နိုင်ငံခြားငွေ လဲနှုန်းဟူသည် မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုးနှင့် နိုင်ငံခြားငွေကြေး တန်ဖိုးပမာဏ၏ နှိုင်းယှဉ်အချိုးပင် ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံ၏ ငွေကြေးတန်ဖိုး အတက်အကျကို နှိုင်းယှဉ်တိုင်းတာသော ညွှန်ကိန်း (ကိန်းရှင်) ပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲနှုန်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉၀ ကျပ်ကျော် (ကျပ် ၁၀၀၀ နီးပါးခန့်) အထိ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခဲ့နေသည်ကို တွေ့မြင်ရသည်။
ယင်းမှာ ယနေ့ မြန်မာနိုင်ငံက လက်ခံကျင့်သုံးနေသော ထိန်းချုပ်နှုန်းရှင်စနစ် (Managed Floating System) သည် လုံးဝလွတ်လပ်သော နှုန်းရှင်စနစ် (Free (Pure) Floating System) ကဲ့သို့ ဈေးကွက်တစ်ရပ်လုံး၏ ဝယ်လိုအား (Demand) နှင့် ရောင်းလိုအား (Supply) အစရှိသော အခြေအနေများမှ ဖြစ်ပေါ်လာသော ငွေလဲနှုန်း မဟုတ်သေးဘဲ မြန်မာနိုင်ငံဗဟိုဘဏ် (Central Bank of Myanmar) မှ နေ့စဉ် သတ်မှတ်ပေးသည့် ရည်ညွှန်းနှုန်းထားအပေါ် မူတည်ကာ တရားဝင် ဈေးကွက်၏ ဈေးကွက်ဈေးနှုန်း (ပြင်ပဈေးကွက် ဈေးနှုန်းကို မဆိုလိုပါ) ကို ဖြစ်တည်စေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ယင်းတရားဝင် ဈေးကွက်၏ ငွေလဲနှုန်းတွင် မြန်မာကျပ်ငွေ တန်ဖိုးကျခြင်း (သို့မဟုတ်) တက်ခြင်းသည် ဗဟိုဘဏ်၏ ရည်ညွှန်းနှုန်းထား သတ်မှတ်ခြင်းအပေါ် မူတည်သည်။ ဤတွင် အဘယ်ကြောင့် ယင်းကဲ့သို့ ငွေလဲနှုန်း (တစ်နည်းအားဖြင့် မြန်မာကျပ်ငွေနှင့် နိုင်ငံခြား ငွေလဲနှုန်းကို ဖော်ပြ) သည် တက်ရသနည်းဆိုသည်နှင့် ကျရသနည်း (အဘယ်ကြောင့် ရည်ညွှန်းနှုန်းထားကို အတက်အကျ ပြုလုပ်ရသနည်း) ဆိုသည့် အကြောင်းရင်းများ (Reasons and Causes)၊ လှုံ့ဆော်မှုများ (Motives) နှင့် အကျိုးဆက်များ (Consequences) စသည်တို့ကို ကောင်းစွာ သိရှိနားလည်ရန် လိုအပ်သည်။
မြန်မာနိုင်ငံကဲ့သို့ အင်အားသေးငယ်သော တံခါးဖွင့် စီးပွားရေး (Small Open Economy)၊ နည်းပညာ အဆင့်အတန်း နိမ့်ကျဆဲဖြစ်သော စီးပွားရေး (Low Productive Level Economy)၊ စီးပွားရေး အဆောက်အဦ မဖွံ့ဖြိုးသေးသော စီးပွားရေး (Undeveloped Economic Infrastructure)၊ ပြည်တွင်းစုဆောင်းမှု (Domestic Saving) နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု (Domestic Investment) တို့မှာ အချိတ်အဆက်မိမိ မလုပ်ဆောင်နိုင်သေးသော စီးပွားရေး (Low Domestic Saving and Low Domestic Investment) အစရှိသည့် လက္ခဏာများ ရှိနေသေးသော နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ပြောင်းလဲစေနိုင်သော အခြေခံအကြောင်းရင်းများ (Reasons/ Caures) ဖြစ်ပေါ်စေနိုင်သည်။ ယင်းကို အဓိကထိန်းချုပ်စီမံကွပ်ကဲရသော ငွေကြေးအာဏာပိုင် အဖွဲ့ဖြစ်သည့် ဗဟိုဘဏ်၏ မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှုများ (Policy Responses) မှတစ်ဆင့် ယင်းသို့ လုပ်ဆောင်ရန် (တုံ့ပြန်ရန်) အတွက် လှုံ့ဆော်မှုများ (Motives) နှင့် အကျိုးဆက်များ (Consequences) ၏ နှိုင်းယှဉ်သုံးသပ် လေ့လာစူးစမ်းမှုများ (Predictions of Comparative Consequences) ကို လေ့လာရလေ့ရှိသည်။ နိုင်ငံတကာ စီးပွားရေးကော်ပိုရေးရှင်းများ (Multi-national Economic Corporations)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ (Foreign Investors) နှင့် Hedge Fund ဟုခေါ်သော အမြတ်အစွန်းကို ရည်ရွယ်သော ကာလရှည်၊ ကာလတို မဟာဗျူဟာများကို သုံးသော ရင်းနှီးမြှုပ်နှံမှု အဖွဲ့များသည် နိုင်ငံတို့၏ စီးပွားရေး အခြေအနေကို ခြုံငုံသိရှိစေရန် ကြိုးပမ်းကြလေ့ ရှိသကဲ့သို့ အချိန်နှင့်အမျှ ပြောင်းလဲနေသော ယင်းစီးပွားရေး အနေအထားတို့ကို ယင်းနိုင်ငံ၏ စားသုံးသူများ၏ အပြုအမူ တုံ့ပြန်မှုများ (Consumers' Behaviors/Responses) ထုတ်လုပ်သူများ၏ အပြုအမူ တုံ့ပြန်မှုများ (Producers Behaviors /Responses)၊ အစိုးရနှင့် ဗဟိုဘဏ်၏ အပြုအမူတုံ့ပြန်မှုများ (Government and Central Bank's Behaviors/Responses) ကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့ ရှိသည်။
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/3111-ngc#sthash.QQB722Vb.dpuf
Monday, October 20, 2014
နိုင်ငံခြားငွေ လဲနှုန်းဟူသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား