img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အားပေးထောက်ခံသွားမည်

ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အားပေးထောက်ခံသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြောကြားခဲ့သည်။
 ၎င်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် ပါဝင်သူအားလုံးအား အားပေးထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အကူးအပြောင်း လုပ်ငန်းစဉ် ပန်းတိုင်သို့ ရောက်ရှိရန် ဥရောပသမဂ္ဂနှင့်အတူ တတ်နိုင်သမျှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ပြီး အိမ်ရှင်အဖြစ် လက်ခံကြိုဆိုသွားရန် အဆင်သင့် ရှိနေပါကြောင်းလည်း ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပခရီးစဉ်အတွင်း နောက်ဆုံးနိုင်ငံအဖြစ် ပြင်သစ်နိုင်ငံသို့ လက်ရှိ၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေဖြင့် ဒီမိုကရေစီသာမက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီအတွက် အစားထိုးသည့် အရာတစ်ခု မဟုတ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်များ အားကောင်းလာစေရန် အသုံးပြုရမည်ဖြစ်ကြောင်း လန်ဒန်မြို့၌ ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်တို့သည် ဇွန်လ ၂၆ ရက်နေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Elysee  နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား