img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, March 26, 2014

မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်ဘူးသောအမေရိကန်သမ္မတကြီး



တစ်ချိန်က ကမ္ဘာမှာ မြန်မာလို့ လူသိများခဲ့ကြတဲ့ ဤမြေ ဤရေ ဤတိုင်းပြည်သည် သာယာဝပြောလွန်းသဖြင့် မြန်မာပြည်တွင် Shore Job လာလုပ်သူများထဲတွင် အမေရိကန် သမ္မတလောင်း တစ်ယောက်ပင် ပါခဲ့သည်ဟု ဆိုပါက ယုံကြည်နိုင်ရန် ခဲယဉ်းပေလိမ့်မယ် .. ။

သို့သော် ဤအရာသည် ယုံတမ်း ပုံပြင် မဟုတ်ပါ ။ ၁၉၂၉ မှ ၁၉၃၃ အထိ တာဝန်ထမ်းခဲ့သော အမေရိကန်ပြည်ထောင်စုရဲ့ ၃၁ ဆက်မြောက် သမ္မတ ဟားဗတ် ဟူးဗား (Herbert Hoover ) သည် သမ္မတ မဖြစ်မီ လူငယ်ဘ၀က မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်ကာ သန်းကြွယ်သူဋ္ဌေး တစ်ဦး ဖြစ်သွားကာ အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်သွားပါသည် ။ ထိုမှ တစ်ဆင့် စီးပွါးရေးလောကတွင် အောင်မြင်မှုများ ရယူပြီး တဖြည်းဖြည်းကျော်ကြားလာကာ နောက်ဆုံးမှာ
နိုင်ငံရေးနယ်ပယ်ထဲ ရောက်သွား၍ အမေရိကန်သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံ
ခဲ့ရသည် ။

ဟူးဗားကို အိုင်အိုဝါပြည်နယ် ၊ ၀က်စ်ဘရန်ခ်ျ အရပ် ၁၈၇၄ တွင် မွေးဖွါးခဲ့သည် ။ ပန်းပဲအတတ်ဆရာ တစ်ဦး အနေနဲ့ အသက်မွေးရတဲ့ သူရဲ့ ဖခင်ဟာ ဟူးဗားရဲ့ အသက်ကိုးနှစ် အရောက်တွင် မိဘနှစ်ပါးစလုံး ကွယ်လွန် အနိစ္စရောက်ကာ မိဘမဲ့ ဖြစ်ခဲ့ရသည် ။ တက္ကသိုလ်
ပညာကို ပင်ပန်းကြီးစွာ သင်ယူခဲ့ရသည် ။ စတန်းဖို့ဒ် တက္ကသိုလ်ကနေ ဘွဲ့ရဖို့နဲ့ ကျောင်းစရိတ် ရဖို့ အတွက် အလုပ်များစွာ အပင်ပန်းခံ လုပ်ခဲ့ရလေသည် ။

တက္ကသိုလ်က ဘွဲ့ရပြန်တော့လည်း အသက်မွေးပညာနယ်ပယ်တွင် အလုပ်အကိုင် ရှာဖွေမရသည့် အခါ ရွှေတွင်းတွင် တစ်နှစ်ကျော်ကြာ တွင်းတူးသမား အဖြစ် လုပ်ကိုင်ခဲ့ရပါသည် ။ ထို့နောက် သူသည် သတ္တုတွင်း အင်ဂျင်နီယာ အဖြစ် စတင် အမှုထမ်းခဲ့သည် ။ ၁၈၉၉ တွင် တရုတ်ပြည်မှ စတင်တည်ထောင်သည့် အစိုးရ သတ္တုတွင်းဋ္ဌာနတွင် အင်ဂျင်နီယာအဖြစ် ခန့်အပ်ခြင်း ခံရပြီး တရုတ်ပြည်တွင် ၁၉၀၁ ခုနှစ် အထိ နေထိုင်ခဲ့သည် ။ ထိုနောက် ဟူးဗားသည် လန်ဒန်မြို့ အခြေစိုက် ကုမ္ပဏီတစ်ခု လက်အောက်တွင် နယ်လှည့် အင်ဂျင်နီယာ ၊ နယ်လှည့် အကြံပေး ပုဂ္ဂိုလ် အဖြစ်နဲ့ အိန္ဒိယ ၊ ဂျပန် ၊ နယူးဇီလန် ၊ ဟာဝေယံကျွန် ၊ မြန်မာပြည်နှင့် သီရိလင်္ကာသို့ ခရီးအနှံ့ လှည့်လည်ရလေသည် ။ ၁၀ နှစ် အတွင်း ပစိဖိတ် သမုဒ္ဒရာကို ၂၅ ကြိမ် ဖြတ်သန်းခဲ့ရသည် ။ ထိုစဉ်က လေယျာဉ်ပျံ မပေါ်သေးပါ ။

ထိုကာလ အတွင်း ဟူးဗားသည် မြန်မာပြည်သို့ ပထမဆုံး အကြိမ် ရောက်လာသည် ။ ထို့နောက် မြန်မာပြည်သည် သူနှင့် များစွာ အဆက်အစပ်ရှိသည့် တိုင်းပြည်တစ်ပြည် ဖြစ်လာခဲ့သည် ။ ဟူးဗားနှင့် အတူ အင်ဂျင်နီယာများစွာတို့သည် အထက်မြန်မာပြည် မြောက်ပိုင်း ရှမ်းပြည်နယ်တွင် စွန့်ပစ်ထားသော ငွေသတ္တုတွင်း တစ်ခုရှိသည် ဟု သတင်းစကား ကြားသိရသည် ။ တရုတ်ပြည် '' မင် '' မင်းဆက် လက်ထက် ၁၄၀၀ ပြည့်နှစ် ကာလအတွင်းက ကျော်ကြားခဲ့သည့် '' မင်းငွေသတ္တု '' မှာ မြန်မာပြည် သတ္တုတွင်းမှ ထွက်သည်
ငွေသတ္တု ဖြစ်ခဲ့သည်ဟူ၍လည်း သိရသည် ။ အဖိုးတန် သတ္တုတွင်းမှာ ၁၈၅၀ ပြည်နှစ်တွင် ခန်းခြောက်သွားပြီး စွန့်ပစ်ထားခဲ့ကြသည် ။ ၁၉၀၄ ခုနှစ်ကုန်ခါနီးတွင် ဟူးဗားသည် ထိုသတ္တုတွင်းကို ကိုယ်တိုင်သွားရောက် လေ့လာမယ်ဟု ဆုံးဖြတ်ခဲ့သည် ။

ဟူးဗားသည် မန္တလေးတွင် ငါးနှစ်တာမျှ နေထိုင်ပြီး သတ္တုတွင်း လေ့လာမှုကို အကောင်အထည်
ဖော်ခဲ့လေသည် ။ မြန်မာပြည်တွင် ရှိနေတဲ့ ယင်းသတ္တုတွင်းသည် ကမ္ဘာပေါ်ရှိ သတ္တုတွင်းများ အနက် ထွက်နှုန်း အများဆုံး သတ္တုတွင်း တစ်တွင်း ဖြစ်ခဲ့လေသည် ။ ယင်း သတ္တုတွင်းကို မူလ တူးဖော်ခဲကြသူများမှာ တရုတ်လူမျိုးများ ဖြစ်ပြီး ထိုဒေသ ၀န်းကျင်တွင် ခရစ်နှစ် ၁၄၀၀ နှင့် ၁၈၅၀ အတွင်း ကွယ်လွန်ခဲ့သူများရဲ့ ခုနှစ် အမှတ်အသားများ ရေးထိုးထားသော သင်္ချိုင်းဂူမျာ
တွေ့ရှိနိုင်တယ် ။ ယူနန်ပြည်နယ်နှင့် ကပ်နေတဲ့ ရှင်ကျန်းပြည်နယ်က မွတ်စလင်သူပုန်တို့ရဲ့ ထကြွသောင်းကျန်းမှုကြောင့် သတ္တုတွင်း လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်ပါတယ် ။

မြန်မာပြည်မှာ နေစဉ် ဟူးဗားတို့ ဇနီးမောင်နှံမှာ ငှက်ဖျားရောဂါ စွဲကပ်ခဲ့သည် ။ သူတို့ ဇနီးမောင်နှံ သည် မြန်မာပြည်နှင့် မြန်မာလူမျိုးတို့ အပေါ် ချစ်ခင် မြတ်နိုးစိတ် ရှိခဲ့ကြတာ တွေ့ရတယ် ။ မြန်မာလူမျိုးမှာ အာရှတိုက်တွင် အပျော်ဆုံးလူမျိုး ဖြစ်ကြောင်းကိုလည်း မြန်မာပြည်တွင် နေစဉ် မှတ်တမ်း တင်ထားခဲ့လေသည် ။

ဟူးဗားသည် အသက် ၃၅ နှစ်တွင် လန်ဒန်ကုမ္ပဏီမှ ထွက်ပြီး သူ့ရဲ့ ကိုယ်ပိုင် လုပ်ငန်းကို နယူးယောက်တွင် ဋ္ဌာနချုပ် ဖွင့်လှစ်ပြီး လန်ဒန် ၊ ပဲရစ် ၊ အလက်စကာပြည်နယ် ၊ မြန်မာပြည် ၊ နယူးဇီးလန် ၊ မက္ကဆီကို နှင့် ဆိုက်ဘေးရီးယားတို့တွင် ရုံးခွဲများ ဖွင့်လှစ်လုပ်ကိုင်ရင်း ချမ်းသာ လာခဲ့သည် ။ အမှန်စင်စစ် ဟူးဗားလို့ ခေါ်တဲ့ အမေရိကန်သား သမ္မတ ဖြစ်မယ့်သူ တစ်ယောက် သူဋ္ဌေးဖြစ်ရခြင်းမှာ မြန်မာပြည်တွင် သန္ဓေတည်ခဲ့သည်ဟု ပြောရမယ် ဖြစ်သည် ။

စီးပွါးဥစ္စာပြည့်စုံပြီးနောက် လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်ကိုင်ရင်း ၁၉၂၁ တွင် ဟူးဗားသည် အမေရိကန် အစိုးရ အဖွဲ့တွင် ကုန်သွယ်ရေးဝန်ကြီး ဖြစ်လာသည် ။ ၁၉၂၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရေတစ်ပါတီ မှ Alfred E.Smith ကို အနိုင်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၃၁ ဆက်မြောက် သမ္မတ ဖြစ်လာခဲ့သည် ။ ၁၉၃၃ ခုနှစ် အထိ သမ္မတ တာဝန်များကို ထမ်းဆောင်ခဲ့သည် ။ အိမ်ဖြူတော်မှ ထွက်ခွါးပြီး နောက်ပိုင်း ကာလများကို ဟူးဗားသည် သာမန် နိုင်ငံသား တစ်ယောက် အနေနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း အေးချမ်းစွာ ဘ၀ကို အဆုံသတ်နိုင်ခဲ့တာ တွေ့ရတယ် ။

ဤသည်တို့မှာ မြန်မာပြည်တွင် လာရောက်နေထိုင် အလုပ် လုပ်ကိုင်ရာမှ အမေရိကန်ပြည်ထောင်
စုရဲ့ သမ္မတ တစ်ယောက် ဖြစ်သည့် အထိ ကြီးပွါးချမ်းသာ အောင်မြင်သွားသော လူတစ်ယောက်ရဲ့ သမိုင်းသာ ဖြစ်ပေသည် ။ ဤရေ ဤမြေသည် လူစွမ်း လူစ ရှိသူတို့ အတွက် နေရာမှန် ဘူမိနက်သန် နေရာမှန်ပင် ဖြစ်ပေ၏ ။

တစ်ခေတ် တစ်ခါက မြန်မာနိုင်ငံသားများသည် နိုင်ငံခြားသားများကို လက်ညှိုးထိုး၍ ခိုင်းစေခဲ့သည့် လူမျိုး ဖြစ်ခဲ့သည် ။ မြန်မာတို့ မလုပ်ချင်သော အောက်တန်း နောက်တန်းကျသည် အလုပ်များကို တရုတ် ၊ ကုလား စသော နိုင်ငံခြားသားများကို ခိုးင်းစေခဲ့ကြသည် ။ ကူလီထမ်းသော ၊ မာလီ ၊ ဒရ၀မ် စသည့် အလုပ်များတွင် အိန္ဒိယ ဘင်္ဂလားဒေ့ရှ် ကုလားများက လုပ်ဆောင်ကြပြီး ၊ လန်ချာဆွဲသော လုပ်ငန်းကို တရုတ်တို့က ဒိုင်ခံလုပ်ခဲ့ကြသည် ။ နောင်အခါကျမှ တရုတ်တို့ သူတို့ ပေါက်ဖော် အချင်းချင်း လန်ချာဆွဲနေတာကို မကြည့်ရက်သဖြင့် အရင်းအနှီး မတည်ပေးပြီး လန်ချာဆွဲသော အလုပ်ကို တရုတ်တို့က မဆွဲတော့ဘဲ ဘင်္ဂါလီနှင့် အိန္ဒိယ ကုလားများကသာ လန်ချာသမားဘ၀ ရောက်ခဲ့ရတော့သည် ။ ဂရိတ်ဦးဖိုးစိန်ရဲ့ သူ၏ ဇာတ်ပိုင် သင်္ဘောကြီးတွင် ဥရောပတိုက်သား မျက်နှာဖြူများကို ၀န်ထမ်း အဖြစ် ခန့်ထားပြီး ဥရောပတိုက်သူ မိန်းကလေးများကိုပင် လခပေး၍ ယိမ်းသမ အဖြစ် ကပြ ဖျော်ဖြေစေခဲ့သည် ။

ထိုခေတ် ထိုအချိန်က မြန်မာတို့သည် နိုင်ငံခြား တိုင်းပြည်များတွင် အလုပ်ကြမ်းများ ၊ ရရာ အလုပ်များကို အောက်ကျ ၊ နောက်ကျ သွားရောက် လုပ်ကိုင်ကြရန်ဝေးစွ ကမ္ဘာ အရပ်ရပ်မှ လူမျိုးပေါင်းစုံသည် မြန်မာနိုင်ငံသို့ အားကိုးတကြီး ရောက်လာကြပြီး ရရာအလုပ်ကို လုပ်ကိုင်ကြလျှက် ရရှိလာသော ၀င်ငွေကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ပြန်လည် တင်ပို့ခဲ့ကြသည် ။
ဒီနေ့ ခေတ်အခါနဲ့တော့ ပြောင်းပြန်ပါပဲ. ။ စစ်အာဏာရှင်စနစ် လက်အောက်သို့ ကျရောက်ကာ လွဲမှားသော စီးပွါးရေး ပေါ်လစီများ ကျင့်သုံးခြင်း ၊ ငါနှင့် ငါ့ မိသားစု ဆွေးမျိုးသားချင်း ကောင်းစားရေး မူဝါဒကို ကျင့်သုံးခြင်းတို့ကြောင့် အကျင့်ပျက် ခြစားခြင်း လွဲမှားသော စီမံကိန်းများ ချမှတ် ဖော်ဆောင်ပြီး လူမှန် နေရာမှန် မဟုတ်ပဲ အသိပညာရှင် အတတ် ပညာရှင်များ နေရာတွင် အာဏာရ အသိုင်းအ၀ိုင်းက လက်သင့်ရာ စားတော်ခေါ်တဲ့ စနစ် ကြီးစိုးလာခြင်းတို့ကြောင့် သမိုင်းသည် ပြောင်းပြည်လည်ကာ မြန်မာနိုင်ငံသူ နိုင်ငံသားများလည်း အမှောင်တိုက်ထဲ ကျရောက်ခဲ့ရခြင်းပဲ ဖြစ်တယ် ။

ဓာတ်သတ္တုများစုံ ပေါကြွယ်ဝပါလျှက် နိုင်ငံသူ နိုင်ငံသားများ မွဲပြာကျနေပါက မြေကြီးရဲ့ အပြစ် မဟုတ်ပါ ၊ စီမံခန့်ခွဲသူတို့၏ ညံ့ဖျင်းချက်သာ အမှန်ပင် ဖြစ်ပါသည် ။ ဤ အမိမြန်မာနိုင်ငံကို အမှီပြု၍ ကြီးပွါးချမ်းသာကာ အမေရိကန် သမ္မတ ဖြစ်သူလည်း ဖြစ်သွားပေပြီး ကမ္ဘာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဖြစ်သွားသူကလည်း ဖြစ်သွားကြပေပြီး ။

ငါတို့ ခေတ်ရောက်မှ နိုင်ငံတော်ကြီး ဟီးနေအောင် ရှိနေပါလျှက် စားရမဲ့မဲ့ သောက်ရမဲ့မဲ့ မျက်စိသူငယ် နားသူငယ် အဖြစ်ဖြင့် မြင်မြင်ရာ ဆရာခေါ် ထမင်းတစ်လုပ် ထင်းခုတ်စားဖို့တောင် မရှိသည့် ဘ၀မျိုး ဖြစ်နေပါက အုပ်ချုပ်သူ အစိုးရရော အုပ်ချုပ်ခံ ပြည်သူများပါ ရှေးက ဘိုးဘွားမိဘများကို နောင်တမလွန်တွင် မျက်နှာ မပြ၀ံ့လောက်အောင် အသရေပျက်၍ ရှက်စရာ ဖြစ်လိမ့်မှာကို တင်ပြပေးလိုက်ရကြောင်းပါ ဗျား..


ရှိုင်းဝဏ္ဍ

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား