img.emoticon { padding: 0; margin: 0; border: 0; }

Saturday, August 30, 2014

မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ပြီးနောက်ပိုင်း အမေရိကန် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ပထမဆုံး ပြန်စ



မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ ကျော် စီးပွားရေး ပိတ်ဆို့ထားဖူးသော အမေရိကန်ပြည်ထောင်စုက ၂၀၁၂ ခုနှစ်မှစ၍ စီးပွားရေးပိတ်ဆို့မှုအချို့ ရပ်ဆိုင်းထားပြီး နောက်ပိုင်း အမေရိကန်ဒေါ်လာ သန်း ၄၈၀ ရှိ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်အခြေစိုက် ACO Investment Group ကုမ္ပဏီက သြဂုတ်လ ၂၈ ရက်နေ့တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် သဘောတူစာချုပ် ချုပ်ဆိုလိုက်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ACO ကုမ္ပဏီက မဂ္ဂါဝပ် ၁၅၀ ပေးနိုင်သော ဆိုလာလျှပ်စစ်စက်ရုံ တည်ဆောက်ရန် လျှပ်စစ်ဝန်ကြီးဌာနနှင့် သဘောတူစာချုပ် ရေးထိုးပွဲကို အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး ကိုယ်စားလှယ် Mr. Michael Froman ကိုယ်တိုင် တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။
ရေအားလျှပ်စစ်ကို အားထားနေသော မြန်မာ့လျှပ်စစ်ကဏ္ဍတွင် နွေကာလ၌ လျှပ်စစ်အခက်အခဲများ တွေ့ရှိရသည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ ဆိုလာလျှပ်စစ် ဖြန့်ဝေရေးစက်ရုံကို လာရောက် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းဆိုလာ ကုမ္ပဏီများနှင့်လည်း တွဲဖက်လုပ်ကိုင်ပြီး ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“ဒီလို မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ပေးတဲ့ အထောက်အပံ့က သမ္မတအိုဘားမား ကိုယ်တိုင် လိုလားတဲ့ ကုန်သွယ်ရေး အစီအစဉ်တွေထဲက တစ်ခုပါပဲ” ဟု Mr.Michael Froman က ပြောဆိုသည်။
ACO ကုမ္ပဏီ၏ ဆိုလာစက်ရုံတွင် အမြဲတမ်းလုပ်သား ၁၀၀ နီးပါး ခန့်ထားပြီး မြင်းခြံနှင့် မိတ္ထီလာခရိုင်မှ အခြေခံဆောက်လုပ်ရေး လုပ်သား ၄၀၀ ခန့်ကို အလုပ်အကိုင် ပေးနိုင်မည် ဖြစ်ကြောင်း၊ ဆိုလာစနစ်နှင့် ရရှိလာသော လျှပ်စစ်မီးကို မြို့သာစက်မှုဇုန်သို့ ခွဲဝေပေးရန် လျာထားကြောင်း အမေရိကန်ကုန်သွယ်ရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစက်ရုံ တည်ဆောက်ချိန်ကို ၂၀၁၆ ခုနှစ် နောက်ဆုံးထား အပြီးတည်ဆောက်ရန် စီစဉ်ထားသောကြောင့် ယင်းနောက်ပိုင်းတွင် တစ်နိုင်ငံလုံး လျှပ်စစ်ဖြန့်ဖြူးရေး၏ ၁၂ ရာခိုင်နှုန်း နီးပါးကို ဆိုလာစွမ်းအင်သုံး အမေရိကန် လျှပ်စစ်စက်ရုံက ကူညီနိုင်တော့မည် ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ နောက်ပိုင်းမှ လက်ရှိ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့အထိ အမေရိကန် လုပ်ငန်းရှင်များ အမေရိကန်ဒေါ်လာ ၆၁၂ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့က ကြေညာထားသည်။
အစိုးရသစ်လက်ထက် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဦးမော့လာပြီး နောက်ပိုင်း အမေရိကန်နိုင်ငံအခြေစိုက် ကိုကာကိုလာ Western Union၊ GE ကုမ္ပဏီနှင့် Chevron ထိပ်တန်းကုမ္ပဏီတို့လည်း ဝင်ရောက်လာခဲ့သည်။
တပ်မတော်အစိုးရ လက်ထက်က တရုတ်နှင့် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော ရေအားလျှပ်စစ် စီမံကိန်း အချို့ကို လျှပ်စစ်ဝန်ကြီးဌာနက ရပ်ဆိုင်းထားပြီး နော်ဝေ၊ ဗြိတိန်နှင့် ပြင်သစ်အခြေစိုက် ကုမ္ပဏီများနှင့် ထပ်မံဆွေးနွေးလျက် ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။
အလားတူ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်တန်းရောက် အိန္ဒိယနိုင်ငံနှင့် ချုပ်ဆိုထားသော ထမံသီရေအားလျှပ်စစ် စီမံကိန်းကိုလည်း အပြီးရပ်ဆိုင်းထားကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား