img.emoticon { padding: 0; margin: 0; border: 0; }

Thursday, March 6, 2014

မြန်မာ့ဆက်သွယ်ရေး အပြောင်းအလဲ ဘယ်သူ့ အတွက်လဲ (အပိုင်း - 1+2)

အပိုင်း - 1
နှင်းကို ၊ အောင်သူ (ဒေးဒရဲ) ရေးသားသည်။

၁၉၈၈ခုနှစ်မှစပြီး စစ်အစိုးရခေတ်တစ်လျှောက်လုံးတွင် တယ်လီဖုန်းသည် ကိုယ်နှင့်မဆိုင်သလိုနေခဲ့ရသည့် ပြည် သူလူထုက ဒုနဲ့ဒေးဖြစ်ခဲ့သည်။ သိန်းနှစ်ဆယ်၊ သိန်း အစိတ်၊ သိန်းသုံးဆယ်နှင့် သိန်းငါးဆယ်အထိတောင် အသံတွေကြား နေရသည့် တယ်လီဖုန်းဈေးနှုန်းများက ထိုသူတို့အတွက် မျှော်ကြည့် ၍ပင် မမြင်နိုင်ခဲ့။ ၂ဝဝ၇-၂ဝဝ၈ခုနှစ် ပညာသင်နှစ်အတွက် ပထဝီ ဘာသာရပ်ဖြင့် အဝေးသင်ကျောင်းသား မောင်အောင်ကိုကတော့ စိတ်ကူးဖြင့်၊ အမူအရာဖြင့်ဖုန်းပြောဆိုပုံမှာ တော်တော်ဟန်ပါသည်။ လက်ညှိုး၊ လက်ခလယ်နှင့် လက်သြူ<ွကယ်တို့ကို အတွင်းသို့ကွေးထားပြီး လက်သန်းနှင့် လက်မတို့ကိုချဲ့ကားကာ နားရွက်နားသို့ကပ်၍ သူက ပြောလေ့ရှိသည်။

''ဟဲလို..သင်ဇာဝင့်ကျော်လား..''ဆိုပြီး အောင်ကိုက အစချီ သည်။ ထိုခေတ်အခါက ဒုတိယနှစ်ကျောင်းသားဖြစ်သည့် မောင်အောင် ကိုက ဖုန်းကိုအတော်လိုချင်ခဲ့သည်။ ထို့ကြောင့်လဲ ယင်းသို့ ပေါတော တောပုံစံကို သူပြုမူခဲ့သည်ဟု အောင်ကိုက ပြန်ပြောပြသည်။ ယခု တွင် သူဖုန်းကိုင်နိုင်ခဲ့ပြီလို့ ဝ၉၃၁..ဖြင့် စသည့် သူ့ဖုန်းနှင့် သူ့သူငယ် ချင်းများကို ဆက်သွယ်ြ<ွကားလုံးထုတ်နေတော့သည်။ အစိုးရသစ်လက် ထက် မဲဖောက်စနစ်ဖြင့် ရောင်းချပေးသည့် ကျပ်၁၅ဝဝတန် မိုဘိုင်း ဆင်းမ်ကတ်ကို သူရရှိခဲ့ပါပြီ။

ဆယ်စုနှစ်နှစ်ခုကျော်ကြာအောင် အာဏာရှင်ဆန်ဆန်ဖြင့် သန်း ၆ဝ သော ပြည်သူလူထုကို အုပ်ချုပ်ခဲ့သည့် တပ်မတော်အစိုးရသည် သူ၏ပြုပြင်ပြောင်းလဲရေးခြေလှမ်းကို ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် စတင်ခဲ့သည်။ ၂ဝ၁ဝခုနှစ်တွင် ပါတီစုံရွေးကောက်ပွဲကိုပြုလုပ်ပေး ခဲ့ပြီး စစ်အာဏာရှင်တစ်ဖြစ်လဲ အရပ်သားအစိုးရအဖြစ် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန်က နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။ စစ်ဗိုလ်ချုပ် ဟောင်းများ၊ အာဏာရှင်ဟောင်းများပါဝင်သည့် အရပ်သားတစ်ဖြစ်လဲ အစိုးရတစ်ရပ် ပေါ်လာခဲ့သည်။ လွှတ်တော်နှစ်ရပ် ပေါ်လာခဲ့သည်။ ထိုမှစပြီး မြန်မာပြည်ကြီးလည်း အပြောင်းအလဲကြီးတစ်ခုဖြင့် ပက်ပင်း တိုးတော့သည်။ ထိုအချိန်မှစတင်ပြီး ကျေးလက်ဒေသတွင်ကြီးပြင်းခဲ့ သော အသက်၂၆နှစ်အရွယ် မောင်အောင်ကိုအတွက် တယ်လီဖုန်း သည် မှုန်ဝါးဝါးမသဲမကွဲဖြင့် လှမ်းမြင်နေရပြီဖြစ်သည်။

ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအခင်းအကျင်းများထဲ တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ အပြောင်း အလဲသည် ထင်သာမြင်သာရှိခဲ့သည်။ နိုင်ငံတကာတွင်လည်း အစိုးရ တစ်ရပ်၊ အုပ်ချုပ်မှုပုံစံတစ်ရပ် ပြုပြင်ပြောင်းလဲရေးလုပ်ပြီဆိုလျှင် ဆက်သွယ်ရေးကဏ္ဍ၏ အပြောင်းအလဲသည် မြန်သည်ဟု မြန်မာ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့( MIDO )မှ အမှုဆောင်ဒါရိုက်တာ ကိုနေဘုန်းလတ်က ရန်ကုန်တိုင်းမ်သို့ ပြောပါသည်။

ကိုနေဘုန်းလတ်က ''စစ်အစိုးရခေတ်နဲ့စာရင်တော့ အများကြီး မျှော်လင့်ချက်ရှိလာပြီ။ ချုပ်ကိုင်ချင်လို့သာချုပ်ကိုင်ထားတာ၊ နည်းပညာ မရှိလို့မဟုတ်ဘူး။ မလုပ်ပေးနိုင်တာလဲမဟုတ်ဘူး''ဟု စစ်အစိုးရလက် ထက် ဆက်သွယ်ရေးခြယ်လှယ်ခဲ့ပုံကို အပြစ်တင်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ပိတ်ဆို့ထားသော အတားအဆီးများကိုဖွင့်ပေးချိန် တွင် အပြောင်းအလဲများရှိနေသော အခြားကဏ္ဍတို့ထက် ဆက်သွယ် ရေးကဏ္ဍ၏ပြောင်းလဲမှုက ပိုမိုသိသာပုံကို ¤င်းက ''၂ဝဝ၈ ဖွဲ့စည်းပုံဆွဲတဲ့ အချိန်ထဲမှာတင် (ဆင်းမ်ကတ်ဈေး) ၁၅သိန်းကနေ ငါးသိန်း၊ လေး သိန်း၊ သုံးသိန်း၊ နှစ်သိန်းလျှော့လာလိုက်တာ နောက်ဆုံး ကျပ်၁၅ဝဝ အထိဖြစ်လာတယ်''ဟု ဆိုပါသည်။
၂ဝ၁၃ခုနှစ် မတ်လကုန်ပိုင်းက တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းမ် ကတ်များ ရောင်းချရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် 'ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသည့်အတွက် ဆက်သွယ်ရေးကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က အလေးတယူမိန့်ကြားခဲ့သည်။

ဆက်သွယ်ရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့်ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည် ဟုဆိုခြင်းဖြစ်သည်။
၁၅ဝဝတန်ဖုန်း ပြဿနာ
ဆယ်စုနှစ်များစွာကြာအောင် အဆက်ဖြတ်ထားခဲ့ပြီးမှ ဗြုန်းစား ကြီး လက်ထဲရောက်လာသည့် တန်ဖိုးနည်း ၁၅ဝဝတန်ဖုန်းတွင် သုံးစွဲ သူလိုက်နာရမည့် စည်းကမ်းချက်(၁၂)ချက် ကပ်ပါလာခဲ့သည်။ ပြည်သူ အများ တော်တော်နှင့် နားမလည်ခဲ့။
ဖုန်းကတ်ကို အခြားသူတစ်ဦးဦးထံသို့ လက်ဆင့်ကမ်းရောင်းချ ခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်း အသုံးမပြုပါက ¤င်းဖုန်း ကတ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဆိုသည့် စည်းကမ်း ချက်မှာ အလွန်ကလေးဆန်သည့်လုပ်ရပ်ဟု ဖုန်းဝယ်ရောင်းသမား တချို့က ဆိုသည်။ ထိုစည်းကမ်းချက်ကြီးပါသော်ငြားလည်း လက်တွေ့ တွင် ယနေ့အချိန်ထိ ထိုထောင့်ငါးရာတန် တန်ဖိုးနည်းဖုန်းကို အပြင် ဈေးကွက်တွင် ကျပ်တစ်သိန်းဝန်းကျင်ဖြင့် တရားဝင်နီးနီး ဆိုင်းဘုတ်ချိတ် ရောင်းချနေသည်မှာ ရန်ကုန်မြို့ပြနေရာအနှံ့ရှိနေသောကြောင့်ဖြစ် သည်။

တန်ဖိုးနည်းဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ်၂၅ဝဝအနည်းဆုံးသုံးစွဲရန် သတ်မှတ်ထားသည်။ နှစ်လပြည့်လို့ ငွေကျပ်ငါးထောင်အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ်၅ဝဝဝ ပြည့်သည်အထိဖြတ်တောက်မည်ဟု တန်ဖိုးနည်းဖုန်းသုံးစွဲသူ စည်း ကမ်းချက်တွင် ပါသည်။ ထိုသည်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် ဝန်ကြီးဌာနအနေဖြင့် တန်ဖိုးနည်းဖုန်းသုံးစွဲသူများအပေါ် တမင်သက်သက် ငွေညှစ်ယူသည်မှာ သိသာနေသည်ဟု မကြာသေး ခင်က ၁၅ဝဝတန်ဖုန်းမဲပေါက်သူ လှိုင်မြို့နယ်မှ မမီးမီးကဆိုသည်။ သူမတွင် နဂိုကတည်းက နှစ်သိန်းတန်ဖုန်းရှိသည်။ ထို့ကြောင့် ကတ် ပျက်သွားမည်ကိုစိုးရိမ်ပြီး အသက်၂၄နှစ်အရွယ် မမီးမီးက ၁၅ဝဝတန် ဖုန်းကို ကျပ်တစ်သိန်းဖြင့် အရေးပေါ်ပြန်ရောင်းလိုက်သည်ဟုဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်က ထောင့်ငါးရာတန်ဖုန်းမဲပေါက် သည့် တောင်ဒဂုံမြို့နယ်မှ မမေသက်အတွက်တော့ ဖုန်းမဲပေါက်သည် မှာ ကံကောင်း၍ဟုဆိုနိုင်သော်လည်း အသုံးစရိတ်ပိုများလာမှာဖြစ် သောကြောင့် ကံဆိုးသည်ဟု သူမကပြောသည်။ အမှန်တကယ် မမေ သက်တစ်ယောက်လည်း တန်ဖိုးနည်းဖုန်းအတွက် မျှော်လင့်ခဲ့သည့် ရက်ပေါင်း မနည်းတော့ပေ။

အစိုးရအနေဖြင့် ပြည်သူလူထုအား ၁၅ဝဝတန်၊ တန်ဖိုးနည်းဖုန်း များကို မည်မျှပင်ထုတ်ရောင်းသော်လည်း လက်တွေ့တွင် ဈေးကွက် လိုအပ်ချက်များရှိနေသည်။ ဝယ်လိုအားက ထုတ်ရောင်းနိုင်သည့် ပမာဏထက်များပြားနေသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ အမှုဆောင်ကော်မတီဝင် ဦးရဲ မြတ်သူက ''မိုဘိုင်းဖုန်းတွေကို ကျွန်တော်တို့ပြည်သူတွေ လူတိုင်းမသုံးနိုင်ခဲ့ပါဘူး။ အခု လူတိုင်းသုံးနိုင်မယ့်ဈေးနှုန်းနဲ့ ကျတော့လဲ လောက်လောက်ငငမရှိဘူး။ မလောက်မငနဲ့ အစိုးရက ရောင်းချပေးနေတော့ အပြင်ဈေးကွက်က အလုပ်ဖြစ်သွားတာပေါ့''ဟု ရန်ကုန်တိုင်းမ်သို့ ဖုန်းဖြင့်ပြောပါသည်။
အစိုးရ၏ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းလ်ဖုန်း ကတ်များအတွက် အာသီသရှိနေသည့် မြန်မာပြည်သူတို့၏ အလို ရမ္မက်ကိုဖြည့်တင်းဖို့ အခက်အခဲကို အချိန်မီပြင်ဆင်ဖို့အတွက် စဉ်းစား ခဲ့ဟန်တူပါသည်။ ဆက်သွယ်ရေးကဏ္ဍအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို နေရာပေးဖို့ အကြောင်းဖန်လာသည်။

မဟာအပြောင်းအလဲ
ဆယ်စုနှစ်ပေါင်းများစွာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အပေါင်းပါ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တစ်စုသာ အုပ်စိုးခဲ့သည့် မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွင် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံသူများအား ၂ဝ၁၃ခုနှစ် ဇန်နဝါရီ ၁၅ရက်တွင် တရားဝင်ဖိတ်ခေါ် ခဲ့သည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများထံမှ လျှောက်လွှာပေါင်း ၉၁စောင်ကို လက်ခံရရှိခဲ့ပြီး စိစစ်မှုများပြုလုပ်ရာ ၂ဝ၁၃ခုနှစ် ဧပြီလ ၁၁ရက်တွင် တင်ဒါ ၁၂စောင်ကို ပဏာမရွေးချယ်အတည်ပြုခဲ့သည်။ ထို့နောက် ဇွန်လ၂၇ရက်တွင် နိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင် မှုလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီနှစ်ခုကို ကြေညာခဲ့သည်။ နော်ဝေနိုင်ငံမှ တယ်လီနောမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီနှင့် ကာတာနိုင်ငံမှ အော်ရီဒူး
ဆက်သွယ်ရေးကုမ္ပဏီတို့ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ယခင်ရှိနှင့်ပြီးသား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ပေါင်းလိုက်လျှင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီပေါင်း လေးခုအထိရှိလာပြီဖြစ်သည်။ ဆက် သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် လေ့လာသူနှင့် ကျွမ်းကျင်သူများ ကတော့ ထိုကဲ့သို့ လေးပွင့်ဆိုင်အပြိုင်ကြဲကြမည့် ယှဉ်ပြိုင်မှုမြင်ကွင်း အပေါ် မျှော်လင့်ချက်ကိုယ်စီရှိနေကြသည်။

ကိုယ်တိုင်က ဘလော့ဂ်ဂါသမားတစ်ယောက်ဖြစ်သည့် ကိုနေ ဘုန်းလတ်က ''ဖုန်းဈေးတွေသိသိသာသာထိုးကျသွားမယ်။ နောက် တစ်ခု မျှော်လင့်တဲ့အားသာချက်ကတော့ ဈေးကွက်ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမယ်။ တယ်လီနောသုံးမလား၊ အော်ရီဒူးသုံးမလား၊ အမ်ပီတီ သုံးမလားပေါ့။ စားသုံးသူ(ဖုန်းသုံးစွဲသူ)အခွင့်အရေးတွေ ရလာမယ်လို့ မျှော်လင့်တယ်''ဟု သူ့မျှော်လင့်ချက်ကိုပြောပြသည်။အဆိုပါပြည်ပကုမ္ပဏီကြီးနှစ်ခုအနေဖြင့် ပြည်တွင်းဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်းလည်ပတ်ဖို့အတွက် အရေး တကြီးလိုအပ်နေသည့် ဆက်သွယ်ရေးဥပဒေသစ်ကိုလည်း ၂ဝ၁၃ခုနှစ် အောက်တိုဘာ၈ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ သည်။ ထိုသည်ပင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ မဟာအပြောင်းအ လဲကြီးဖြစ်သည်ဟု ဦးရဲမြတ်သူက ရန်ကုန်တိုင်းမ်သို့ ဖုန်းဖြင့်ပြောသည်။

ယခုအခါ နောက်ဆက်တွဲဆက်သွယ်ရေးနည်းဥပဒေကို သက် ဆိုင်ရာဝန်ကြီးဌာနမှ အကောင်အထည်ဖော်ပြီး ၂ဝ၁၄ခုနှစ် ဖေဖော် ဝါရီလဆန်းပိုင်းက အဆိုပါတယ်လီနောနှင့် အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုအား လုပ်ငန်းလိုင်စဉ်များထုတ်ပေးခဲ့သည်။ လုပ်ငန်း လိုင်စင်ထုတ်ပေးသည့်ရက်မှာပင် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲက လာမည့်ရှစ်လအတွင်း ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ်အရေအတွက် သန်း၃ဝကို ထုတ်ရောင်းမည်ဖြစ် ကြောင်း ပြည်တွင်းပြည်ပမီဒီယာများကိုကြေညာသည်။ လာမည့်ငါးနှစ် အတွင်း မြန်မာပြည်လူဦးရေ၏ ရာခိုင်နှုန်း ၉ဝကို မိုဘိုင်းဝန်ဆောင်မှု ရရှိဖို့ရည်မှန်းထားသည်ဟု ¤င်းက ရန်ကုန်တိုင်းမ်သို့ပြောသည်။
၎င်းက ''နိုင်ငံအနှံ့အပြား ဝန်ဆောင်မှုပေးနိုင်ဖို့ ထောင်နဲ့ချီတဲ့ ဒေသခံ လက်လီ၊ လက်ကားဖြန့်ဝေသူများနဲ့ ပူးပေါင်းဆောင်ရွက်ပေး မှာဖြစ်ပါတယ်။ ဝ၉၅အမှတ်စဉ်ရှိတဲ့ ဆင်းမ်ကတ်သန်းသုံးဆယ်ကို ရှစ်လအတွင်း ရောင်းချပေးနိုင်ပါလိမ့်မယ်''ဟု ဆိုပါသည်။

အလားတူ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကလည်း လာ မည့်ငါးနှစ်အတွင်း တိုင်းပြည်လူဦးရေ၏အားလုံးနီးပါးကို မိုဘိုင်းဝန် ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း အော်ရီဒူး-မြန်မာအလုပ်အမှုဆောင် အရာရှိချုပ် မစ္စတာရော့ခ်ကောမက်စ်က ရန်ကုန်တိုင်းမ်သို့အတည်ပြု သည်။ မစ္စတာရော့ခ်ကောမက်စ်က ''တိုင်းပြည်ရဲ့ပထဝီဝင်အနေအထား ၈၄ရာခိုင်နှုန်းနဲ့ လူဦးရေအနေအထား ၉၇ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနိုင်ပါလိမ့်မယ်''ဟု ပြောပါသည်။

အဆိုပါကုမ္ပဏီကြီးနှစ်ခု၏ပြောဆိုမှုများအရ လာမည့်နှစ်နှစ်မှ ငါးနှစ်အတွင်း မြန်မာပြည်သူပြည်သားများ၏ ရာခိုင်နှုန်း၈ဝလောက် အထိ မိုဘိုင်းသုံးနိုင်မည့်အနေအထားကို အားရစရာကောင်းသည်ဟု ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက မှတ်ချက်ပြုသည်။
''မြန်မာပြည်သူတွေ ဖုန်းတွေပိုသုံးနိုင်တော့မှာပေါ့။ အနည်းဆုံး တိုင်းသူပြည်သားတွေရဲ့ တစ်ဝက်လောက်ဆိုရင်ကို တော်တော်အဆင် ပြေလိမ့်မယ်။ တောကြိုအုံကြားအထိ မိုဘိုင်းဖုန်းရောက်မယ်ဆိုရင် မလိုအပ်ဘဲကုန်ကျနေရတဲ့ခရီးစရိတ်တွေ သက်သာသွားမယ်။ နိုင်ငံ တကာနဲ့ ချိတ်ဆက်ဆောင်ရွက်မှုမှာဆိုရင်လဲ အများကြီးပိုလုပ်နိုင်လိမ့် မယ်။ ဒါဟာ လတ်တလော ဆက်သွယ်ရေးကဏ္ဍရဲ့အပြောင်းအလဲကြီး ပါပဲ''ဟု ¤င်းကဆိုပါသည်။

၎င်းကုမ္ပဏီနှစ်ခုသည် လုပ်ကိုင်ခွင့်ရရှိပြီး လုပ်ငန်းလိုင်စင်မရရှိ သေးခင်အချိန်အထိ ဆင်းမ်ကတ်ဈေးနှုန်းများကို ကျပ် ၁၅ဝဝထက် လျှော့ရောင်းမည်။ ဖုန်းခေါ်ဆိုခများကိုလည်း အစိုးရသတ်မှတ်နှုန်း ထားထက် လျှော့ကောက်မည်ဟု ပြည်တွင်းပြည်ပမီဒီယာများသို့ပြော ကြားထားသည်။ သို့သော် လက်တွေ့တွင် အစိုးရနှုန်းထားထက် လျှော့ ချထားခြင်းမရှိသည်ကို တွေ့ရသည်။
အမည်မဖော်လိုသူ ခိုင်လုံသည့်သတင်းအရင်းအမြစ်များကတော့ အဆိုပါကုမ္ပဏီနှစ်ခုအား အစိုးရ၏သတ်မှတ်ထားသည့် ဆင်းမ်ကတ် တန်ဖိုးနှင့် ဖုန်းခေါ်ဆိုခများထက် လျှော့ချမရောင်းဖို့နှင့် လျှော့မယူဖို့ အတွက် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်းသိရပါသည်။ သို့သော် ထိုကုမ္ပဏီနှစ်ခုထံ အတည်ပြုချက်ရယူရာမှာတော့ ပြန်လည်မဖြေကြား ခဲ့သော်လည်း တယ်လီနော-မြန်မာမှစီအီးအိုကတော့ ''မိုဘိုင်းဆင်းမ် ကတ်တွေကို ကျပ် ၁၅ဝဝထက်မပိုတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမယ်။ ဈေးကွက်ယှဉ်ပြိုင်မှုမှာတော့ အကောင်းဆုံးဝန်ဆောင်မှုနဲ့ အကောင်းဆုံး ကုန်ပစ္စည်းတွေကို အသုံးပြုသွားမယ်''ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

အော်ရီဒူးမြန်မာမှ မစ္စတာရော့ခ်ကောမက်စ်က ''စတင်မိတ်ဆက် ဖို့နီးလာတဲ့အချိန်မှာ ဈေးနှုန်းတွေကိုပြောမှာပါ။ အားလုံးကြားထားပြီး ဖြစ်တဲ့ ဈေးနှုန်းတွေကတော့ လေလံဆွဲတဲ့အခါမှာ လေလံပွဲရဲ့စာရွက် စာတမ်းထည့်ဖို့လိုအပ်တဲ့ ဈေးနှုန်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ သက် သာချောင်ချိတဲ့ ဈေးနှုန်းတွေကို ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေ ဟာ ကျွန်တော်တို့ရဲ့ တကယ့်ဈေးနှုန်းတွေတော့မဟုတ်ပါဘူး''ဟု ရန် ကုန်တိုင်းမ်၏မေးမြန်းချက်ကို ဖြေဆိုပါသည်။ ပြည်တွင်းသတင်းဖော်ပြချက်တွေအရ အော်ရီဒူး အနေဖြင့် ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ကျပ်၊ ဆင်းမ်မ်ကတ် တစ်ခု ကျပ် ၁၅ဝဝဖြင့် 3G စနစ် ဆက်သွယ်ရေးဝန်ဆောင် မှုများပေးအပ်မည်ဟုကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ်၂၅ကျပ်၊ ဆင်းမ်ကတ်တစ်ခု ကျပ် ၁၅ဝဝဖြင့် ဝန်ဆောင်မှုများပေးမည်ဟု ဆိုထားသည်။ ယခု အချိန်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကမူ မိုဘိုင်း ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ကျပ်၅ဝ ကောက်ခံလျက်ရှိ သည်။

ဈေးကွက်ယှဉ်ပြိုင်မှုကို အသိအမှတ်ပြုပါ
အစိုးရဝန်ကြီးဌာနအနေဖြင့် အမှန်တကယ် ပြည်သူ များ၏မျက်နှာကို ငဲ့ကွက်လိုပါက ဈေးကွက်ယှဉ်ပြိုင်မှုကို ကန့်သတ်မထားသင့်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။ ဈေးကွက်ယှဉ်ပြိုင်မှုအရ လျော့ကျလာမည့် မိုဘိုင်းဆင်းမ် ကတ်ဈေးနှုန်းများ၊ ဖုန်းခေါ်ဆိုခနှုန်းထားများကို ပြည်သူ့ အတွက် အသိအမှတ်ပြုပေးသင့်သည်ဟု ဆိုကြသည်။
မြန်မာလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ကော်မတီဝင်တစ်ဦးက ''ပြည်ပကကုမ္ပဏီတွေ ရောက်လာတဲ့အခါမှာ ဈေးကွက်ယှဉ်ပြိုင်မှုတွေရှိလာမယ်။ ပိုပြီးတော့ ဈေးတွေသက်သာလာလိမ့်မယ်''ဟုဆိုသည်။

ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆင်းမ်ကတ်တစ်ကတ် ကို ကျပ် ၁၅ဝဝဆိုသည့်စနစ်ကို မပြိုပျက်အောင်တွယ် ဖက်ထားချင်သူများက အများအပြားရှိနေနိုင်ပြီး တစ်ဖက် တွင်လည်း ဆင်းမ်ကတ်ဈေးနှုန်ကို ကျပ် ၁၅ဝဝ ထက် လျော့ကျစေချင်သည့်သူများလည်း ရှိနေနိုင်သည်ဟု ၄င်းက သုံးသပ်သည်။

''ဆင်းမ်ကတ်ကို ၁၅ဝဝထက်မလျှော့စေချင်တဲ့သူနဲ့ လျှော့စေချင်တဲ့သူတွေရဲ့ တွန်းအားအချင်းချင်း အားပြိုင် မှုက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ ဒီတော့အစိုးရ၊ ပြည်သူနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်ဘက်ကို ပိုရွေ့ စေချင်သလဲဆိုတာပဲ။ ကိုယ်ရွေ့စေချင်တဲ့ဘက်က တွန်း အားပေးရမှာပဲ''ဟု ¤င်းကဆိုသည်။ ယင်းသို့ဈေးကွက် ယှဉ်ပြိုင်မှုကိုအားမပေးဘဲ အကန့်အသတ် ပြုချင်သူများ အပေါ် အဆိုပါကော်မတီဝင်က ယခုလို ပြောပါသည်။

''အဲဒီလို ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် လျော့ကျလာ မယ့် ဆင်းမ်ကတ်ဈေးနှုန်းအပေါ် လက်မခံနိုင်ကြဘဲ ၁၅ဝဝ နဲ့ပဲ ဖက်တွယ်ချင်နေတဲ့သူတွေကိုတော့ အစိုးရက ဥပဒေ နဲ့ အရေးယူမှုတွေလုပ်ရမယ်။ ရှက်တတ်လာအောင် လုပ် ရမယ်''။
အစိုးရက ပြည်ပကုမ္ပဏီနှစ်ခုအား ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ဝင်ရောက်ခွင့်ပြုလိုက်သည်ဆို သော်လည်း ဈေးကွက်ယှဉ်ပြိုင်မှုတွင်တော့ လုံးဝလွတ် လပ်သော ဈေးကွက်ယှဉ်ပြိုင်မှုကို ခွင့်ပြုမထားဟု အိုင်တီ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။ တချို့ကိစ္စများတွင် ပြည်ပမှ လက်ဝါးကြီးအုပ်သွားနိုင်သည်ဟု အစိုးရိမ်ကြီး ကာ ဝန်ကြီးဌာနက ဖုန်းဈေးနှုန်းကို ဝင်ရောက်သတ်မှတ် ခြင်းဖြစ်နိုင်ကြောင်း ယင်းကယူဆသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် မိုဘိုင်းဆက်သွယ် ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွင် အပြိုင်အဆိုင်ဈေး ကွက်ယှဉ်ပြိုင်မှုအပေါ် မည်သို့အကန့်အသတ်ပြုမည်၊ မည် မျှလွတ်လပ်ခွင့်ပေးမည်ကို တိတိကျကျမသိရသေးသော် လည်း Elite Tech Co.,Ltd မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးကတော့ လွတ်လပ်သောဈေးကွက် ယှဉ်ပြိုင်မှုကို လိုလားသည်ဟု ဆိုပါသည်။


(အပိုင်း - ၂ )
...............................................................................
နှင်းကို ၊ အောင်သူ (ဒေးဒရဲ) ရေးသားသည်။

သို့သော် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ လိမ္မာပါး နပ်မှုအပေါ် အခြေခံပြီး မရဲတရဲဖြင့် မျှော်လင့်ချက်တစ် ခုကို ပြည်တွင်း အိုင်တီကျွမ်းကျင်သူတစ်ဦးက ယခုလိုဖွင့် ဟသည်။

''တစ်နည်းနည်းနဲ့တော့ ဈေးကွက်ကို ယှဉ်ပြိုင်ကြမှာ ပါ။ မတတ်နိုင်တဲ့ဈေးနှုန်းကို ဝန်ကြီးဌာနက ထပ်ပြီးမလျှော့ နိုင်ဘူးဆိုရင်တော့ ပြည်သူလူထုဘက်ကနေ တစ်နည်းတစ် ဖုံ ပြန်ပြီးတောင်းဆိုရမှာပေါ့၊ တိုက်ပွဲဝင်တာတွေရှိမှာပေါ့''။

ယင်းသို့ ဈေးနှုန်းများကန့်သတ်ခြင်းနှင့်ပတ်သက်ပြီး ''အစိုးရအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ် ပေးချင်တဲ့စိတ်ကဲနေသလား၊ ပြည်သူ့အကျိုးစီးပွားကိုဦးစား ပေးတာထက် ပြည်ပကုမ္ပဏီနှစ်ခုနှင့်ယှဉ်ပြိုင်မည့် စီးပွား ရေးသမားတွေကို စဉ်းစားပေးပြီးလုပ်နေသလား''ဟု ၄င်းက မေးခွန်းထုတ်သည်။
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအတွင်း ဈေး ကွက်ယှဉ်ပြိုင်မှုအပေါ် တယ်လီနော-မြန်မာ၏ စီးအီးအို ဖြစ်သူ မစ္စတာပီတာဖားဘတ်ဂ်က ''လက်လှမ်းမီနိုင်မယ့် ဝန်ဆောင်မှုနဲ့ မြန်မာပြည်ရဲ့ကျယ်ပြန့်တဲ့ဈေးကွက်အတွင်း ဝင်ရောက်ပံ့ပိုးနိုင်ဖို့နဲ့ ဈေးကွက်ပြိုင်ဘက်တွေကို ကြိုဆို ဖိတ်ခေါ်ဖို့ဖြစ်ပါတယ်။ ဒါမှသာ ဝယ်ယူသုံးစွဲသူတွေအတွက် အရည်အသွေးမြင့်မားတဲ့ကုန်ပစ္စည်းနဲ့ သင့်တင့်တဲ့အဖိုး နှုန်းထားနဲ့ ဝန်ဆောင်မှုကိုရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်'' ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

စီးပွားရေးလုပ်ငန်းတစ်ခု စတင်ထူထောင်ရာတွင် စိန်ခေါ်မှုပေါင်းများစွာရှိနိုင်ပြီး အထူးသဖြင့် ရှုပ်ထွေးလှ သည့် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းတွင် အဆိုပါစိန်ခေါ် မှုများက ပိုကြီးသည်ဟု ၄င်းကဆိုသည်။

နိုင်ငံတကာတွင်တော့ ဈေးနှုန်းကို သတ်မှတ်ပေး သည့် ဥပဒေများရှိပါသည်။ အဆိုပါဥပဒေများအလိုအရ တော့ လုပ်ငန်းရှင်တစ်စုနှင့် ကိုယ်ကျိုးစီးပွားအတွက် အကာ ကွယ်ယူတာမျိုးမဟုတ်ဘဲ မသမာတဲ့နည်းဖြင့် ဈေးကွက် ယှဉ်ပြိုင်မှုမျိုးကို ကာကွယ်ဖို့အတွက် ပစ္စည်းတစ်ခုကို ရောင်းချရာတွင် ထိုပစ္စည်း၏ အမှန်တကယ်ကုန်ကျစရိတ် ထက် လျှော့ရောင်း၍မရခြင်းဘဲဖြစ်သည်ဟု ဦးရဲမြတ်သူ က ပြောသည်။
သို့ရာတွင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပေါ် လစီနှင့်မူဝါဒကို ထိန်းချုပ်ချမှတ်သည့်အခါ ပြည်သူပြည် သားများအတွက် အကျိုးရှိမယ့်နှုန်းထားဖြစ်ဖို့အတွက် ဆောင်ရွက်သွားမည်ဟု ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသောင်း တင်က ပြည်သူ့လွှတ်တော်တွင် ကတိပြုခဲ့သည်။ ဈေးကွက် ယှဉ်ပြိုင်မှုသဘောတရားအရ Quality.TV
နှင့် ဈေးနှုန်းကို အပြိုင်အဆိုင်လျှော့ချပြီး ဈေးကွက်ဝေစု ရယူမှုများပြုလုပ် ရာတွင် ဌာနအနေဖြင့် လွတ်လပ်စွာဈေးကွက်ယှဉ်ပြိုင် မှုအရ ဈေးနှုန်းကိစ္စကိုထိန်းချုပ်မည်မဟုတ်ဘဲ လွတ်လပ် စွာ ယှဉ်ပြိုင်ခွင့်ပေးမည်ဟု တစ်ဆက်တည်းကတိပြုခဲ့သည်။

အချိန်တိုအတွင်း ရည်မှန်းထားသည်များပြည့်မီဖို့ ဝေး လံခေါင်ပါးတဲ့ ကျေးလက်ဒေသတွေအထိပါ ဖြန့်ဝေနိုင်ဖို့နှင့် ဈေးကွက်အဓိကအချက်အချာကျမှုများကို အဓိကလေ့ လာသွားမည်ဟု မစ္စတာပီတာဖားဘတ်ဂ်ကဆိုသည်။
''ကျွန်တော်တို့ရဲ့ အာရှမှာအောင်မြင်မှုဟာ ဈေးနှုန်း ချိုသာမှု၊ လွယ်ကူတဲ့စီးပွားရေးအရောင်းအဝယ်စနစ်နဲ့ ဒေသခံတွေရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအတွက် ကျယ် ပြန့်စွာ ဆောင်ရွက်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်''ဟု ၄င်းကြေ<ွကးကြော်ခဲ့သည်။
ယင်းသို့ဈေးကွက်ယှဉ်ပြိုင်မှုကို တွန့်ဆုတ်စေသည့် အကြောင်းအရာများထဲတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွင်း အစိုးရ၏ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းကြီး ပါဝင်ပတ်သက်နေခြင်းကြောင့်လားဆိုပြီး သံသယ ရှိနေကြသူများလည်း ရှိသည်။

မြန်မာ့ဆက်သွယ်ရေးရှိသင့်သေးသလား
ထိုမေးခွန်း၏ အဖြေသည် မြန်မာ့ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်း ဈေးကွက်ယှဉ်ပြိုင်မှုအတွက် တိုက်ရိုက် အကျိုးသက်ရောက်စေပါသည်။
ယခုကဲ့သို့ ဈေးကွက်တွင် ဆင်းမ်ကတ်ဈေးနှုန်းကို ဝန်ကြီးဌာနမှာ သတ်မှတ်ပေးခြင်းသည် ကိုယ်ကျိုးစီးပွား အတွက် အကာအကွယ်ယူထားသလားဆိုသည်က သံသ ယဖြစ်စရာ။ ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့် လျှင် ဆင်းမ်ကတ်ဈေးနှုန်း လျော့ကျခြင်းသည် မင်္ဂလာ တစ်ပါးပင်။ အလကားပင်ရစေဦးတော့ သာ၍ကောင်း နေသည်။ ထို့အတူ ဖုန်းခေါ်ဆိုခသက်သာခြင်းသည်လည်း ပြည်သူ့အတွက် အကျိုးရှိစေသည် မဟုတ်ပါလား။ တကယ် တော့ အစိုးရ၏ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဝန် ကြီးဌာနတစ်ခုအနေဖြင့်သာ ရှိသင့်သည်ဟု ဦးရဲမြတ်သူ ကဆိုသည်။

''ခက်တာက MPT ကိုယ်တိုင်က ဒိုင်လဲသူပဲ၊ ထိုး သားလဲသူပဲ ဖြစ်နေတယ်။ သူ့မှာ လုပ်ပိုင်ခွင့်ရှိနေတာ တခြားသူတွေအတွက် ယှဉ်ပြိုင်ရခက်တာပေါ့။ အမှန်ဆို ရင် MPT က ဒိုင်အနေနဲ့ပဲ ဖြစ်သင့်တာ။ ဒိုင်အနေနဲ့ပဲ သမာသမတ်ကျကျ ရပ်တည်ပေးရမှာပါ''ဟု ယင်းက ဝေ ဖန်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတော် အတွက် တာဝန်ကျေကျေ လုပ်ကိုင်ဆောင်ရွက်ချင်ပါက ကိုယ်တိုင် စီးပွားရေးကို ဝင်ရောက်လုပ်ကိုင်စရာမလိုဘဲ ရရှိလာမည့် အခွန်အခများကိုသာ စနစ်တကျ ကောင်း ကောင်းမွန်မွန် စီမံခန့်ခွဲသင့်ကြောင်း ဦးရဲမြတ်သူက ယခု လိုထပ်ပြောသည်။

''အစိုးရကိုယ်တိုင် စီးပွားရေးလုပ်တာ ဘယ်နေရာ မှာမှ မကောင်းပါဘူး။ ဆက်သွယ်ရေးကဏ္ဍ တစ်ခု တည်းပြောတာ မဟုတ်ဘူး။ သူ့မှာက တခြားလုပ်စရာတွေ ရှိသေးတယ်''ဟု ပြောသည်။
အစိုးရကိုယ်တိုင်က ဈေးကွက်ထဲတွင် စီးပွားရေး ဝင်ရောက် လုပ်ကိုင်နေခြင်းအပေါ် မြန်မာအိုင်စီတီ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အနေဖြင့်လည်း အလိုမရှိလှ။ ''စီးပွားရေး လုပ်တာ မဖြစ်သင့်ဘူး။ ဒါမှ အဂတိကင်းမှာ။ အခုက မကင်းဘူးဖြစ်နေတယ်''ဟု ¤င်းအဖွဲ့က ဆိုသည်။

အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လည်း ဦးရဲမြတ်သူကဲ့သို့ သဘောရှိသည်။ အစိုးရအနေ ဖြင့် တစ်ဖက်တွင် အုပ်ချုပ်ရေးတာဝန် ယူထားရသလို တစ်ဖက်တွင်လည်း စီးပွားရေး ဝင်ရောက်လုပ်ကိုင်နေ သောကြောင့် တကယ့်တကယ် ဆုံးဖြတ်ချက်များ ချရာတွင် စဉ်းစားမှုပုံစံသည် ရိုးသားမှုမရှိတော့ဟု ဆိုသည်။

''ပြည်သူလူထုအတွက် ရှင်းရှင်းမလုပ်နိုင်ဘူးဖြစ်နေ တယ်။ ဘာမှ အချုပ်အနှောင်မရှိတဲ့လူနဲ့ ချုပ်နှောင်မှုရှိ တဲ့ လူကြားမှာလဲ အတော်လေးကို ကွာတယ်''ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
ဖေ့ဘွတ်ခ်စစ်တမ်းမိမိတို့ ရန်ကုန်တိုင်းမ်ဂျာနယ်အနေဖြင့် ဖေ့ဘွတ်ခ် စာမျက်နှာတွင် စစ်တမ်းငယ်လေးတစ်ခု ကောက်ယူခဲ့ပါ သည်။ တယ်လီနော၊ အော်ရီဒူး၊ မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံတယ်လီပို့တို့အနက် ကြိုက်နှစ်သက်ရာကို မဲဆန္ဒ ပေးခြင်း ဖြစ်ပါသည်။ ထိုသို့ကောက်ယူရာတွင် မည်သည့် အကြောင်းပြချက်မျှ ပေးထားခြင်းမရှိဘဲ ကောက်ယူခဲ့ပါ သည်။ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းမှ ၁၅ ရက် ညနေပိုင်း အထိ ဝင်ရောက်ဆန္ဒပြု မှတ်ချက်ပေးသူ ၂၇၆ ဦး ရှိခဲ့ပါ သည်။

ထိုအနက် စိတ်ဝင်စားဖွယ်ကောင်းသည်က မည် သည့်ဝန်ဆောင်မှုမျှ မြန်မာပြည်သူများအပေါ် တရားဝင် ပေးရခြင်း မရှိသေးသည့် နော်ဝေနိုင်ငံအခြေစိုက် တယ် လီနောကုမ္ပဏီကို နှစ်သက်သူများမှာ ဆန္ဒပြုသူများ၏ ၅၈ ရာခိုင်နှုန်းကျော်အထိ ရှိနေသည်။ အော်ရီဒူးကုမ္ပဏီက တော့ ကိုးရာခိုင်နှုန်းကျော်သာ လူကြိုက်များခဲ့သည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအပေါ်တွင်လည်း ယုံကြည်နှစ် သက်သူပေါင်း ၁ဝ ရာခိုင်နှုန်းကျော် ရှိနေပြန်သည်။ ရတ နာပုံတယ်လီပို့ကိုတော့ ဆန္ဒပြုသူများ၏ ၂ ဒသမ ၅ ရာခိုင် နှုန်းသာ အယုံအကြည် ရှိနေပါသည်။

ကျန်သည့် ၁၉ရာခိုင်နှုန်းကျော်ထဲတွင်တော့ တချို့ က ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ်ဈေးနှုန်းသတ်မှတ်ပြီးမှ ရွေးချယ်မည်ဟု ဆိုသည်။ ဝန်ဆောင်မှုကောင်းလျှင် မည် သူ့ကိုမဆို အသုံးပြုမည်ဟုလည်း ဆိုသည်။ ဖုန်းခေါ်ဆိုခ သက်သာပြီး အင်တာနက်ကွန်နက်ရှင်ကောင်းသည့် သူ ကိုသာ အားပေးမည့်သူများလည်း ရှိသည်။

''ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက် မဆိုးရင် တော်ပါပြီ''ဟု မှတ်ချက်ပေးသူတွေလည်း ရှိ သည်။

''ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ လိုင်းမြန်၊ လူကြီးမင်းနဲ့ မတွေ့မယ့် လိုင်းဆိုပြီးရော''ဆိုပြီး မှတ်ချက်ပေးသူများ လည်း ရှိသည်။
မိမိတို့၏ ဖေ့ဘွတ်ခ်စစ်တမ်းသည် တစ်နိုင်ငံလုံးကို ခြုံမိခြင်းမရှိပါ။ ယေဘုယျမှတ်တမ်းတစ်ခုကို ရယူဖန်တီး ခြင်းသာဖြစ်သည်။
အထက်ပါမှတ်ချက်စကားတချို့ကိုကြည့်လျှင် မြန် မာပြည်သူများသည် ''လူကြီးမင်း''ကို အတော်ပင် စိတ် ကုန်နေသည့် သဘောရှိသည်။ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေခြင်း၊ ဖုန်းလိုင်းမအားခြင်း စသဖြင့် ဖုန်းလိုင်း ထဲမှ အမျိုးသမီး၏ အသံမှ နားဝင်ချိုလှသော်လည်း သည်း မခံနိုင်အောင်ဖြစ်မိသည့် မိုဘိုင်းဖုန်းသုံးစွဲသူများမှာ ဒုနဲ့ ဒေး ရှိနေပါလိမ့်မည်။
အိုင်တီကျွမ်းကျင်သူတစ်ဦးကတော့ အစိုးရဆက် သွယ်ရေးကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံနေကြသည့် ကုမ္ပဏီလေးခုအနက် တယ်လီနောကို စသုံးမည်ဟုဆို သည်။ ''တယ်လီနော မကောင်းရင် အော်ရီဒူး၊ ပြီးရင်အမ် ပီတီပေါ့။ သေချာတာကတော့ လောလောဆယ်အမ်ပီ တီကိုပဲ သုံးကျဦးမှာပဲ''ဟု ယင်းက ဆိုသည်။

မသေထမင်း၊ မသေဟင်း

အစိုးရ၏ မိုဘိုင်းဆင်းမ်ကတ်တန်ဖိုးအဆင့်ဆင့် လျှော့ချပေးခဲ့ပုံဖြစ်စဉ်သည် ပြည်သူများအား မသေထမင်း၊ မသေဟင်း ကျွေးသလိုဖြစ်နေသည်ဟု ဝါရင့်ဘလော့ဂါ ဆရာကိုနေဘုန်းလတ်က ခိုင်းနှိုင်းခဲ့သည်။
၂ဝ၁၁ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် ငါးထောင်တန်ဖုန်း လှုပ် ရှားမှုများ စတင်လာခဲ့သည်။ ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်သော ရွှေပြည်တံခွန်ကုမ္ပဏီက အစပြုခဲ့ခြင်းဖြစ်သည်။ မိုဘိုင်းဖုန်းကို ခါးကြားတွင်ချိတ်ဖို့ စိတ်ကူးယဉ်ခဲ့ရသည့် ပြည်သူလူထုမျက်လုံးများ အရောင်ထွက်လာခဲ့သည်။ ဘာကြောင့်၊ ဘယ်လိုဖြစ်ပြီး တစ်ချိန်က သိန်းအစိတ်တန်၊ ဆယ့်ငါးသိန်းတန်၊ ငါးသိန်းတန် ဖုန်းဆင်းမ်ကတ်က မြန်မာ ငွေ ၅ဝဝဝ ဖြင့် ရပါလိမ့်ဟု မတွေးမိခဲ့ကြ။ ဖုန်းကိုင်ချင် သည့် ဆန္ဒများက ရှေ့တန်းသို့ ရောက်လာသည်။ ဆင်းမ် ကတ် တစ်ကတ်ကို ကျပ်ငါးထောင်ဖြင့်ရောင်းချဖို့ အစိုးရ ကို တောင်းဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ရှုတ်ချပြစ်တင်ခဲ့ကြသည်။ လွှတ်တော်တွင်လည်း ငါးထောင် တန် ဖုန်းကိစ္စကို အရေးတယူ ဆွေးနွေးခဲ့ကြသည်။

ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ကို လက်ဝါးကြီး အုပ်၊ ပြည်သူကို မငဲ့ညှာဘဲ လုပ်ချင်ရာလုပ်ခဲ့ကြသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အပေါင်းပါ ပုဂ္ဂလိက ကုမ္ပဏီများအတွက် အလုပ်ရှုပ်ခဲ့ရသည်။ အရေးပေါ် ဖုန်း ဈေးတွေလျှော့ချဖို့ အရေးပေါ်အစည်းအဝေးများ ခေါ်ခဲ့ ရသည်။ ထိုအချိန်တွင်ပင် မည်သည့်အကြောင်းပြချက် ကြောင့်မှန်းမသိဘဲ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းကို သမ္မတ အမိန့်ဖြင့် ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခွင့်ပြုခဲ့သည်။

၂ဝဝ၉ ခုနှစ်ကတည်းက ကျပ်ငါးသိန်းဖြင့် ရောင်းချ ခဲ့သည့် ဂျီအက်စ်အမ်မိုဘိုင်းဆင်းမ်ကတ်ကို ၂ဝ၁၂ ခုနှစ် ဧပြီလတွင် ကျပ်နှစ်သိန်းခွဲဖြင့် စတင်ရောင်းချခဲ့သည်။ ထိုအချိန်က အဆိုပါငါးသိန်းတန်ဂျီအက်စ်အမ်၏ ပြင်ပ ပေါက်ဈေးသည် ကျပ်သိန်းသုံးဆယ်အထိ ရှိခဲ့သည်။

ကိုနေဘုန်းလတ်၏ အဆိုအရတော့ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ ပြည်သူများအပေါ် မိုဘိုင်းဖုန်းသုံးစွဲနိုင် ရေးလုပ်ဆောင်ချက်သည် မသေထမင်း၊ မသေဟင်းကျွေး သလို ဖြစ်နေသည်။ ပြည်သူများကိုယ်တိုင် လမ်းပေါ်ထွက် တောင်းဆိုမှ ခွင့်ပြုပေးသည့်ပုံစံမျိုးဟု ယင်းကဆိုသည်။
''အလကားနေရင်းတော့ စေတနာမကောင်းဘူး။ နိုင်ငံ ရေးအခြေအနေအရ၊ နိုင်ငံတကာဆက်ဆံရေး အခြေအ နေတွေအရလုပ်ပေးလိုက်တဲ့သဘောပဲ''ဟု ယင်းကပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၁၉၉ဝ ပြည့် နှစ်တွင် ကျပ်ဆယ်သိန်းမှ သိန်းနှစ်ဆယ်အထိ ပေါက်ဈေး ဖြင့် ဆယ်လူလာဖုန်းများကို ပြည်သူအား ထုတ်ရောင်းခဲ့ သည်။ ၁၉၉၉-၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် ရန်ကုန်နှင့် မန္တလေးတို့တွင်သာ အသုံးပြုနိုင်သည့် ခြင်းဖုန်းများကိုချ ပေးခဲ့သည်။ ၂ဝဝ၂ ခုနှစ် ဂျီအက်စ်အမ် ဖုန်းကတ်များကို ငါးသိန်းကျပ်ဖြင့် စတင်ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် ဆယ် သိန်းမှ ဆယ့်ငါးသိန်းအထိ တိုးမြှင့်ရောင်းချခဲ့သည်။ ထို အချိန် ပြင်ပပေါက်ဈေးတွင် ဂျီအက်စ်အမ် ဆင်းမ်ကတ် တစ်ကတ်ကို ကျပ်သိန်းနှစ်ဆယ်မှ သိန်းငါးဆယ်အထိ ဈေးပေါက်ခဲ့သည်။

၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် စီဒီအမ်အေ ဖုန်းကတ် များကို ထပ်မံရောင်းချခဲ့သည်။ ပြင်ပဈေးကွက်တွင် ¤င်း ဆင်းမ်ကတ် တစ်ကတ်ကို ကျပ် ၂၅ သိန်းမှ သိန်း ၅ဝ အထိဖြစ်ခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် အဆိုပါ စီဒီအမ်အေ ၈ဝဝ အမ်အိတ်ခ်ျဇက်ကို ကျပ်ငါးသိန်းဖြင့် မန္တလေးမြို့တွင် ထုတ်ရောင်းခဲ့ပြန်သည်။

၂ဝဝ၈ ခုနှစ်တွင် ကမ်းရိုးတန်းစီဒီအမ်အေ ၄၅ဝ အမ် အိတ်ခ်ျဇက်ကို အစိုးရသွင်းဈေး ဆယ့်ငါးသိန်းကျော်ဖြင့် စတင်ရောင်းပေးခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ငါးသိန်း ဖြင့် နေပြည်တော်တွင် ရောင်းချပေးခဲ့ပြန်သည်။
ထိုမှတ်တမ်းများအရ မိုဘိုင်းဆင်းမ်ကတ်ဈေးနှုန်း များကို သုံးစွဲသူ ပြည်သူများအကြားတွင် ရုပ်ပြောင်းရုပ် လွဲ၊ ပုံသဏ္ဌာန်မျိုးစုံဖြင့် မြန်မာ့ဆက်သွယ်ရေးက မျက် လှည့်ပြခဲ့သည်။ ဈေးကွက်ကိုလည်း လက်ခုပ်ထဲက ရေ သဖွယ် မှောက်ချေ၊ လှန်ချေ ပြုမူခဲ့သည်ကို တွေ့ရသည်။

ဦးသိန်းစိန်အစိုးရအနေဖြင့် ဂျီအက်စ်အမ်ဆင်းမ် ကတ်များကို ကျပ်နှစ်သိန်းခွဲအထိ လျှော့ရောင်းဖို့အတွက် လုပ်ဆောင်နိုင်ခဲ့သော်လည်း ၅ဝဝဝ တန် ဆင်းမ်ကတ် ဇာတ်လမ်းသည် ပြည်သူများရင်ထဲတွင် စူးဝင်နေခဲ့သည်။ ဦးသိန်းစိန်အစိုးရက ကျပ် ၅ဝဝဝ တန် ဆင်းမ်ကတ်ကို ပြည်သူများအတွက် မဖြစ်မနေဖန်တီးပေးရဖို့ အကြောင်း ဖန်လာတော့သည်။
ထိုအချိန်မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အ သိုင်းအဝိုင်းအကြား ဆူဆူညံညံဖြစ်လာသည်။ ဆင်းမ် ကတ်တစ်ကတ်ကို ကျပ် ၅ဝဝဝ ဖြင့် ရောင်းချနိုင်ဖို့ အ ကျေအလည် ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် သမ္မတ ရုံးဝန်ကြီးဦးစိုးသိန်းက ဆင်းမ်ကတ်တစ်ကတ်ကို ကျပ် ငါး ထောင်ထက် လျှော့သည့်ဈေးနှုန်းဖြင့် ရောင်းချတော့မည့် အကြောင်း မီဒီယာများက အတိအလင်းထုတ်ပြောခဲ့သည်။ ထို့နောက် ကျပ် ၁၅ဝဝ တန်၊ တန်ဖိုးနည်းဖုန်းများကို ပြည် သူများလက်သို့ ထည့်ပေးဖို့ ပြင်ဆင်လာခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဧပြီလတွင်တော့ ဖုန်းအလုံးရေ သုံးသိန်းခွဲကို ပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ခွဲဝေကာ မဲဖောက် စနစ်ဖြင့် ရောင်းချလာခဲ့သည်။ ထိုသည်မှာလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အပေါင်းပါတို့၏ မျက်လှည့်တစ် ကွက်ဖြစ်ခဲ့သည်။ သို့သော် ပြည်သူများ လက်ခံခဲ့သည်။

ခေါ်ဆိုခနှင့် ဆင်းမ်ကတ်ဈေးတွေချပေး
ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတစ်ခုတွင် တယ်လီ ဖုန်းပြောဆိုခနှုန်း လျှော့ချပေးရန် လက်ကမ်းအ ဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ် ရေးကော်ပိုရေးရှင်းက ဦးဆောင်သတ်မှတ်ပေးရန် အစီအ စဉ် ရှိ၊ မရှိဟူသော မေးခွန်းကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးကြည်မြင့်က မေးခွန်းထုတ်ခဲ့သည်။

တိုင်းပြည်လူဦးရေ၏ ဆယ်သန်းမျှရှိသော အများ ပြည်သူတို့ သုံးစွဲနေကြသည့်ြွှ။ဃီဗြ စသည့် တယ်လီဖုန်းများသည် ဖုန်းအလုံးရေ များလာသည်နှင့် အမျှ ယင်းတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကျဆင်းသွား သည့်အတွက်ကြောင့် ယနေ့ တယ်လီဖုန်းဆက်သွယ်ခ တစ် မိနစ် ကျပ် ၅ဝ က ငါးကျပ်ဆိုသည်မှာ ဖြစ်နိုင်လောက် သောအနေအထားတစ်ခုဖြစ်သည်ဟု ဦးကြည်မြင့်က ထောက်ပြသည်။
အစိုးရအပါအဝင် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပြုသူတို့အတွက် ရေရှည်ကိုတွက်ချက်ပြီး အများ ပြည်သူ၏ အကျိုးစီးပွားကို အများဆုံးဖော်ဆောင်နိုင်သည့် ရည်မှန်းချက်ထားကာ အရင်းကျေကာလကို တစ်နှစ်၊ နှစ် နှစ် စသည်ဖြင့် ကာလတိုထားမည့်အစား အရင်းကျေ ကာလကို ၁ဝ နှစ်၊ ၁၅ နှစ်ထားမည်ဆိုပါက တယ်လီဖုန်း သုံးစွဲခနှုန်းထား တစ်မိနစ် ငါးကျပ်ဆိုသည်မှာ ဖြစ်နိုင်ခြေ ရှိနေသည်ဟု ထောက်ပြကာ ယင်းသို့ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုမေးခွန်းနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ငါးကျပ်အထိလျှော့ချပြီး ဆောင်ရွက် လိုတဲ့ကုမ္ပဏီ ကမ်းလှမ်းချက်မရှိသေး''ဟု ဖြေဆိုခဲ့သည်။

ယခုအချိန်အထိ ကမ်းလှမ်းလာသည့်ကုမ္ပဏီ ငါး ကျပ်နှုန်းအထိ မရှိသေးသည့်တိုင် အပြိုင်အဆိုင်သဘော တရားအရ တစ်ချိန်ပြီးတစ်ချိန် ဈေးနှုန်းကျဆင်းလာကာ ဖုန်းခေါ်ဆိုခမှာ ငါးကျပ်အထိ ကျဆင်းကောင်း ကျဆင်း နိုင်သည်ဟုလည်း ဒုဝန်ကြီးက မှတ်ချက်ပေးခဲ့သည်။

ထို့နောက် တယ်လီဖုန်းခေါ်ဆိုခကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှဦးဆောင်ပြီး လျှော့ချသတ်မှတ်ပေး ရန် အစီအစဉ် ရှိ၊ မရှိဆိုသည့် မေးခွန်းနှင့်ပတ်သက်ပြီး ခေါ်ဆိုခနှုန်းထားများကို လျှော့ချဆောင်ရွက်ခြင်းအား ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ဦးသောင်းတင်က ဖြေကြားခဲ့သည်။ သို့ရာတွင် ယနေ့အ ချိန်အထိတော့ ဖုန်းခေါ်ဆိုခနှုန်းထားများ လျော့ကျခြင်း မရှိသေး။ တစ်မိနစ် ကျပ် ၅ဝ ဖြင့်သာ တန့်နေသည်။

အော်ရီဒူးမြန်မာမှ အလုပ်အမှုဆောင်အရာရှိချုပ် မစ္စတာရော့ခ်ကောမက်စ်တော့ မြန်မာပြည်သူများ၏ အိတ် ထောင်ထဲသို့ ဈေးနှုန်းသက်သာချောင်ချိပြီး အလွယ်တကူ ရရှိနိုင်သည့် အင်တာနက်တွေရောက်ရှိလာဖို့ စီးပွားရေး အားဖြင့် ယှဉ်ပြိုင်သွားမည်ဟု ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆ဝ တွင် ၁ဝ ရာခိုင် နှုန်းသာ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းနှင့် အလှမ်းမီနေသေး ခြင်းကြောင့် မြန်မာပြည်၏ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်း ဈေးကွက်သည် တယ်လီနောနှင့် အော်ရီဒူးအတွက် ကြီး မားသည့် ဈေးကွက်ကြီးဖြစ်ခဲ့သည်။

လက်ရှိ မြန်မာ့မိုဘိုင်းဖုန်းသုံးစွဲမှု အခြေအနေ
လက်ရှိမြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ သည် တိုင်းပြည်လူဦးရေ၏ ခုနစ်ရာခိုင်နှုန်းခန့်သာ ရှိ သည်။ တယ်လီဖုန်းသုံးစွဲမှု များပြားလာအောင် စီမံဆောင် ရွက်ရမည်မှာ လက်ရှိဦးသိန်းစိန်အစိုးရအဖွဲ့၏ အဓိက တာဝန် ဖြစ်လာသည်။ ထို့ကြောင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ်တွင် လိုင်းရှစ်သန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် လိုင်း ၁၈ သန်းဖြင့် စုစုပေါင်း လိုင်း ၂၆ သန်းကို တိုးချဲ့တပ်ဆင် သွားမည်ဟု အဆိုပါအစည်းအဝေးတွင် ဦးသိန်းစိန်က အသိပေးခဲ့သည်။

တယ်လီဖုန်းသုံးစွဲမှု သိပ်သည်းဆအားဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ခုနစ်ရာခိုင်နှုန်းသာ ရှိနေသော် လည်း ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၁ဝ ရာခိုင်နှုန်း၊ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း ၅ဝ အထိ ဖြစ်လာအောင် လျာ ထားသည်ဟု ယင်းကဆိုသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် တယ်လီဖုန်းသုံးစွဲမှုသိပ်သည်းဆမှာ ရာခိုင်နှုန်း ၅ဝ၊ လာအိုနိုင်ငံတွင် ၇၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂၃ ရာ ခိုင်နှုန်း၊ အိန္ဒိယနှင့် တရုတ်တို့တွင် ၇၈ ရာခိုင်နှုန်း၊ ကမ္ဘော ဒီးယားတွင် ၇၈ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးရှိကြောင်း လေ့လာတွေ့ရှိရသည်။

နိဂုံး

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များနှင့်အတူ အထိုက်အလျောက် ပြောင်းလဲမှုများ ရှိခဲ့သည်ဟု မြန်မာ့အရေးလေ့လာသူနှင့် ကဏ္ဍအလိုက် ခေါင်းဆောင်တချို့က လက်ခံကြသည်။ ထို့နောက် မြန်မာ့ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်း များ၏ အပြောင်းအလဲများက ထိုလောကသားများအတွက် အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ကြ။ သို့သော် ထိုပြောင်း လဲမှုများသည် ပြည်သူများ၊ နိုင်ငံရေးသမားများ၊ တက်ြ<ွကလှုပ်ရှားသူများ၏ တောင်းဆိုမှုကြောင့် ရရှိခြင်းဖြစ် သည်ဟု မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဗဟို အလုပ်အမှုဆောင် ကိုနေဘုန်းလတ်က သုံးသပ်သည်။

နိုင်ငံတကာတန်းဝင်သော နော်ဝေနှင့် ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများကို ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်များ ခွင့်ပြုပေးလိုက်ခြင်းသည်လည်း မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ကြီးမားသောအ လှည့်အပြောင်းဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာအ သင်း ဗဟိုအလုပ်အမှုဆောင် ဦးရဲမြတ်သူက အတည်ပြု သည်။ သို့သော် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ် ခုလုံး၏ အဝင်အထွက် ဈေးကွက်ယှဉ်ပြိုင်မှုကိုတော့ မည်မျှ လွတ်လပ်ခွင့်ပေးထားသလဲဆိုသည့်အပေါ်တွင်မူ ကိုနေ ဘုန်းလတ်၊ ဦးရဲမြတ်သူတို့အပါအဝင် အိုင်တီကျွမ်းကျင် သူများ၊ စီးပွားရေးလုပ်ငန်းရှင်းများကတော့ သံသယရှိနေ ကြသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိမြန်မာ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အတုအယောင်များ ခေတ်စားနေခြင်းကြောင့်ဖြစ်သည်ဟု ကိုနေဘုန်းလတ် က ဆိုသည်။
''အစ်ကိုတို့ သုံးနေတာ အင်တာနက်အစစ်မဟုတ် ဘူး။ ဒီမိုကရေစီစစ်စစ်မဟုတ်သေးသလို အင်တာနက်က လဲ အစစ်မဟုတ်ဘူး''ဟု ¤င်းက အစိုးရ၏ အပြောင်းအ လဲအပေါ် ဝေဖန်လိုက်သည်။
မြန်မာပြည်သူများအား ကမ္ဘာ့မျက်နှာစာ၊ မြန်မာ့ မျက်နှာစာတို့ဖြင့် အကွက်ကျကျစီမံခဲ့သည့် ယခင်စစ်အ စိုးရကိုလည်း ယခုလိုပြောခဲ့ပါသေးသည်။

''ပြည်သူကို ပြင်ပနဲ့ဆက်သွယ်မှုဖြတ်ထားချင်တာ ရယ်၊ ပိုက်ဆံရချင်တာရယ် နှစ်ခုစလုံးရအောင် လုပ်သွား တာ။ ပြည်သူက နေရင်းထိုင်ရင်း လူအခွင့်အရေး အချိုး ဖောက်ခံခဲ့ရတာ''။ ။


Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်


No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား