img.emoticon { padding: 0; margin: 0; border: 0; }

Sunday, September 29, 2013

ဆင်ခြေထောက်ရောဂါအတွက် အိမ်တွင်းကုထုံးလေးများ


ဆင်ခြေထောက်ရောဂါဆိုတာ။ ဆင်ခြေထောက်ရောဂါသည် အသက်အရွယ်မရွေး၊ အမျိုးသား/အမျိုးသမီးမရွေး ဖြစ်နိုင်သည်။ လူမှလူသို့တိုက်ရိုက်ကူးစက်မှုမရှိပါ။ Culex mosquito ခြင်အမျိုးအစားကနေပြီး၊ Wuchereria bancrofti (ခေါ်)သန်ကောင် ကပ်ပါးပိုးတစ်မျိုးကြောင့် ရောဂါဖြစ်လာ၏။
ဆင်ခြေထောက်ပုံသဏ္ဍာန်ရှိသဖြင့် “ဆင်ခြေထောက်(Elephantiasis)” ဟု အမည်တွင်သည်။ ဤရောဂါသည် လတ်တလောသေစေနိုင်သော ရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဌာန် ပျက်ယွင်းခြင်းကြောင့် လူမှုရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသော ရောဂါများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။


*ရောဂါဖြစ်စဉ်* ဆင်ခြေထောက်ပိုးရှိသော ခြင်တစ်ကောင် ကိုက်သောအခါ၊ ရိုးရိုးမျက်စိနှင့် မမြင်နိုင်သောပိုးသည် လူ၏အရေပြားပေါက်မှတဆင့် သငံရည်(သားနံရည်) စုဝေးရာနေရာသို့ရောက်ရှိသွားပါသည်။

သန်ကောင်ငယ်နှင့် သက်ကြီးကောင်ဟူ၍ ၂-မျိုးရှိပြီး သက်ကြီးကောင်များမှာ လူ၏သငံရည်ကြောတွင် နေကြသည်။ သက်ကြီးကောင်များ မိတ်လိုက်ပြီးနောက် Microfilaria (ခေါ်) သန်ကောင်ငယ်များ မွေးလာကာ ယင်းတို့သည် လူတို့၏ သွေးကြောများနှင့်အဆုတ်၊ အသည်းစသော အတွင်းကလီစာများတွင် လှည့်ပတ်သွားလာကြသည်။ သန်ကောင်ငယ်များသည် ည ၁ဝ နာရီမှ နံနက် ၂ နာရီအတွင်း သွေးကြောများထဲမှ များပြား စွာထွက်ပေါ်လေ့ရှိပြီး၊ ၎င်းအချိန်တွင် ခြင်ကိုက်ရာမှ ခြင်၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးနောက် သန်ကောင်ငယ်များကြီး ထွားလာကာ လူတစ်ဦးမှတစ်ဦးသို့  ကူးစက်မှုပေးနိုင်သော အဆင့်ကိုရောက်ရှိ၍ ခြင်မှတဆင့် ကူးစက်မှုဖြစ်စေပါတော့သည်။

*ရောဂါဖြစ်နှုန်း* လက်တလောအခြေအနေတွင် နိုင်ငံပေါင်း ၈၁-နိုင်ငံမှ လူပေါင်း၁၂၀-သန်းသည် ၄င်းရောဂါဆိုးကြီးကို ခံစားနေ ကြရပြီး သန်း(၄၀)သောလူများမှာ ကိုယ်အင်္ဂါချို့ယွင်းမှုများကြောင့် အလုပ်မလုပ်နိုင်တော့ပေ။ အရှေ့တောင်အာရှဒေသတွင်း ၁၁-နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင်၉-နိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိနေပါပြီ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄-ခုအနက် ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁- ခုတွင် ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှုရှိကြောင်း သိရပါသည်။ ၂ဝဝ၁ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုများသည် မကွေးခရိုင် နှင့်သရက်ခရိုင်ရှိ လူများအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။

*ရောဂါလက္ခဏာများ* ချမ်းတုန်၍ဖျားခြင်း၊ ခန္ဓာကိုယ် တစ်နေရာရာတွင် နီရဲပူလောင်ရောင်ရမ်း၍နာကျင်ခြင်း၊ သငံရည်ကြော နှင့် အကျိတ်များရောင်ခြင်း၊ ဆီးသွားသည့်အခါ အဖြူရောင်ပျစ်ချွဲချွဲဖြစ်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ကျပ်နေခြင်း၊ ဘော(ရေမုတ္တ)အောင့်ခြင်း စသည့်လက္ခဏာများ စတင်ခံစားရတတ်သည်။ ထိုမှတစ်ဆင့်ခြေ/လက် (တစ်ဖက်တည်းဖြစ်စေ/နှစ် ဖက်လုံးဖြစ်စေ)တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံးတွင် ခြေ/လက်များ ဆင်ခြေထောက်ကဲ့သို့ ဖြစ်လာတတ်ကြသည်။

သန်ကောင်သယ်ဆောင်ထားသောခြင် ကိုက်ခံရပြီး ရောဂါလက္ခဏာ ပေါ်ရန်အတွက် ခြောက်လမှရှစ်လအထိ ကြာတတ်သည်။ ( အချို့ကလည်း ခြေ/လက်ဖောင်းရောင်ခြင်းကို သွေးမှင်/လေမှင် ထင်ကာ တခြားဆေးတွေသောက်ပြီး ခေတ္တပျောက်သွားခြင်းဖြင့် ကိုယ်ထဲမှာ ပိုးများအောင်းနေခဲ့ကြ၏) ရောဂါကာကွယ်ဆေး။ ဆေးတိုက်ကျွေးရာတွင် ဆင်ခြေထောက် ပိုးသေဆေး(DEC) နှင့်သန်ချဆေးပြား(Albendazole) ကို ပူးတွဲအသုံးပြုရပါသည်။ ယင်းသည်ခန္ဓာကိုယ်တွင်းရှိ ပိုးအရေအတွက် ၉ဝ ရာခိုင်နှုန်းကျော်ကို လျှော့ချနိုင်စွမ်းရှိ၏။

သန်ချဆေး နှင့်တွဲ၍ သောက်ခြင်းကြောင့် အူလမ်းကြောင်းရှိ အခြားသန်ကောင်များ သေဆုံးနိုင်ပြီး အထူးသဖြင့် ကလေးများတွင် သန်ကောင် ရောဂါမရှိခြင်းဖြင့် စားသမျှအာဟာရကိုလည်း ကောင်းမွန်စွာ ရရှိမည်ဖြစ်သည်။ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အနည်းဆုံး ငါးနှစ် တိုက်ကျွေးရပြီး နေရာတစ်ခုတွင် တစ်ပတ်အတွင်း တစ်ချိန်တည်းတစ်ပြိုင်နက် လူအကုန်သောက်ရခြင်းဖြင့် ပိုးအရေအတွက် တစ်ပြိုင်တည်း လျော့ကျသွားသည့်အတွက် ခြင်ကိုက်သော်လည်း ကူးစက်မှုမဖြစ်နိုင်တော့ပေ။

ယင်းကာကွယ်ဆေးကိုဆင်ခြေထောက်ပိုးတွေ့ထားသူများ၊ ရောဂါလက္ခဏာမပြဘဲ ငုပ်နေသူများသောက်ပါက ပိုးများသေဆုံး၍ ရောဂါပိုးကင်းစင်သွား မည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ပိုးမရှိသေးသူများလည်း ရောဂါကူးစက်ခံရမှုက ကာကွယ်နိုင်မည်ဖြစ်၏။(ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကို အသက် ၂-နှစ် အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် အခြားရောဂါတစ်ခုခုကြောင့် အိပ်ရာထဲလဲ၍ နေမကောင်းဖြစ်နေသူများ မသောက်သင့်ပေ)

*ဆေး၏ဘေးထွက်ဆိုးကျိုးများ* ဆေးသောက်ခြင်းဖြင့် လူတိုင်းအားလုံးနီးပါး ထူးထူးခြားခြားပြဿနာများ မခံစားရပေ။ Albendazole ၏ ဘေးထွက်ဆိုးကျိုးမှာပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်သည်။ ဆင်ခြေထောက်ရောဂါ၏ သဘာဝအရ DECသောက်ပြီး လျှင် ဆင်ခြေထောက်ပိုးများ သေကျေပျက်စီးသွားသည့်အတွက် ယင်းတို့မှထွက်လာသော ဓာတ်ပစ္စည်းများကြောင့် ခန္ဓာကိုယ် တွင်ဖျားနာခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ခြေလက်များကိုက်ခဲ၍မသယ်ချင်ဖြစ်ခြင်း၊ ယောက်ျားများတွင် ဝှေးစေ့ရောင်ခြင်း၊ ခြေထောက်အနည်းငယ် ရောင်လာတတ်ခြင်းတို့ ဖြစ်တတ်သည်။

ယင်းတို့သည် ဆေးသောက်ပြီး ၂၄နာရီ ကျော်လျှင် စတင်ပေါ်လာပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်သွားမည်ဖြစ်သည်။ (၎င်းဘေးထွက် ဆိုးကျိုးများအတွက် B-6 ၊ ဓာတ်ပစ္စည်းများကြောင့်ဖျားလျှင် Paracetamol နှင့် အင်ပျဉ်ထလျှင် Anti histamine တို့တွဲသောက်ပေးနိုင်၏)

*ဆင်ခြေထောက်ရောဂါအတွက် အိမ်တွင်းကုထုံးလေးများ*

(၁) သစ်ကြားသီးက သငံရေ(သွေးရည်ကြည်)ထဲရှိ သက်ကြီးသန်ကောင်များကိုရာနှုန်ူပြည့်နီးပါးတိုက်ထုတ်ပေးနိုင်သည်။

(၂) တမာပင်ထဲမှာပါရှိသောlactones(ခေါ်)ဆေးဘက်ဝင် သဘာဝဓာတုပစ္စည်းတမျိုးက ဆင်ခြေထောက်ဖြစ်စေနိုင်သည့်ကပ်ပါး သန်ကောင်များကို သတ်ပေးနိုင်သဖြင့် တမာပင်စည်ခေါက်ကို ပြုတ်သောက်ပါ။

(၃) လေးညှင်းပွင့်က သွေးကြောထဲရှိ မျက်စေ့ဖြင့်မမြင်နိုင်သော ကပ်ပါးပိုးများကို သေစေနိုင်သဖြင့် လေးညှင်းပွင့်စားပါ(သို့ မဟုတ်)လေးညှင့်ပွင့်အခြောက်မှုန့် ကို ကော်ဖီ/လ္ဘက်ရည်ထဲ ထဲ့သောက်ပါ။

(၄) ကြက်သွန်ဖြူမှာ ဆင်ခြေထောက်ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်သည့် အစွမ်းသတ္တိပါရှိသဖြင့် ကြက်သွန်ဖြူ တစ်နေ့  ၄-မွှာနှုန်းဖြင့် ၁-လတိတိ စားပေးပါ။

(၅) နာနတ်သီးထဲရှိ သဘာဝအင်ဇိုင်းဓာတ်များက ကပ်ပါးပိုးများကို တိုက်ထုတ်ပေးနိုင်သည်။

(၆) ဗီတာမင်အေ ကြွယ်ဝသောအစားအများဖြစ်ကြသည့် မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုပ်ဇီးချိုသီးများ ကကပ်ပါးပိုးများ အန္တရာယ်မှ ကာကွယ်ကာ ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားလာစေသည်။

(၇) အနက်ရောင် ခွေးလှေးယားသီးပင်အမြစ်ကို အမှုန့် ကြိတ်ပြီး၊ ပဲဆီနှင့်ချက်၍ ထိုဆီဖြင့် လိမ်းပေးပါ။

29-09-2013 နေ့ ထုတ် FLOWER NEWS အပတ်စဉ်ဂျာနယ်မှာ ဖော်ပြခံရ တဲ့ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့  မျှဝေလိုက်ရပါတယ်ရှင်။

(စေတနာများစွာဖြင့်.......ပေါက်ပေါက်)
New Myanmar Foundation

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား