နေပြည်တော် အောက်တိုဘာ ၇
ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၁၀ နာရီတွင်
နိုင်ငံတော်သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌
ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့
တက်ရောက်၍ အမှာစကား ပြောကြားသည်။
ယင်းအစည်းအဝေးသို့
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယ သမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊
ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊
တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် -
ယနေ့ကျင်းပသည့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၃)
ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ခုဘဏ္ဍာရေးနှစ် ဖြည့်စွက်
ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးခန့်မှန်းခြေစာရင်းနှင့် ပြည်ထောင်စု၏
နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို အတည်ပြုရမည်
ဖြစ်ပါကြောင်း၊ မိမိတို့ ဘဏ္ဍာရေး ကော်မရှင်က အတည်ပြု ထောက်ခံပြီးပါက
ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သွားမည်
ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို
၂၉-၃-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးနောက်
ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ အနေဖြင့် ၎င်းဥပဒေနှင့်အညီ ဘဏ္ဍာငွေ
ရရှိမှု၊ သုံးစွဲမှုများကို အကောက်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ ပထမ (၆)
လတာကာလ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ပထမ (၆) လပတ် အကောင်အထည်ဖော်
ဆောင်ရွက်နိုင်မှုများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က သုံးသပ် စိစစ်ပြီး
ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ ပါ ဘဏ္ဍာရေးကော်မရှင်၏ တာဝန်နှင့်
လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ဘဏ္ဍာရေးဝန်ကြီးဌာနက
ရေးဆွဲတင်ပြလာသော
၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေ
စာရင်းကို စိစစ်၍ အတည်ပြုရန် ဖြစ်ပါကြောင်း၊ ပြုပြင်ပြီး
အရအသုံးခန့်မှန်းခြေ စာရင်းကို ရေးဆွဲသည့်အခါ မူလခန့်မှန်းခြေပါ
သုံးငွေများထက် မဖြစ်မနေ ပိုမိုသုံးစွဲရန် လိုအပ်သဖြင့် တောင်းခံလာသော
ဖြည့်စွက် ခွင့်ပြုငွေများနှင့် ဘဏ္ဍာရေးနှစ်အတွင်း လျော့နည်းသုံးစွဲမည့်
သုံးငွေများကို ပေါင်းစပ် တွက်ချက်ပြီးမှ ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊ ယခု
ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု
စုစုပေါင်းကျပ် ၁၉၃၂.၉၉၇ ဘီလီယံအနက် စိစစ်မှုအရ ဖြတ်တောက် လျော့ချခဲ့သည့်
ငွေကျပ် ၅၃၈.၈၈၁ ဘီလီယံ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မူလခန့်မှန်းခြေ
စာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းကို နှိုင်းယှဉ် ကြည့်လိုက်လျင်
ရငွေတွင် ကျပ် ၆၅၄.၉၁၉ ဘီလီယံ တိုးတက်လာ သကဲ့သို့ သုံးငွေတွင် ကျပ် ၅၆၀.၈၉၁
ဘီလီယံ တိုးတက်လာသည်ကို တွေ့ရှိရပြီး မူလလိုငွေ ကျပ် ၂၉၂၆.၇၄၅
ဘီလီယံရှိရာမှ ပြုပြင်ပြီးလိုငွေ ကျပ် ၂၈၈၇.၄၇၉ ဘီလီယံ ဖြစ်ပါကြောင်း၊
မိမိတို့ အစိုးရအနေဖြင့် ဘဏ္ဍာရေးနှစ် (၂) နှစ်ကို ဖြတ်သန်းကျော်လွန်ပြီး
ယခုအခါ တတိယမြောက် ဘဏ္ဍာရေးနှစ်၏ ထက်ဝန်ကာလကုန်လွန်ခဲ့ပြီး ဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ
တစ်နှစ်ထက် တစ်နှစ် အရှိန် အဟုန်မြှင့်၍ ဆောင်ရွက်နေရခြင်းကြောင့်
နိုင်ငံတော်၏ ဘတ်ဂျက် အနေအထား သည်လည်း အချိုးညီမျှ ဘတ်ဂျက် မဖြစ်နိုင်သေးဘဲ
လိုငွေပြ ဘတ်ဂျက်သာ ဖြစ်နေသေး သည်ကို တွေ့ရှိမည် ဖြစ်ပါကြောင်း၊
သို့ရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ မက်ကရို စီးပွားရေး
တည်ငြိမ်မှုကို ထိန်းသိမ်းစေရန် အတွက်လည်းကောင်း၊ နိုင်ငံတော်၏ ကြွေးမြီ
ပေးဆပ်နိုင်မှု အခြေအနေကို ထိန်းသိမ်းထားနိုင်ရန်အတွက် လည်းကောင်း၊ ဘတ်ဂျက်
လိုငွေကို ဂျီဒီပီတန်ဖိုး၏ ၅% ထက် မကျော်လွန်စေရန် ဂရုပြု၍ ထိန်းသိမ်း
ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး
တိုးတက်လာသည်နှင့် အမျှ အချိုးညီမျှ ဘတ်ဂျက် ပုံစံ၊ ပိုငွေပြ
ဘတ်ဂျက်ပုံစံတို့ ဖြစ်လာအောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ခု
ဘဏ္ဍာရေးနှစ်အတွက် ရငွေများကို သုံးသပ်ကြည့်သည့် အခါ အခွန်အကောက်ရငွေများ
တိုးတက်လာသော်လည်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေများ
ကျဆင်းလာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံပိုင် စီးပွားရေး
လုပ်ငန်းများ၏ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီး လိုအပ်သော
ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်
စီးပွားရေး လုပ်ငန်းများ အောင်မြင်မှသာ နိုင်ငံတော်သို့ ပေးဆောင်သည့်
ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေများမှာလည်း တိုးတက် လာမည်
ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အနေဖြင့် အခွန်စနစ်ပြုပြင်
ပြောင်းလဲရေးများ ပြုလုပ်ပြီး အခွန်အကောက်မှ ရငွေကို တိုးမြှင့်လာစေရန်
ကြိုးပမ်း ဆောင်ရွက်နှေဆဲ ကာလမှာ နိုင်ငံတော်ပိုင်စီးပွားရေး
အဖွဲ့အစည်းများ၏ ရငွေသည် နိုင်ငံတော် ဘတ်ဂျက် အတွက် အဓိက နေရာ၌ ပါဝင်နေဆဲ
ဖြစ်ပါကြောင်း။
မိမိတို့ဆောင်ရွက်လိုသော
ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ်များအတွက် နိုင်ငံတော်
ဘတ်ဂျက်ဖြင့် လုံလောက်မှု မရှိနိုင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
ဖိတ်ခေါ်ခြင်း၊ နိုင်ငံခြား ချေးငွေ၊ ထောက်ပံ့ငွေများ ရယူခြင်းတို့ကိုလည်း
ချင့်ချိန်၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်
နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟို ကော်မတီနှင့်
လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း။
ပြည်ထောင်စုနှင့်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု
များကိုလည်း တစ်နှစ်ထက်တစ်နှစ် အချိုးအစား ပိုမိုကောင်းမွန်လာစေရန်
ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကသုံးသော
အသုံးစရိတ်များ အနက် ပညာရေး၊ ကျန်းမာရေးကဲ့သို့ အသုံးစရိတ်များမှာ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ အားလုံးတွင် ဖြန့်ကျက်အသုံးပြုသော
အသုံးစရိတ်များ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဆောင်ရွက် နိုင်သော လုပ်ငန်းများအား
ခွဲဝေသတ်မှတ်ပေးမှုနှင့် ဘတ်ဂျက်သုံးစွဲမှုကို ပိုမိုစနစ်ကျ
ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်များ၏ လိုငွေကိုလည်း ပြည်ထောင်စုက ထောက်ပံ့ငွေ၊
ချေးငွေတို့ဖြင့် ဖြည့်ဆည်း ပေးလျက် ရှိပါကြောင်း။
မိမိတို့အစိုးရအဖွဲ့နှင့်
ဘဏ္ဍာရေးကော်မရှင်တို့ အနေဖြင့် ပြည်သူကို ဗဟိုပြုသော အုပ်ချုပ်မှု
ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်စေရန်
ပြည်သူများ၏ လက်တွေ့လိုအပ်ချက်၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့်
ကိုက်ညီစေမည့် အသုံးစရိတ်များကို စိစစ်ခွင့်ပြုနိုင်ရန် ဆောင်ရွက်ရမည့်
ဖြစ်ပါကြောင်း၊ သို့သော်လည်း ဘဏ္ဍာငွေ အရ ရှိမှသာ မိမိတို့လိုအပ်သော
အသုံးစရိတ်များကို သုံးစွဲနိုင်မည်ဖြစ်သည့် အတွက် အထက်တွင် ပြောကြားခဲ့
သကဲ့သို့ မိမိတို့နိုင်ငံ၏ ရငွေ ရရှိနိုင်မှု အရင်းအမြစ် များကို
စေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်၍ ရငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက်
ရရှိလာစေရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ရငွေ
အရင်းအမြစ်များဖြင့် မလုံလောက်သည့်အခါ ပြည်ပ အကူအညီရငွေ၊ ချေးငွေတို့ကို
စနစ်တကျ သုံးသပ်၍ လက်ခံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ချေးငွေများ ရယူရာ
တွင်လည်း မိမိနိုင်ငံ၏ စီးပွားရေး အင်အားအရ ပုံမှန်ပြန်လည်ပေးဆပ်နိုင်စွမ်း
ရှိ၊ မရှိ၊ တွက်ခြေကိုက်ခြင်း ရှိ၊ မရှိ၊ ရေရှည်တွင် ဖြစ်လာမည့်
ကြွေးမြီဝန်ထုပ်ဝန်ပိုး စသည့် အချက်များကို ထည့်သွင်းစဉ်းစား
တွက်ချက်ပြီးမှ ရယူကြရမည် ဖြစ်ပါကြောင်း။
အသုံးစရိတ်များကို
ခွဲဝေသုံးစွဲရာတွင် စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် လုပ်ငန်း
လည်ပတ်မှုတို့နှင့် သက်ဆိုင်သော သာမန် အသုံးစရိ်တ်များ၊
ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ငွေလုံးငွေရင်း အသုံးစရိတ်များ၊
ဘဏ္ဍာငွေဖြည့်ဆည်းမှုနှင့် သက်ဆိုင်သော ကြွေးမြီအသုံးစရိတ်များ စသည့်
အသုံးစရိတ်များကို အချိုးအစားမျှတအောင် ခွဲဝေချထားရမည် ဖြစ်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် သာမန်အသုံးစရိတ်
ပိုင်းတွင် လက်ရှိအခြေ အနေနှင့် လျော်ညီစွာ ပြင်ဆင်သတ်မှတ်သုံးစွဲနိုင်ရန်
ကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု
အသုံစရိတ်တွင် နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲနိုင်နိုင်မှုအပြင်
ပြည်ပအကူအညီ၊ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် သုံးစွဲနိုင်မှု၊ အစိုးရ ပုဂ္ဂလိက
ပူးတွဲဆောင်ရွက်မှု Public Private Partnership (PPP) တို့ဖြင့် ပေါင်းစပ်၍
ဖြည့်ဆည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏
နှစ်စဉ်စီမံကိန်းများ၊ နှစ်လတ်နှင့် နှစ်ရှည်စီမံကိန်းများ၊
ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်း ရည်မှန်းချက် များကို ရရှိစေရန်
အထောက်အကူပြုမည့် အသုံးစရိတ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် ကုန်ထုတ်လုပ်မှုကို တိုက်ရိုက်
အထောက်အကူပြုသော အသုံးစရိတ်များကို ဦးစားပေးရမည် ဖြစ်သကဲ့သို့ ဝင်ငွေ
ရရှိစေမည့် ဝန်ဆောင်မှု လုပ်ငန်း အသုံးစရိတ်များ၊ ကုန်သွယ်မှု
အသုံးစရိတ်များ တို့ကိုလည်း သုံးစွဲနိုင်ရန် စီစဉ်ပေးရမည် ဖြစ်ပါကြောင်း၊
ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မားလာစေရေး၊
လူမှုဘဝလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊
ကျန်းမာရေးအသုံး စရိတ်များကိုလည်း အလေးထား ခွဲဝေ သုံးစွဲပေးရမည်
ဖြစ်ပါကြောင်း၊ ထို့အပြင် သုံးစွဲငွေများကို ခွဲဝေပေးသော အသုံးစရိတ်
သတ်မှတ်ချက်ဘောင်အတွင်း လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ
အလေအလွင့် မရှိစေဘဲ ထိရောက်စွာ အသုံးပြုရန်နှင့် စာရင်းစစ်ဆေးမှုကို
စနစ်တကျ ခံယူနိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။
ဘဏ္ဍာရေးဝန်ကြီးဌာန
အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး လိုအပ်သော
ပြုပြင်ပြောင်းလဲရေးများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ဘဏ် အပါအဝင်
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်
ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု နယ်ပယ်သည် ပြည်ထောင်စု
အစိုးရသာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအားလုံးနှင့်လည်း
သက်ဆိုင်ပြီး ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လွှတ်တော်များနှင့်လည်း သက်ဆိုင် ပါကြောင်း၊ ဗဟိုအဖွဲ့အစည်းများ
ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးနှင့်လည်း သက်ဆိုင်ပါကြောင်း၊
နိုင်ငံတော်၏ ဘတ်ဂျက်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊
ဂျီဒီပီတိုးတက်မှုတို့အပေါ် ကြီးမားစွာ ထင်ဟပ်နေသကဲ့သို့ မိမိတို့အစိုးရ၏
ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည်လည်း
နိုင်ငံတော် ဘတ်ဂျက်အပေါ် တည်မှီနေသည့်အတွက် မိမိတို့အားလုံး
ပါဝင်ပူးပေါင်း ဆောင်ရွက်ကြရမည့် ဖြစ်ပါကြောင်း။
ပြည်ထောင်စု
ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြလာသော ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာ ရေးနှစ်
ပြည်ထောင်စု၏ ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏
နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းတို့ကို ဆွေးနွေးသုံးသပ်၍
အတည်ပြုပေး ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုအဆင့် ဖြည့်စွက် ရန်ပုံငွေ
တောင်းခံမှုအပေါ် စိစစ်ပြီးစီးမှု အခြေအနေကို တင်ပြမည် ဖြစ်ပါကြောင်း၊
ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏
၂၀၁၃-၂၀၁၄ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို စိစစ်ခြင်းမပြုမီ ရှေးဦးစွာ
ဘဏ္ဍာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု အဆင့်
အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကြိုတင်ညှိနှိုင်း စိစစ်ကြ
ပါကြောင်း။
ယင်းသို့
ကြိုတင်ညှိနှိုင်း စိစစ်သော်လည်း ဌာနအသီးသီးမှ ဖြည့်စွက်ရန်ပုံငွေ
တောင်းခံမှု များနေဆဲဖြစ်ပြီး ပြုပြင်ပြီး ရသုံးခန့်မှန်းခြေငွေစာရင်းမှာ
လိုအပ်သော၊ လိုငွေနှင့် ဂျီဒီပီ အချိုးကို မရရှိနိုင်သည့်အတွက် ၂၀၁၃ ခုနှစ်
စက်တင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ တစ်ဌာနချင်းအလိုက် ခေါ်ယူစိစစ်ခဲ့ပါကြောင်း။
စိစစ်ရာတွင်
ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအတွက် ချမှတ်ထားသော ဘဏ္ဍာရေး မူဘောင်
အချက်များ ဖြစ်သည့် မူလခွင့်ပြုငွေလုပ်ငန်းထဲမှ နောက်ထပ် လိုအပ်သော၊
မပြီးပြတ်သော လုပ်ငန်းရန်ပုံငွေ ဖြစ်စေရန်၊ မူလခွင့်ပြုရန်ပုံငွေ
လုပ်ငန်းတွင် မပါသော်လည်း ယခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေသုံးစွဲရန်
လိုအပ်သည့် လုပ်ငန်းဖြစ်ရန်၊ အသုံးပြုမည့် ကာလကျန် ၄၊ ၅ လ အတွင်း
သုံးကုန်နိုင်ချေရှိသည့် ရန်ပုံငွေကိုသာ တောင်းခံရန်၊ သုံးငွေပိုမို
တောင်းခံမှု ရှိသကဲ့သို့ ဝန်ကြီးဌာန၏ ရငွေများလည်း ပိုမိုရရှိအောင်
ဆောင်ရွက်ရန် စသည့် အချက်များအပေါ် ကြိုတင်ရှင်းလင်းပြီး စိစစ်သည့်အတွက်
အခက်အခဲမရှိ စိစစ်ပြီးစီးပြီး ဖြစ်ပါကြောင်း၊
၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ်၏ မူလခန့်မှန်းခြေငွေစာရင်းမှ ရငွေ၊ သုံးငွေ၊ လိုငွေ၊
လိုငွေနှင့် ဂျီဒီပီ အချိုးကိုလည်းကောင်း၊ ယခုဖြည့်စွက်ရန်ပုံငွေ
တောင်းခံပြီး ဖြစ်ပေါ်လာသည့် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းမှ
ရငွေ သုံးငွေ လိုငွေ၊ လိုငွေနှင့် ဂျီဒီပီ အချိုးသည်လည်း သတ်မှတ်ထားသော
အချိုးအတွင်းဖြစ်သည့် ၄ ဒသမ ၈၇ ရာခိုင်နှုန်း အတွင်း
ရောက်ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက်
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တိုင်းဒေသကြီးနှင့်
ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်သည့်အခါ
အချို့ တိုင်းဒေသကြီးများ အနေဖြင့် မူလခန့်မှန်းခြေပါ အသုံးစရိတ်များနီးပါး
ထပ်မံ တင်ပြ တောင်းခံထားခြင်း၊ မူလခန့်မှန်းခြေတွင် ပါဝင်ခြင်း မရှိသော
လုပ်ငန်းစီမံကိန်းသစ်များ အတွက် ငွေလုံး ငွေရင်း အသုံးစရိတ်
တောင်းခံမှုများ ပါဝင်ခြင်း၊ မူလခန့်မှန်းခြေလိုငွေထက် လိုငွေများ
တိုးမြင့်လာခြင်း စသည်တို့ကို သုံးသပ်၍ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အားလုံးကို တစ်ပြေးညီလျော့ချစေခြင်းမျိုး မဟုတ်ဘဲ
အချိုးအစားမျှတအောင် စိစစ်လျော့ချခဲ့ခြင်း ဖြစ်ပါကြောင်း၊
တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်များ၏ ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေ စာရင်း လိုငွေ
အပေါ် ပြည်ထောင်စုမှ ထောက်ပံ့ငွေ၊ ချေးငွေတို့ဖြင့် ဖြည့်ဆည်းသွားမည်
ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ ပြည်ထောင်စုနှင့်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘဏ္ဍာငွေအရ အသုံး ခွဲဝေမှု (Budget
Sharing) အချိုးအစားများကို ယခုထက် ပိုမိုသင့်တင့်မျှတ လာစေရန်
သမ္မတရုံးဝန်ကြီးများ ဦးဆောင်၍ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့်
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအား ပေါင်းစပ်ညှိနှိုင်းမှုများ
လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊
တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်များ၏ လိုငွေကို ဖြည့်ဆည်းပေးမှု အပါအဝင် ပြည်ထောင်စု၏
၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေစာရင်း၊
၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး
ဥပဒေကြမ်းတို့ကို အတည်ပြုသင့်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက်
ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က
ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအပေါ် စိစစ်ခဲ့မှု အခြေအနေ၊ ၂၀၁၃-၂၀၁၄ ခု
ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့်
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်
များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား
ပြောကြားရာတွင် ငွေကြေးသုံးစွဲရာတွင် ဥပဒေနှင့်အညီ၊ ဘဏ္ဍာရေးစည်းမျဉ်း
စည်းကမ်းနှင့် အညီ စနစ်တကျသုံးစွဲရန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏
စစ်ဆေးခံနိုင်ရေးအတွက် စနစ်တကျ စာရင်းရှင်းလင်းထားရန်၊
လစဉ်ငွေစာရင်းရှင်းတမ်းများ မှန်မှန်ကန်ကန် ဆောင်ရွက် သွားရန်၊
ငွေကြေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်ရန်၊ ငွေကြေးနှင့် ပတ်သက်၍
မသမာမှု၊ အလွဲသုံးမှုများ မဖြစ်စေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားရန်
ပြောကြားခဲ့သည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား