Wednesday, November 6, 2013
ရက်တို နိုင်ငံခြား ပညာတော်သင်များ အတွက် ဖြေလျှော့မှုများ စတင်
ပညာရေး ဝန်ကြီးဌာန လက်အောက် အဆင့်မြင့်ပညာ တက္ကသိုလ်များက နိုင်ငံခြား ပညာတော်သင် စေလွှတ်ခံရသူ မည်သူမဆို ယခင်က အာမခံကြေး ကျပ် သိန်းငါးဆယ် အပါအဝင် ပြစ်မှု ကင်းရှင်းကြောင်းနှင့် ဆေးစစ်အဖွဲ့ ထောက်ခံချက်များ လိုအပ်သော်လည်း အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး သက်ဆိုင်ရာ ပါမောက္ခချုပ်၏ ထောက်ခံချက် ရှိလျှင် ယင်း ထောက်ခံချက်များ မလိုဘဲ သုံးလအောက် ပညာသင် ခရီးများ သွားရောက်ခွင့် ပြုပြီဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ ပညာတော်သင် ခရီးများစွာ ကမ်းလှမ်းခဲ့ရာ ရက်တို သင်တန်းနှင့် ဘွဲ့လွန် သင်တန်းများမှာ အများဆုံး ဖြစ်ကြောင်း၊ ယင်း သင်တန်းများကို တက်ရောက်ရန် ရွေးချယ် ခံရသူသည် အာမခံကြေး ကျပ်သိန်း ငါးဆယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာ ၊ ကျန်းမာရေး စိစစ်ရေးအဖွဲ့၏ ဆေးစစ်ချက်တို့ လိုအပ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။
အဆိုပါ ထောက်ခံချက်များကို ဝန်ကြီးဌာနက လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလေ့ ရှိသလို အာမခံကြေး ကျပ်သိန်း ငါးဆယ်အတွက်လည်း မိသားစုဝင် တစ်ဦးဦး၏ အာမခံချက်များ လိုအပ်ကြောင်း၊ ဝေးလံသော ဒေသ အချို့မှ ကျောင်းသား၊ ကျောင်းသူများ အတွက် ယင်း အာမခံချက်မှာ မလွယ်ကူလှကြောင်း ဒေါက်တာတင်ဝင်းက ပြောဆိုသည်။
“မနေ့က တက္ကသိုလ်က ဆရာတွေ နိုင်ငံခြား သွားပြီဆိုရင် လွတ်လွတ်လပ်လပ် သွားလို့ ရနိုင်ပြီလို့ ခေါ်ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ မူဝါဒ သဘောထားတွေ ဘာမှ မပြောခဲ့ဘူး” ဟု တက္ကသိုလ် ဆရာ၊ ဆရာမများအသင်း အဖွဲ့ဝင် ဦးသိန်းဦးက The Voice သို့ ပြောကြားသည်။
ယခုကဲ့သို့ ဖြေလျှော့မှုများသည် တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြုရေးအတွက် အစပျိုးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာနက နိုင်ငံခြား ပညာတော်သင် ရက်တို သင်တန်းများ အတွက် ဖြေလျှော့ ပေးသည့်အပြင် ရက်ရှည် သင်တန်းများ အတွက်လည်း ပါရဂူဘွဲ့များ ဆက်လက် သင်ကြားလိုခြင်း၊ ပညာသင်ကာလ ထပ်တိုးခြင်း ရှိလျှင် သက်တမ်း မကုန်ခင် သုံးလ ကြိုတင် အသိပေး ပြောကြားပါက ခွင့်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသေးသည်။
အစိုးရသစ် လက်ထက်တွင် အဆင့်မြင့် ပညာရေး ပြုပြင် ပြောင်းလဲမှုများနှင့် ဖြေလျှော့မှုများကို ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး မကြာခင် နှစ်များတွင် တက္ကသိုလ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရန်အထိ စီစဉ် ဆောင်ရွက်နေကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
.. The Voice..
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား