img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, March 4, 2014

ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေ သမ္မတ၏ မှတ်ချက်ကို ပယ်ဖျက်၍ ကန့်ကွက်သူမရှိ လွှတ်တော်အတည်ပြု


ဥပဒေပါ ပြဋ္ဌာန်းချက်များသည် အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိဟုဆိုကာ နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်း မပြုဘဲ မှတ်ချက်ပြု၍ လွှတ်တော်သို့ ပြန်လည် ပေးပို့ထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က သမ္မတ၏ သဘောထား မှတ်ချက်ကို ပယ်ဖျက်၍ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အဆိုပါ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုကာ နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ခဲ့ခြင်း ဖြစ်ပြီး ယင်းဥပဒေပါ အချက်အချို့ကို ပြန်လည် ပြင်ဆင်ပေးရန် နိုင်ငံတော်သမ္မတက မှတ်ချက်ပြုကာ မတ်လ ၄ ရက် နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ပြန်လည် ပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီထံမှ သိရှိရသည်။

“ဒီဥပဒေကို ပြဋ္ဌာန်းတာဟာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က သမ္မတရဲ့ မှတ်ချက်တွေကို ပြန်လည် ပြင်ဆင်ခြင်း မရှိဘဲ အတည်ပြုလိုက်တာပါ” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက လွှတ်တော်သို့ တင်ပြပြောဆိုသည်။

ဥပဒေကြမ်းပါ အချက်အလက်များသည် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းမှ လုပ်ပိုင်ခွင့်ကို လွှတ်တော် ကိုယ်စားလှယ်များမှ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်ပြီး အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ယင်းဥပဒေကြမ်းတွင် မှတ်ချက်ပြုထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှု မရှိသော ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုရန် မဖြစ်နိုင်ကြောင်း သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားသော်လည်း ပြည်ထောင်စု လွှတ်တော်က မူလပြဋ္ဌာန်းချက်အတိုင်း အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေအပြင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများ အတည်ပြုသည့် အချိန်တွင် နိုင်ငံတော် သမ္မတက အခြေခံဥပဒေ ညီညွတ်ခြင်း မရှိကြောင်း လွှတ်တော်သို့ သဝဏ်လွှာပို့ကာ ကန့်ကွက် ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်က မူလ ပြဋ္ဌာန်းချက်များအတိုင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား