img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

အွန်လိုင်းမှ မီတာဆောင်ခြင်း မန်းတွင် ဝန်ဆောင်မှုပေးမည်



အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းကို ဇူလိုင်လ၌ မန္တလေးတိုင်း ဒေသကြီးတွင် ဝန်ဆောင်မှု ပေးမည်ဟု ရတနာပုံ တယ်လီပို့မှ သိရသည်။ လက်ရှိတွင် အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးဆောင်ခြင်းကို နေပြည်တော်တစ်ခုသာ ဝန်ဆောင်မှု ပေးထားရာ၌ အွန်လိုင်းတွင် တိုက်ရိုက် မီတာခ ပေးဆောင်နိုင်ခြင်း မရှိဘဲ ဘဏ်များမှ တစ်ဆင့် ပေးဆောင်နိုင်ခြင်းသာ ရှိသေးကြောင်း သိရသည်။


“လောလောဆယ်တော့ ဘဏ်တွေက တစ်ဆင့်ပဲ မီတာခ ဆောင်ခွင့်ရရှိဦးမှာပါ။ Portal ပေါ်မှာ တိုက်ရိုက် ပေးဆောင်ဖို့အတွက်တော့ မန္တလေးတိုင်းဒေသကြီး အတွင်း ဝန်ဆောင်မှု စပေးတာနဲ့ ဆောင်ရွက်ပေးမှာပါ။ လာမယ့် ဇူလိုင်လထဲမှာတော့ ပွဲတစ်ပွဲ ပြုလုပ်ပြီး ဝန်ဆောင်မှုကို မိတ်ဆက်သွားမှာပါ” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီမှ Project Manager ကိုအောင်စံမြတ်က ပြောသည်။ အဆိုပါ ဝန်ဆောင်မှုစတင်ပါက လက်ရှိ ဝန်ဆောင်မှုပေးနေသည့် ဘဏ်များဖြစ်သော အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် (AGD)၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် (MOB)၊ သမဝါယမဘဏ် (CB Bank) နှင့် ယူနိုက်တက် အမရာဘဏ်တို့တွင် ပေးဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ပေးဆောင်ရန် ဘဏ်စာရင်း ဖွင့်ထားရမည် ဖြစ်ပြီး ဘဏ်စာရင်း မရှိပါကလည်း မီတာသုံးစွဲခ ယူဆောင်၍ ဘဏ်ကောင်တာများတွင် ပေးဆောင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မီတာရုံးမှာ လူတန်းစီရတာတွေ များနေရင် ဘဏ်ကောင်တာမှာ မီတာခနဲ့ ဘီလ်ဆောင်ခပေးပြီး ဆောင်နိုင်ပါတယ်။ နောက်ပိုင်း ဈေးဝယ်စင်တာတွေမှာပါ ဝန်ဆောင်မှုတွေ ထားရှိသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ ဝန်ဆောင်ခအဖြစ် ဘဏ်စာရင်း ဖွင့်လှစ်ခ ကျပ်တစ်သောင်းနှင့် မီတာတစ်လုံး ဘီလ်ဆောင်ခ ကျပ် ၅၀၀ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၌ အွန်လိုင်းမီတာခ ပေးဆောင်ခြင်းအား ဝန်ဆောင်မှုပေးရန် စီစဉ်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးကိုမူ ဝန်ဆောင်မှုပေးရန် အစီအစဉ် မရှိသေးကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

အောင်ဇော်
http://www.yatanarpon.com.mm/news/news-60985

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား