img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, October 30, 2013

ဂျပန်မှ ဒေါ်လာ သန်း ၅၀၀ ချေးရန် သဘောတူညီချက်

ဂျပန်မှ ဒေါ်လာ သန်း ၅၀၀ ချေးရန် သဘောတူညီချက် ရထားသော မြန်မာ့ရထားကဏ္ဍကို နောက်ထပ်ဒေါ်လာနှစ်ဘီလျံခန့် ထပ်မံပေးနိုင်ဖွယ်ရှိကြောင်း သိရ
ဂျပန်မှ ဒေါ်လာသန်း ၅၀၀ ချေးပေးထားသော မြန်မာနိုင်ငံ ရထားကဏ္ဍကို နောက်ထပ်နှစ်ဘီလျံခန့် ထပ်မံပေးနိုင်ဖွယ် ရှိနေဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်တွင် စတင်နိုင်ရန် ခန့်မှန်းထားသော အဆင့်မြှင့်တင်မည်ဖြစ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ဂျပန်မှ အတိုးနှုန်း ၀ ဒဿမ ၀၁ ရာခိုင်နှုန်းဖြင့် ဒေါ်လာသန်း ၅၀၀ ခန့် ချေးပေးထားကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "ဂျပန်က မြန်မာနိုင်ငံရဲ့ ရထားကဏ္ဍကို လက်ရှိချေးပေးထားတဲ့ ဒေါ်လာသန်း ၅၀၀ ထက် လေးဆထပ်မံချေးပေးဖို့အတွက် ရှိလာနိုင်တယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ကဏ္ဍမှာ တစ်နေ့လျှင် ခရီးစဉ် ၄၀၀ ကျော် ပြေးဆွဲနေပြီး ခုဂဏန်းလောက်ပင် အမြတ်အစွန်း ရရှိနေကြောင်း လက်ရှိပြေးဆွဲနေသော ရန်ကုန်မြို့ပတ် ရထားများမှာ ခရီးစဉ်တစ်ခေါက်လျှင် နှစ်သိန်းခန့်အထိ အရှုံးပေါ်နေသည်ဟု ရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိပြင်ဆင်မှု အပိုင်းများအနေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ရန် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းအပြင် ဘူတာဂိတ်များကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် အကြမ်းဖျဉ်း ရေးဆွဲလုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘောတူညီထားချက်အရ ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာသည့် ချေးငွေများနှင့် ရထားနှင့် သက်ဆိုင်သော စီမံကိန်းများတွင် နည်းပညာ အထောက်အပံ့များ ကူညီသွားရန် သဘောတူညီချက် ရရှိထားသည့်အပြင် ယခုနှစ် နှစ်လယ်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဂျပန်နိုင်ငံမှ ပို့ဆောင်ရေး ၀န်ကြီးနှင့် လွှတ်တော်အမတ် တစ်ဦးတို့မှ မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်း အခြေအနေ အမြန်ဆုံး အဆင့်မြှင့်တင်နိုင်ရန် ကူညီမှုများ ပေးသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောဆိုမှုများပြီးနောက် ရန်ကုန်မြို့ရှိ မြို့ပတ်ရထားများ အဲယားကွန်းဖြင့် အစားထိုး ပြေးဆွဲမှုများ၊ လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများ၊ ရန်ကုန်-ပဲခူး လမ်းပိုင်းအတွက် ဂျပန်-မြန်မာ ပူးပေါင်းအဆင့်မြှင့်တင်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ၏ ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ရန် ကူညီနေမှုများ ရှိနေစဉ် ဂျပန်ကုမ္ပဏီနှစ်ခု အပါအ၀င် စင်ကာပူ ကုမ္ပဏီနှစ်ခုတို့မှ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန် လာရောက်တင်ပြထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား