img.emoticon { padding: 0; margin: 0; border: 0; }

Sunday, May 18, 2014

နိုင်ငံတည်ငြိမ်ရေးဆိုသည်မှာ လက်ရှိအာဏာရနေသူတစ်စု အာဏာတည်မြဲရေးကို ဆိုလိုနေခြင်းသာဖြစ်ပြီး တပ်မတော်ကို ကမ္ဘာ့အလယ်တွင် တင့်တယ်ပြီး တစ်ကမ္ဘာလုံးက လေးစားသော၊ ပြည်သူတစ်ရပ်လုံးက လေးစားသော တပ်မတော် ဖြစ်စေလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


နိုင်ငံ၏ တည်ငြိမ်ရေးအတွက် တည်ငြိမ်မှု တည်ငြိမ်မှုဆိုသည်ကို တွင်တွင်သုံးနေပြီး အမှန်တကယ်တွင် နိုင်ငံတည်ငြိမ်ရေးကို ဆိုလိုခြင်းမဟုတ်ဘဲ လက်ရှိ အာဏာရှိနေသူများ၏ အာဏာတည်မြဲရေးအတွက်ကို ဆိုလိုခြင်းသာဖြစ်ပြီး တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်ကြောင်းနှင့် တစ်ကမ္ဘာလုံးက လေးစားသည့် တပ်မတော်၊ ပြည်သူတွေက ယုံကြည်အားကိုးချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေ ၁၈ ရက်က မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပရိသတ်သောင်းချီ တက်ရောက်ခဲ့သော အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့က ရှင်းလင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပုဒ်မ ဒီပုဒ်မကို ဒါကြောင့် မပြင်ချင်ဘူး။ အဲဒီလို မပြင်ချင်ဘူးဆို မပြင်ချင်တဲ့ အကြောင်းကိုပြောရင် ပြည်သူကလဲ ပြန်ပြီးတော့ မေးပိုင်ခွင့်ရှိတယ် ဆိုတာကို ကျွန်မက သတိပေးချင်ပါတယ်။ တချို့ဆိုရင် နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် တည်ငြိမ်မှုဆိုတာကို အင်မတန်မှ တွင်တွင်ကြီး သုံးနေပါတယ်။ တကယ်တော့ ဘာကိုဆိုလိုတာလဲဆိုတော့ နိုင်ငံရဲ့ တည်ငြိမ်ရေးကို ဆိုလိုတာမဟုတ်ဘဲနဲ့ လက်ရှိအာဏာရှိနေတဲ့ သူတွေရဲ့ အာဏာတည်မြဲရေးအတွက်ကိုပဲ ဆိုလိုတာလို့ ကျွန်မ ဒီလိုပဲ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တချို့ကတော့ ဘယ်လိုပြောလဲဆိုတော့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ အခုဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ရနိုင်တဲ့ အခြေအနေ ရသင့်တဲ့အခြေအနေ မရှိသေးဘူးတဲ့။ ထပ်ပြီးတော့ အချိန်ယူရဦးမယ်။ ထပ်ပြီးတော့ ပြောရဦးမယ်ဆိုရင် သင်ယူရဦးမယ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကြောင့်မို့ တပ်မတော်ကနေ ဆက်ပြီးတော့ နေရာယူထားရမယ်။ တပ်မတော်ကနေပြီးတော့ အခြေအနေတွေကို ထိန်းသိမ်းထားရမယ်တဲ့။ ကျွန်မကတော့ ပြောချင်တယ်။ အဖွဲ့အစည်းတစ်ခုဟာ အခြေအနေတွေကို ထိန်းသိမ်းထားပြီးတော့ အာဏာတွေရော လုပ်ပိုင်ခွင့်တွေရောကို ရာစုနှစ်တစ်ဝက်ကျော်ကျော် ယူထားပြီးမှ ပြည်သူတွေရဲ့ အရည်အချင်း ပြည့်ဝဖို့အတွက် မလုပ်ပေးနိုင်ဘူးဆိုရင် ဘယ်သူ့အပြစ်လဲလို့ ကျွန်မက ပြန်မေးချင်ပါတယ်။ ဒီလောက် အနှစ်ငါးဆယ်ကျော် အတွင်းမှာ ကျွန်မတို့ရဲ့ ပြည်သူလူထုကို ဒီမိုကရေစီနဲ့ ထိုက်တန်အောင်လို့ မလုပ်ပေးခဲ့နိုင်ဘူးဆိုရင် ဒီအလုပ်နဲ့ မတန်လို့ပဲ။ တခြားလူတွေပဲ လုပ်ပါစေလို့ ကျွန်မက ဒီလိုပဲ ပြောချင်ပါတယ်။ ကျွန်မ ဒီလိုပြောရခြင်းဟာ တပ်မတော်ကို ကျွန်မအထင်သေးလို့ ပြောတာမဟုတ်ဘူး။ ကိုယ်နဲ့တန်တဲ့အလုပ် ကိုယ်လုပ်ရမယ်။ အစကတည်းက တပ်မတော်ဆိုတာ ဘာအတွက်လဲ။ နိုင်ငံ့ရဲ့ ကာကွယ်ရေးအတွက် ဖွဲ့ထားတဲ့ တပ်မတော်ပဲ။ နိုင်ငံ့ရဲ့သမ္မတ ရွေးချယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ တပ်မတော်မှ မဟုတ်တာဘဲ။ အဲဒါကြောင့် ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံကြပါ။ အစကတည်းက တပ်မတော်အထဲကိုဝင်တာ တိုင်းပြည်ကို ကာကွယ်ချင်လို့ဆိုပြီး ၀င်ပြီးမှ တပ်မတော်သားဟောင်းမှ သမ္မတဖြစ်နိုင်အောင်လို့ ဥပဒေတွေ ရေးဆွဲထားတယ်ဆိုလို့ရှိရင် ဒါဟာ ပြည်သူကို လှည့်ဖြားတာ စော်ကားတာလို့ ကျွန်မ ဒီလိုပဲ မြင်ပါတယ်။ ကျွန်မတို့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ တစ်ကမ္ဘာလုံးကလေးစားတဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ကျွန်မတို့ ပြည်သူတွေက ယုံကြည်အားကိုး ချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ကိုယ်မရသင့် မယူသင့်တဲ့ အခွင့်အရေးတွေကို ဖက်တွယ်ထားတယ်ဆိုရင် ပြည်သူကလဲ လေးစားမှာမဟုတ်ဘူး။ ကမ္ဘာကလဲ လေးစားမှာမဟုတ်ဘူး။ ပြည်သူကလဲ ချစ်ခင်မှာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ ဘယ်လောက်အထိ တွယ်ကပ်နေနိုင်တယ်ဆိုတဲ့အပေါ်မှာ မမူတည်ပါဘူး။ ဘယ်လောက်အထိ စွန့်လွှတ်နိုင်တဲ့အပေါ်မှာ တည်ပါတယ်။ အဲဒါကို ကျွန်မတို့ ပြည်သူတွေ သိပြီးသားဖြစ်ပါတယ်။ အခု ကျွန်မကနေပြီးတော့ တပ်မတော်ကို တိုက်ရိုက်ပြောချင်ပါတယ်။ ပြည်သူတွေအနေနဲ့လဲ တပ်မတော်ရဲ့နားကို ရောက်သင့်ရောက်ထိုက်တဲ့ စကားတွေကို ပို့ပေးကြပါလို့ ကျွန်မတိုက်တွန်းချင်တယ်” ဟုဆိုသည်။

တပ်မတော်အနေဖြင့် ပြည်သူအား အမှန်တကယ် လေးစားသည်။ တိုင်းပြည်အား အမှန်တကယ် ချစ်မြတ်နိုးသည်၊ အမှန်တကယ် တိုင်းပြည်၏ အနာဂတ်အတွက် အမြော်အမြင်ရှိသည်၊ အမှန်တကယ် သတ္တိရှိသည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဒီနှစ်အတွင်း လွှတ်တော်အတွင်းမှ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သားများအနေဖြင့် ပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

“ကျွန်မတို့မြင်တာက တပ်မတ်ာရဲ့တာဝန်ဟာ ပြည်သူကိုကာကွယ်ဖို့ တိုင်းပြည်ကိုကာကွယ်ဖို့၊ ပြည်သူကို အုပ်ချုပ်ဖို့လို့ ကျွန်မဘယ်တုန်းကမှ မကြားဖူးပါဘူး။ တပ်မတော်ရဲ့တာဝန်ဟာ ပြည်သူကိုအုပ်ချုပ်ဖို့ဆိုတာ အဲဒီရည်ရွယ်ချက်နဲ့လဲ ဖေဖေက တပ်မတော်ကို တည်ထောင်ခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မပြောချင်တာက တပ်မတော်သားတွေကို သတ္တိရှိရှိနဲ့ စစ်သားတွေပဲ ဒီလောက်တော့ သတ္တိရှိရမှာပေါ့။ သတ္တိရှိရှိနဲ့ အမှန်တရားကို ရင်ဆိုင်ပါ။ သေနတ်ကိုကိုင်ပြီးတော့ သေနတ်မရှိတဲ့သူတွေကို ရင်ဆိုင်တာထက် အများကြီး ပိုပြီးတော့ အရေးကြီးပြီးတော့ သိက္ခာရှိပြီးတော့ သတ္တိရှိတဲ့ကိစ္စဟာ အမှန်တရားကို ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်လိုက်ပါ။ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက လွှတ်တော်ဘောင်အတွင်းက နေပြီးတော့ ကျုပ်တို့တွေ ပြင်ဆင်သွားမယ်။ ကျုပ်တို့တွေဟာ အာဏာမက်မောလို့ ကိုယ့်အခွင့်အရေး မက်မောလို့ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်လို့ ပြောတာထက် စိန်ခေါ်မှုလို့လဲ ပြောလို့ရပါတယ်။ ကျွန်မ စိန်ခေါ်ပါတယ်။ တကယ်ပဲ တိုင်းပြည်ကိုချစ်တယ် တကယ်လဲ ပြည်သူလူထုကို လေးစားတယ်၊ တကယ်ပဲ သတ္တိရှိတယ်ဆိုရင်၊ တကယ်လဲ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြော်အမြင်ရှိတယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီနှစ်အတွင်းမှာ လွှတ်တော်အတွင်းကနေပြီးတော့ ပြုပြင်နိုင်အောင်လို့ တပ်မတော်သားများ အားလုံးဝိုင်းဝန်း ကူညီပြီးတော့ လုပ်ကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေ ၁၈ ရက်က မန္တလေး အောင်ပင်လယ်အားကစားကွင်းတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ မြင်ကွင်းများ (ဓာတ်ပုံ-အောင်ဇော်ထွန်း)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား