img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ နိုင်ငံပိုင်သတင်းစာများ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ်ပွဲ အခမ်းအနား

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ နိုင်ငံပိုင်သတင်းစာများ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကျော်ဆန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။  ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အမှာစကား ပြောကြားရာ၌ အစိုးရသစ်က နိုင်ငံ့တာဝန် စတင်ယူခဲ့သည့်
အချိန်မှစတင်ပြီး နိုင်ငံတော်ကို ပြည်သူ့ဆန္ဒနှင့်အညီ အခြေခံဥပဒေကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်လျက် ရှိနေပါကြောင်း၊ ယခုအခါတွင် Reform Strategy ချမှတ်ပြီး ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်မြှင့် အရှိန်မြှင့်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။ ယနေ့ ကျင်းပသော စာတမ်းဖတ်ပွဲသည် State Media များအား တစ်ဆင့်မြှင့် ပြုပြင်ပြောင်းလဲရေး တစ်နည်းအားဖြင့် State Media များ၏ အသွင်သဏ္ဌာန် အနှစ်သာရကို (Public Service Media) ပြည်သူ့ရေးရာ ဝန်ဆောင်မှု မီဒီယာ၏ အသွင်သဏ္ဌာန် အနှစ်သာရကို ကူးပြောင်းရေးအတွက် အသိအမြင် ဖလှယ်ရန် နည်းလမ်းအကြံဥာဏ်များ ရှာကြံရယူရန် ရည်ရွယ်ပါကြောင်း State Media များသည်လည်း နိုင်ငံတော်အစိုးရ၏ မူဝါဒသဘောထား၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ပြည်သူအား အသိပေး တိုက်တွန်းလိုသော အချက်များကို ရေးသားဖော်ပြရုံသာမက နိုင်ငံတော်အစိုးရနှင့် ဌာနအသီးသီးတို့အပေါ် လိုအပ်ချက်များကိုလည်း အပြုသဘောထောက်ပြ အကြံပြုချက်များပါ ရေးသားဖော်ပြကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရနှင့် ဌာနများ၏ ဆောင်ရွက်မှုများအပေါ် ပြည်သူများ၏ ဆန္ဒသဘောထား တုံ့ပြန်သူများ၊ လိုလားချက် စသည်များကိုပါ ထင်ဟပ်ရေးသား ဖော်ပြကြရမည်ဖြစ်ပါကြောင်း။ တစ်နည်းအားဖြင့် State Media များ၏ အသွင်သဏ္ဌာန် အနှစ်သာရ သဘောမှ (Public Service Media) ပြည်သူ့ရေးရာ ဝန်ဆောင်မှု မီဒီယာ၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရကို ကူးပြောင်းကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် State Media များကို (Public Service Media) ပြည်သူ့ရေးရာ ဝန်ဆောင်မှု မီဒီယာအဖြစ် ကူးပြောင်းရာတွင် (၁) နိုင်ငံတော်အစိုးရ၏ သဘောထားမူဝါဒများ လုပ်ငန်းစဉ်များ၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရေးသားဖော်ပြရန်။ (၂) နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ၏ လုပ်ကိုင် ဆောင်ရွက်မှုများအပေါ် ပြည်သူများ၏ အမြင်၊ ဆန္ဒသဘောထား၊ လိုလားချက်၊ တုံ့ပြန်ချက်များကိုလည်း ထင်ဟပ်ရေးသားရန်။ (၃) နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ၏ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် အပြုသဘောထောက်ပြ အကြံ့ပုချက်များကိုလည်း ရေးသားဖော်ပြရန်ဟူသည့် မျှော်မှန်းချက် (၃)ရပ်နှင့် ညီအောင် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် ဖြစ်ပါကြောင်း ။ (Public Service Media) ပြည်သူ့ရေးရာ ဝန်ဆောင်မှု မီဒီယာ၏ သဘောမှာ ကွပ်ကဲမှု၊ ရန်ပုံငွေ ရယူသုံးစွဲမှု၊ ဝန်ဆောင်မှု၊ Content များမှအစ ကျယ်ပြန့်သော သဘောရှိသည့်အတွက် မိမိတို့အနေဖြင့် ဖြစ်သင့်တာ ဖြစ်နိုင်တာက စတင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ရင့်ကျက်ပြောင်းလဲသွားနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် မီဒီယာသမားများ အားလုံးက နားလည်မှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း။ ယနေ့ စာတမ်းဖတ်ပွဲသည် State Media ကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေကြသော ပြန်ကြားရေးဝန်ကြီးဌာမှ နိုင်ငံ့ဝန်ထမ်းများအတွက် အသိအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်များ ပိုမိုတိုးပွားရရှိနိုင်မည် ဖြစ်သကဲ့သို့ ပြည်ထောင်စု ဝန်ကြီးဌာနများအလိုက် ဖွဲ့စည်းတာဝန် ပေးအပ်ထားသော မီဒီယာဆိုင်ရာ (Contact Person) နှင့် (Media Team) များမှ တာဝန်ရှိသူများ အနေဖြင့်လည်း သတင်းအရေးအသားဆိုင်ရာ၊ သတင်းထုတ်ပြန်ရေးဆိုင်ရာ သဘောသဘာဝများကို ပိုမိုသိမြင် နားလည်ပြီး အနာဂတ်တွင် မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မြှင့်တင်နိုင်ရေးကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။ ထို့ကြောင့် စာတမ်းရှင်များ အပါအဝင် တက်ရောက်လာကြသူ အားလုံးက စိတ်အားထက်သန်စွာဖြင့် ဖတ်ကြားမေးမြန်း ရှင်းလင်းဆွေးနွေးကြပြီး နိုင်ငံပိုင်သတင်းစာများ၏ အနာဂတ်အခန်းကဏ္ဍကို မြှင့်တင်နိုင်အောင်၊ State Media မှ Public Service Media သို့ အဆင့်ဆင့် ကူးပြောင်းနိုင်အောင် နည်းလမ်းများ၊ အကြံဥာဏ်များ၊ အသိအမြင်များ ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း မေတ္တာရပ်ခံပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား