ပြန်ကြားရေးဝန်ကြီးဌာန၏ ဘတ်ဂျက်များသည် တိတိကျကျမရှိဘဲ ရှင်းလင်းရန်လိုအပ်ကြောင်း အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာရုပ်ရှင်လုပ်ငန်း၏ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ အရှုံးဖြစ်ပေါ်မှု အခြေအနေနှင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်းတွင် အရှုံးဖြင့် လျာထားခြင်းကိစ္စအား လာရောက် ရှင်းလင်းပြီးနောက် ဦးခိုင်မောင်ရည်က ယခုကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာရုပ်ရှင်လုပ်ငန်း အနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၅၈ဝ ကျော် အရှုံးပေါ်ခဲ့ကြောင်း လွှတ်တော်သို့ လာရောက်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းအရှုံးပေါ်မှုမှာ မြန်မာရုပ်ရှင်လုပ်ငန်း တစ်မျိုးတည်းကိုပဲ ထည့်ပြောသွားတာ ကြားသိခဲ့ရပါတယ်။ မြန်မာရုပ်ရှင်လုပ်ငန်းရဲ့ အရှုံးပေါ်နေရတဲ့ အကြောင်းအရင်းတွေကို ဒုဝန်ကြီးပြောသွားတဲ့အခါမှာ အဓိက ပင်စင်စားဝန်ထမ်းတွေအတွက် အသုံးစရိတ်မြင့်တာတွေကို အခြေခံပြီး ပြောသွားပါတယ်။ နောက် မြန်မာရုပ်ရှင်လုပ်ငန်းရဲ့ ဝင်ငွေရတဲ့ အခြေအနေတွေကို ပြောသွားပါတယ်။ အခြေအနေမှာ ဖော်ပြမှုတွေမှာ တကယ်တမ်း ဝင်ငွေရမယ့် အနေအထားထက် လျော့နေတာ တွေ့ရပါတယ်။ ဥပမာ-ဗီဒီယိုတိပ်ခွေ ထုတ်လုပ်မှုမှာကပ်တဲ့ စတစ်ကာကနေရတဲ့ ဝင်ငွေဖော်ပြချက်က အတော်ကြီးနည်းနေပါတယ်။ ကျွန်တော်တို့ သိထားတဲ့ အနေအထားနဲ့ဆိုရင် တစ်နှစ်ကို ဇာတ်ကားပေါင်း ၁ဝဝဝ လောက်ရှိပါမယ်။ အဲဒီဇာတ်ကားပေါင်း ၁ဝဝဝ အတွက် အခွေပေါင်း ၁ဝဝဝဝ အတွက် စတစ်ကာ ကပ်ရပါတယ်။ အဲဒီစတစ်ကာအတွက် ၁ဝ ကျော် ကျပါတယ်။ အဲဒီခွေမှာ ကပ်တဲ့ငွေတွေ အားလုံးက နိုင်ငံတော်ကို ဝင်ရတာဖြစ်ပါတယ်။ စောစောကပြောတဲ့ ဇာတ်ကားပေါင်း ၁ဝဝဝ အတွက် ရသင့်တဲ့ငွေ မဝင်ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါကို ပြန်ကြားရေးဝန်ကြီးအနေနဲ့ စာရင်းဇယားဟာ ကျွန်တော်ပြောသလောက် မဟုတ်ဘူး။ သို့သော် ဒါကို ပြည်ထောင်စု လွှတ်တော်မှာ ပြန်ရှင်းပြမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုအထိ ရှင်းပြခဲ့တာတော့ မရှိပါဘူး။ ဒါပေမဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မြန်မာရုပ်ရှင်လုပ်ငန်းဟာ ကျွန်တော်တို့ သိရသလောက် ဒါဟာအမြတ်ပေါ်နေတဲ့ လုပ်ငန်းဖြစ်တယ်။ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး အရင်းကုန်ကျမှုမရှိဘူး။ နောက်ရုံတွေဌားစားမှုတွေ တွေ့ပါတယ်။ ရုပ်ရှင်လုပ်ငန်းတိုးတက်မှုဟာ ရုပ်ရှင်ရုံတွေမရှိတော့လို့ ဖြစ်ပါတယ်။ ဖလင်ဆေးတဲ့ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်လုပ်ငန်းမှာ အခုဖလင်စက်တွေက အဟောင်းတွေ ဖြစ်နေပြီး အပြင်မှာအပ်တဲ့အတွက် လုပ်ငန်းကျဆင်းတယ် ပြောပါတယ်။ ဒါဆိုရင် ဒီစက်တွေကို ကျွန်တော်တို့က အဟောင်းဈေးနဲ့ ရောင်းပစ်လိုက်ရမှာလား။ ကျွန်တော်တို့က တိတိကျကျ ဘယ်အခန်းကဏ္ဍတွေကို ပုဂ္ဂလိကလုပ်မယ်။ ဘယ်စက်ပစ္စည်းတွေကို ရောင်းမယ်။ ဘယ်ဟာတွေကို ပုဂ္ဂလိကတွေကို တင်ဒါခေါ်ပြီးတော့ ရောင်းမယ်။ ဒါမျိုးဖြစ်သင့်ပါတယ်။ အဲဒီအတွက် အခုတင်ပြမှုဟာ လုံးပြီးပြောသလိုပဲ ခံစားရပါတယ်။ တိတိကျကျမရှိဘဲ ဒီထက်တိတိကျကျ ရှင်းလင်းပေးစေလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ဦးခိုင်မောင်ရည် ဆွေးနွေးချက်နှင့် ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက ပြန်လည်ဆွေးနွေးရာတွင် “ပြန်ကြားရေး ဝန်ကြီးဌာနမှာ အရှုံးပေါ်တာကတော့ စီးပွားရေးလုပ်ငန်းသုံးခုမှာ ကျွန်တော်တင်ပြခဲ့သလို ရုပ်ရှင်လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းဟာ ၂ဝ၁၂-၂ဝ၁၃ မှာ အမြတ် ကျပ်သန်းပေါင်း ၃၈၃၃ ဒသမ ၅ဝ၃ မြတ်ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၄၄၉ ဒသမ ၉၈၆ သန်း မြတ်ပါတယ်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဟာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း ၆၉၂၇ ဒသမ ၁၆၅ မြတ်ပါတယ်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ၆၅၄၄ ဒသမ ဝ၉၃ မြတ် ပါကြောင်းတင်ပြအပ်ပါတယ်။ ဦးခိုင်မောင် ရည်ဆွေးနွေးတဲ့ စတစ်ကာနဲ့ပတ်သက်လို့ ကျွန်တော်တို့ စတစ်ကာကပ်တယ်ဆိုတာဟာ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လုပ်ငန်းက စတင်ဆောင်ရွက်ခြင်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကနေပြီးတော့မှ သူတို့စိစစ်ပြီးတော့ သူတို့ဆီကနေပြီးတော့မှ ခွင့်ပြုလိုက်တဲ့ အရေအတွက်ကိုသာလျှင် ကျွန်တော်တို့က ကပ်ခြင်းဖြစ်ပါတယ်။ ဒီအတွက်လည်း နှစ်စဉ် စာရင်းစစ် အစစ်ဆေးခံတဲ့အခါမှာ ဒီအတိုင်းပဲ အစစ်ဆေးခံပါတယ်။ စာရင်းစစ် စစ်ဆေးတွေ့ရှိ ချက်မှာလည်း ဒီကဝင်ငွေဟာ လျော့နည်းတယ်လို့ မပါရှိတဲ့အတွက် သူရဲ့ထောက်ပြမှုဟာ ကျွန်တော်တို့ စာရင်းစစ် စစ်ဆေးတွေ့ရှိမှုနဲ့ အစစ်ဆေးခံလို့ရှိရင် ကျွန်တော်တို့ တိုက်ဆိုင်ကြည့်လို့ရှိရင် သိရှိနိုင်ကြောင်း တင်ပြလိုပါတယ်။ နောက်တစ်ခု ကျွန်တော်တို့ ပုဂ္ဂလိကကို လွှဲပြောင်းဖို့ဆိုတာ ရုပ်ရှင်ရုံနဲ့ပတ်သက်၍ လည်းကောင်း၊ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်၍လည်းကောင်း ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်မှု ကျွန်တော်အနေနဲ့ တင်ပြခဲ့ခြင်းမရှိပါဘူး။ လွှဲပြောင်းလုပ်ကိုင်ရန်လည်း အစီအစဉ်မရှိပါဘူးခင်ဗျာ။ နောက်တစ်ခုက ရုပ်ရှင်ရုံများ ကိစ္စနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကနေပြီးတော့မှ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံစဉ်မှာ တင်ပြပြီးဖြစ်လို့ နိုင်ငံတော်သမ္မတကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အဆင့်ဆင့်ဆောင်ရွက်ရန် လမ်းညွန်ပြီးဖြစ်ပါကြောင်း တင်ပြပါတယ်” ဟု ပြောကြားခဲ့သည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းပေါင်းချုပ်တွင် ဖော်ပြထားသည့် ဝန်ကြီးဌာနအမှတ်စဉ် (၁) ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေးလုပ်ငန်း၏ စုစုပေါင်းခန့်မှန်း ရငွေသည် ကျပ်သန်းပေါင်း ၇၉၈၁.၉၈၄ ဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၁ဝဝဝ၆.ဝ၈၄ ဖြစ်ကာ အရှုံးအဖြစ် ကျပ်သန်းပေါင်း ၂ဝ၂၄.၁ဝဝ ခန့်မှန်းဖော်ပြခဲ့သည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ စုစုပေါင်းရငွေအဖြစ် ကျပ်သန်းပေါင်း ၁၃၅၄၃.၅ဝဝ ဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၁၆၈၃၇.ဝဝ၆ ဖြစ်ကာ အရှုံးအဖြစ် ကျပ်သန်းပေါင်း ၃၂၉၃.၅ဝ၆ အဖြစ် ခန့်မှန်းဖော်ပြခဲ့သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတစ်ခုဖြစ်သော မြန်မာရုပ်ရှင်လုပ်ငန်း၏ စုစုပေါင်းရငွေအဖြစ် ကျပ်သန်းပေါင်း ၃၉၇.၄ဝဝ ဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၁၅၄၇.ဝဝ၇ ဖြစ်ကာ အရှုံးအဖြစ် ၁၁၄၉.၆ဝ၇ အဖြစ် ခန့်မှန်းဖော်ပြခဲ့သည်။
ထို့ကြောင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ စုစုပေါင်း ခန့်မှန်းရငွေမှာ ကျပ်သန်းပေါင်း ၂၁၉၂၂.၈၈၄ ဖြစ်ကာ စုစုပေါင်းခန့်မှန်း အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၂၈၃၉ဝ.ဝ၉၇ ဖြစ်ပြီး အရှုံးအဖြစ် ကျပ်သန်းပေါင်း ၆၄၆၇.၂၁၃ အဖြစ် ခန့်မှန်းဖော်ပြထားသည်ကို တွေ့ရသည်။
ပြန်ကြားရေး ဘတ်ဂျက်များသည် တိတိကျကျမရှိဘဲ ရှင်းလင်းရန်လိုကြောင်း လွှတ်တော်ကိုယ်စားလ�
www.news-eleven.com
ပြန်ကြားရေးဝန်ကြီးဌာန၏ ဘတ်ဂျက်များသည် တိတိကျကျမရှိဘဲ ရှင်းလင်းရန်လိုအပ်ကြောင်း အလုံမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆွေးနွေးခဲ့သည်။
Visit website
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား