သူတွေအောက်ခြေမှာ ဘာတွေဖြစ်နေလဲ။ ပြည်သူတွေ ဘာတွေလိုအပ်နေသလဲ။ ပြည်သူ့ဆန္ဒ ဘယ်လိုရှိလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော် မေတ္တာရပ်ခံ တိုက်တွန်းထားတာက မြင်အောင်ကြည့်ပါ။ ကြားအောင်နားထောင်ပါ။ ပြီးတဲ့အခါမှာ လွှတ်တော်မှာ မှန်ကန်စွာတင်ပြနိုင်ဖို့ ဆောင်ရွက်ပါလို့ ဒီလိုတိုက်တွန်းထားပေမယ့် ကော်မတီများအနေနဲ့ မိမိတို့ သက်ဆိုင်တဲ့ ကော်မတီမှာ တာဝန်ရှိတဲ့ လုပ်ငန်းဆောင်တာကိစ္စများကို လည်း ကော်မတီအလိုက် စေတနာ ထားဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပြီး ဖြစ်ပါတယ်။ နိဂုံးအနေနဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များကို များများခိုင်းပါ။ လွှတ်တော်ကော်မတီများကိုလည်း များများတာဝန်ပေးပါ။ ဒီတာဝန်ဟာ မလွဲမသွေ ဆောင်ရွက်ရမယ့် တာဝန်ဖြစ် ပါတယ်''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေအောက်ခြေမှာ ဘာတွေဖြစ်နေလဲ။ ပြည်သူတွေ ဘာတွေလို အပ်နေသလဲ။ ပြည်သူ့ဆန္ဒ ဘယ်လိုရှိလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော်မေတ္တာရပ်ခံ တိုက်တွန်းထားတာက မြင်အောင်ကြည့်ပါ။ ကြားအောင် နားထောင်ပါ။ ပြီးတဲ့အခါမှာ လွှတ်တော်မှာ မှန်ကန်စွာ တင်ပြနိုင်ဖို့ ဆောင်ရွက်ပါလို့
ယင်းနေ့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များက စီးပွားရေးလုပ်ဆောင်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ချမှတ်ထားသည့် မူဝါဒအချို့ လွဲချော်နေပုံများ၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုအပါအ၀င် အပိုကုန်ကျစရိတ်များ ပြားနေမှုများ၊ ငွေလဲလှယ်နှုန်းကိစ္စရပ်များ၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာပါက တွေ့ကြုံရမည့် အားနည်းချက် အားသာချက်များ၊ အသေးစား အလတ်စားလုပ်ငန်းများနှင့် ပတ်သက်သည့် တင်ပြချက်များ၊ အခွန်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီ၊ ကော်မရှင်များနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်း၊ မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်)၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းများမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက တင်ပြဆွေးနွေးခဲ့ကြသည်။            

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား