img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, May 28, 2014

၂၀၁၄ မေလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် လိုက်နာကျင့်သုံးမှု ကင်းမဲ့နေသည့် ဥပဒေများ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် လိုအပ်ချက်အလိုက် ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းထားရှိသည်။ အုပ်ချုပ်မှုရှိသော နေရာမှန်သမျှ လိုက်နာကျင့်သုံးရမည့် ဥပဒေဟူ၍ ရှိသည်။ ဥပဒေဆိုသည်မှာ လူသားတို့ကို ပရမ်းပတာ မဖြစ်စေအောင် ထိန်းသိမ်းကွပ်ကဲရန်အတွက် ပြဋ္ဌာန်းထားခြင်း ဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် ဥပဒေကင်းမဲ့သည့် နိုင်ငံ၊ ဥပဒေကင်းမဲ့သည့် ဒေသဟူ၍ မရှိစကောင်းပေ။ ဥပဒေ ကင်းမဲ့နေသည်ဆိုသည့် အဓိပ္ပာယ်မှာ တရားမျှတမှုမရှိ၊ လက်နက်ရှိသူက လက်နက်မဲ့သူကို အနိုင်ကျင့်၊ အင်အားရှိသူက အင်အားနည်းသူကို နှိပ်စက်၊ ပရမ်းပတာ ဖြစ်ချင်တိုင်းဖြစ်နေခြင်းကို ဆိုလိုချင်းပင် ဖြစ်သည်။ မြန်မာစကားပုံတွင် “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဟူ၍ ရှိသည်။ အသက်မရှိသည့်ကြမ်းပင် အထိန်းအကွပ်မဲ့သည့်အခါ ပရမ်းပတာ ဖြစ်သည်ဆိုလျှင် အသက်ရှိသည့် လူသားများ၌သာ ထိန်းကွပ်ကြီးကြပ်သည့် ဥပဒေ မရှိပါက ပို၍ပရမ်းပတာဖြစ်ဖို့ရာ ရှိသည်။


သို့သော် ဥပဒေဆိုသည်မှာ ရှိနေရုံနှင့်မပြီး လိုက်နာကျင့်သုံးမှု ရှိအောင်လည်း အစဉ်ထိန်းသိမ်းနေမှ အဓိပ္ပာယ် ရှိပေလိမ့်မည်။ ဥပဒေသာရှိ၍ လိုက်နာကျင့်သုံးမှုမရှိ၊ လိုက်နာကျင့်သုံးစေရန် အတွက်လည်း အရေးယူဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်းမပြု ဆိုပါက ဟန်သာရှိ၍ အဆန်မရှိသည့် သင်္ကြန်အမြောက်နှင့် တူနေပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ဥပဒေသာရှိ၍ လိုက်နာကျင့်သုံးမှုလည်း မရှိ၊ လိုက်နာကျင့်သုံးမှု ရှိစေရန်အတွက် အရေးယူဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်းများလည်း မပြုသည့် ဥပဒေများ အမြောက်အမြား ရှိနေသည်။ အထင်ရှားဆုံး ဥပမာများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေနှင့် အရက်သေစာ ရောင်းဝယ်ဖောက်ကားရေးကို ထိန်းချုပ်ထားသည့် ဥပဒေများပင် ဖြစ်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို အသက် ၁၈ နှစ်အောက် ၀ယ်ယူခြင်း မပြုနိုင်အောင် တားမြစ်ထားခြင်း၊ အရောင်းမြှင့်တင်ရန် စည်းရုံးကြော်ငြာမှုများကို တားမြစ်ထားခြင်းနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် သောက်သုံးမှုမပြုရန် တားမြစ်ထားခြင်းတို့ကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ သို့သော်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်လုပ်သည့် ကုမ္ပဏီများ အခက်အခဲမရှိ မြှုပ်နှံရင်းနှီးမှုများ ပြုလုပ်လာသလို ပေါ်ပေါ်ထင်ထင် ကြော်ငြာမှုများကိုလည်း ခွင့်ပြုထားသည်။ အသက် ၁၈ နှစ်အောက်လူငယ်များ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို မည်သည့်ဆိုင်တွင်မဆို အလွယ်တကူ ၀ယ်ယူရရှိနိုင်နေသည်။ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အနှောင့်အယှက် ဖြစ်လောက်အောင် သောက်သုံးနေသော်လည်း တားမြစ်မှုများ မရှိ။ ထို့အတူပင် အရက်သေစာ ရောင်းဝယ်ဖောက်ကားရန်အတွက် ဥပဒေများ ထုတ်ပြန်ထားသည် ဆိုသော်လည်း စည်းကမ်းမဲ့ ရောင်းဝယ်ဖောက်ကားနေသည့် အရက်ဆိုင် ဘီယာဆိုင်များနှင့် မည်သည့်ပစ္စည်းများဖြင့် ချက်လုပ်ထားမှန်း မသိရလောက်အောင် ဈေးပေါသော အရက်သေစာများ ပေါများစွာရှိနေပြီး အရေးယူ တင်းကျပ်မှုများလည်း ရှိမနေသောအခါ နေ့ထူးနေ့မြတ်များတွင်ပင် အမြင်မတင့်တယ်သည့် မူးယစ်သောက်စားနေမှုများ၊ မူးယစ်ရမ်းကားနေသည့် အသက်မပြည့်သေးသည့် လူငယ်များ၊ အလွန်အကျွံသောက်သုံးပြီး သေဆုံးသည်အထိ ဖြစ်ရသူများ မြောက်မြားစွာ တွေ့မြင်နေရပါသည်။ ဥပဒေသာရှိ၍ လိုက်နာကျင့်သုံးရန်အတွက် ထိန်းသိမ်းခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ မရှိခြင်း၏ ရလဒ်များဖြစ်သည်။ ထို့ကြောင့် ပြဋ္ဌာန်းရုံသာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးမှု ကင်းမဲ့နေသည့် ဥပဒေများကို ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဥပဒေကို လိုက်နာကျင့်သုံးအောင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ရတော့မည်ဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား