လုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသော ရွှေသံလွင်ကုမ္ပဏီ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိ
လုပ်ငန်းစုံလုပ်ကိုင်ခွင့်ရသော ရွှေသံလွင်ကုမ္ပဏီသည် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ကြောင်း သိရသည်။
“ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်” (Shwe Rual and Urban Development Bank Limited) အမည်ဖြင့် ဘဏ်လုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖော်ပြထားချက်အရ အဆိုပါဘဏ်ရုံးချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၄၂ဝ) တွင် တည်ရှိကြောင်း သိရသည်။
ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရန် တင်ပြခဲ့စဉ်က ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှု သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လုပ်ငန်း တည်ထောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျပ် ၁ဝ ဘီလျံဖြင့် စတင် မတည်လုပ်ကိုင်မည် ဖြစ်ကြောင်းသိရသည်။
မတည်ရင်းနှီးငွေ ကျပ် ၁ဝ ဘီလျံကို ထည့်ဝင်ရာတွင် Sky Net ရုပ်သံလိုင်း တည်ထောင်ပြီး အများပြည်သူသို့ ရောင်းချထားမှုမှ ရရှိသော အမြတ်ငွေများကိုပါ ထည့်ဝင်မတည်မည် ဖြစ်ကြောင်း သိရသည်။
မတည်မည့်ငွေ ကျပ် ၁ဝ ဘီလျံကို ရွှေသံလွင်နှင့် ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီများဖြစ်သော ရွှေသံလွင်ထရေးဒင်း ကုမ္ပဏီလီမိတက်၊Sky Net ရုပ်သံလိုင်း တည်ထောင်ထားသော ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊ Global Telephone ကုမ္ပဏီလီမိတက်၊Shwe Thanlwin Highway Co.,Ltd နှင့် သံလွင်ဧရာ ကျောက်မျက်ကုမ္ပဏီလီမိတက်တို့၏ အခွန်ပေးဆောင်ပြီး အမြတ်ငွေများဖြင့် ထည့်ဝင်သွားမည်ဟု တင်ပြခဲ့ကြောင်း သိရသည်။
ရွှေသံလွင်မှ ဘဏ်တည်ထောင်ရန် တင်ပြခဲ့ရာတွင် ယခင်ဘဏ်သစ်များ ချထားပေးစဉ်က မတည်ငွေပမာဏ သတ်မှတ်ပေးမှုဖြင့် လွဲချော်နေကြောင်း၊ ယူနိုက်တက်အမရာ၊ မြန်မာ့ရှေ့ဆောင်၊ ဧရာဝတီနှင့် AGD ဘဏ်တို့ တည်ထောင်ရာတွင် စတင်မတည်ရမည့်ငွေမှာ အခွန်ဆောင်ပြီးငွေ ကျပ်ဘီလျံ ၂ဝ အထိ ထည့်ဝင်ရကြောင်း၊ ယခုရွှေသံလွင်မှ ကျပ် ၁ဝ ဘီလျံတည်းနှင့် ဘဏ်ထောင်ခွင့်တောင်းသည်မှာ ယခင်ချထားပေးမှုများနှင့် လွဲချော်နေကြောင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ပြခဲ့ကြသည်။
အဆိုပါဘဏ်လုပ်ငန်း၏ ဥက္ကဋ္ဌအဖြစ် ရွှေသံလွင်ကုမ္ပဏီ လုပ်ငန်းရှင် ဦးကျော်ဝင်းကပင် တာဝန်ယူလုပ်ကိုင်မည်ဟု သိရသည်။
၁၉၉ဝ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ (၆၆) အပိုဒ် (င) တွင် “ဥက္ကဋ္ဌသည် ဘဏ်၏လုပ်ငန်းတာဝန်များကို အချိန်ပြည့်ထမ်းဆောင်ရမည့်အပြင် အခကြေးငွေရရှိသော အခြားမည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်းမပြုရ” ဟု ဖော်ပြထားသည်။
ရွှေသံလွင်ကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများသည် နိုင်ငံတော်၏ ကန့်သတ်ကုန်စည်များဖြစ်ပြီး မည်သူမျှ အလွယ်တကူ ထုတ်လုပ်ခွင့်မရနိုင်သော ဘီယာ၊ စီးကရက် ထုတ်လုပ်ခွင့်တို့ကို ၂ဝ၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်က ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တာဝန်ယူစဉ်ကာလက လုပ်ကိုင်ခွင့်ရရှိခဲ့ကြခြင်းလည်း ဖြစ်သည်။
ရွှေသံလွင်ကုမ္ပဏီသည် စစ်တောင်းစက္ကူ စက်ရုံကိုလည်း များစွာသက်သာသည့် ငှားရမ်းခဖြင့် လုပ်ကိုင်ခွင့်ရရှိထားပြီး ငှားရမ်းခကိုပင် ကနဦးငှားသည့်နှစ်အတွက် ကင်းလွတ်ခွင့်တောင်းရာ တာဝန်ရှိသူများက ကင်းလွတ်ပေးခဲ့သည်။
ရွှေသံလွင် ကုမ္ပဏီအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း လယ်မြေအပါအဝင် မြေဧက ၁၃၇၅ ဧကကို စိုက်ပျိုးရေးအတွက်ဟုဆိုကာ သိမ်းယူခဲ့ပြီး တောင်သူများအား လျော်ကြေးမပေးသည့် အတွက်လည်းကောင်း၊ သိမ်းယူခဲ့သည့် လယ်မြေအချို့ကို အခြားသူများသို့ သီးစားပြန်ချကာ လုပ်ကိုင်နေသည့် အတွက်လည်းကောင်း လွှတ်တော်၏ အစီရင်ခံစာတွင် ဖော်ပြခြင်းခံခဲ့ရသည်။
ရုပ်သံလိုင်း တည်ထောင်လုပ်ကိုင်ခွင့်ကိုလည်း ရရှိထားပြီး ရွေသံလွင်မီဒီယာ (Sky Net) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ချုပ်ဆိုထားသော စာချုပ်ပါ အကျိုးအမြတ်ခွဲဝေမှုအရ စတင်သည့်နှစ်မှ သုံးနှစ်ဆက်တိုက် အထိSky Net မှ အကျိုးအမြတ်ပေးရန် မလိုဘဲ ကင်းလွတ်ခွင့်ရခဲ့သည်။
သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရပြီးနောက် နိုင်ငံတော်သို့ အခွန်အခ စတင်ပေးသွင်းရမည်ဖြစ်ပြီး အခွန်အခ စတင်ပေးသွင်းရသည့်နှစ်မှ ငါးနှစ်အထိ နိုင်ငံတော်မှ အကျိုးအမြတ် လေးရာခိုင်နှုန်းသာရပြီးSky Net မှ ၉၆ ရာခိုင်နှုန်း အကျိုးအမြတ်ရသည့် အနေအထားဖြင့် လုပ်ကိုင်ခွင့်ရထားခြင်း ဖြစ်ကြောင်းနှင့် နှစ်စဉ်အများပြည်သူထံမှ လစဉ်ကြေးနှင့် ကြော်ငြာရောင်းချရမှုမှ တစ်နှစ်လျှင် ပျမ်းမျှကျပ်သိန်းပေါင်း ၈ဝဝဝဝဝ ဝန်းကျင်အထိ ဝင်ငွေရရှိနိုင်ကြောင်း သိရသည်။
ရွှေသံလွင်မီဒီယာမှ လုပ်ကိုင်နေသော Sky Netလိုင်းမှနေ၍ စီးကရက်ဝေနေသည့် ပုံများ၊ စီးကရက်အမှတ်တံဆိပ်ပုံများ ထုတ်လွှင့်ခဲ့ပြီး ထိုသို့Sky Netရုပ်သံလိုင်းမှ စီးကရက်ဝေသည့်လုပ်ရပ်ကြောင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှပေးအပ်မည့် ဆုတစ်ခုကို မရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လွှတ်တော်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
လုပ်ငန်းစုံလုပ်ကိုင်ခွင့်ရရှိထားသော ရွှေသံလွင်ကုမ္ပဏီမှာ သမ္မတနှင့်လည်းကောင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့်လည်းကောင်း နီးစပ်သည့်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ချပေးခဲ့သည့် ပုဂ္ဂလိကဘဏ် ၂၃ ဘဏ်အထိရှိပြီဖြစ်သည်။
လုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသော ရွှေသံလွင်ကုမ္ပဏီ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရ�
www.news-eleven.com
လုပ်ငန်းစုံလုပ်ကိုင်ခွင့်ရသော ရွှေသံလွင်ကုမ္ပဏီသည် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ကြောင်း သိရသည်။
Visit website
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား