img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

ကျပ်ငွေတန်ဖိုး တည်ငြိမ်စေရန် ပြည်တွင်း၌ ဒေါ်လာဖြင့် သုံးစွဲခြင်း မရှိသင့်ဟုဆို


Photo

ကျပ်ငွေတန်ဖိုး တည်ငြိမ်စေရန် ပြည်တွင်း၌ ဒေါ်လာဖြင့် သုံးစွဲခြင်း မရှိသင့်ဟုဆို

By Popular News 7 June, 2012 - 16:04
မြန်မာနိုင်ငံသားများ ဒေါ်လာဖြင့် ငွေပေးချေ သုံးစွဲနေသော စနစ်ကို ပပျောက်အောင် ပြုလုပ်သင့်ပြီဖြစ်ကြောင်း  နိုင်ငံတော်ငွေကြေး အကြံပေး အဖွဲ့ဝင် ဦးသန်းလွင် (ဗဟိုဘဏ် ဒုဥက္ကဋ္ဌ-ငြိမ်း) ကပြောသည်။ “ဒေါ်လာငွေနဲ့ ပေးချေတာကို လက်ခံတာတွေကို ဖျောက်ပစ်ရမယ်၊ နိုင်ငံသားတိုင်းဟာ ကျပ်ငွေကိုပဲ ကိုင်ဆောင် သုံးစွဲကြရမယ်၊ နိုင်ငံခြားသားတွေ ငွေပေးချေရင်လည်း ကျပ်ငွေနဲ့ပဲ လက်ခံရမယ်” ဟု ၎င်းက ပြောသည်။ နိုင်ငံသားများမှ နိုင်ငံခြားငွေ ကိုင်ဆောင်၍ ငွေပေးချေမှု ပြုလုပ်နေခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မတည်ငြိမ်ခြင်း၊ ဈေးကစားခြင်း၊ မှောင်ခိုဈေးကွက် ပေါ်ပေါက်လာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများတွင် ၎င်းတို့နိုင်ငံ ငွေကြေးများဖြစ်သော ဘတ်ငွေ၊ စင်ကာပူ ဒေါ်လာငွေဖြင့်သာ ငွေပေးချေခြင်းကို လက်ခံပြီး ကန်ဒေါ်လာများဖြင့် ငွေပေးချေမှုကို လက်ခံခြင်း မရှိကြောင်း ၎င်းထံမှ သိရသည်။ “သူတို့ဆီမှာ ငွေလဲကောင်တာတွေက နေရာအနှံ့မှာ ရှိတယ်။ ဒေါ်လာနဲ့ပေးရင် လက်မခံဘူး။ ငွေလဲကောင်တာမှာ သွားလဲပြီး မငွေချေခိုင်းတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
 

ဒေါ်လာဖြင့် ငွေပေးချေခြင်းနှင့် ပတ်သက်၍ တက္ကစီ ယာဉ်မောင်းတစ်ဦးက “ဆူးလေကနေ ၁၀ မိုင် လေဆိပ်ကို ကျပ် ၆၀၀၀ တောင်းတာမှာ တစ်ဒေါ်လာတန်လေးရွက်နဲ့ ကျပ်ငွေသုံးထောင်ပေးသွားတယ်။ တစ်ဒေါ်လာတန်ကို ငွေလဲတဲ့အခါ တစ်ရွက်မှာကျပ် ၆၀၀ ကျော် လောက်ပဲရတာကို မသိဘူး။ အဲတာ့ ငွေကအပြည့်မရဘဲ နစ်နာရတယ်” ဟုပြောသည်။ ထိုကဲ့သို့ ပြည်တွင်းသုံး ငွေကြေးဖြင့်သာ ငွေပေးချေစေရန်အတွက် ငွေလဲကောင်တာများမှာ ငွေသုံးစွဲနိုင်သည့် နေရာအနှံ့တွင် ဖွင့်လှစ်ထားရန် လိုအပ်ပြီး ဘဏ်မဟုတ်သော အခြားလုပ်ငန်းရှင်များကိုပါ ငွေလဲကောင်တာ ဖွင့်လှစ်ခွင့် လိုင်စင်များချထားပေးရန် လိုအပ်ကြောင်း ၎င်းထံမှ သိရသည်။ လက်ရှိတွင် နိုင်ငံသားတိုင်း နိုင်ငံခြားငွေ အကောင့်ဖွင့်လှစ်၍ ကားဝယ်ယူခွင့်ပြုထားခြင်းကြောင့် နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ဒေါ်လာငွေရှားပါးမှုများ ဖြစ်ပေါ်နေကြောင်း ငွေလဲကောင်တာများထံမှ သိရသည်။ “အိမ်နီးချင်း နိုင်ငံတွေမှာလည်း နိုင်ငံခြားငွေအကောင့်ကို လူတိုင်းဖွင့်ခွင့် ရှိတယ်၊ ဒါပေမဲ့ မဖွင့်ကြဘူး၊ မလိုအပ်ဘူးလေ၊ ကုန်သွယ်ရေးလုပ်နေတဲ့ သူတွေက သူတို့ဘာသာသူတို့ တင်သွင်းကြမယ်၊ ဒါကို နိုင်ငံသားတွေက ဝယ်သုံးကြတယ်” ဟု ဦးသန်းလွင်က ပြောသည်။ နိုင်ငံခြားငွေအကောင့် လူတိုင်းဖွင့်ခြင်းကြောင့် ဘဏ်များအနေဖြင့် ငွေလဲ၊ ငွေသွင်း၊ ငွေထုတ်ဆိုင်ရာ ကိစ္စရပ်များကို ရှုပ်ထွေးစေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဝေယံမိုးမြင့်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား