img.emoticon { padding: 0; margin: 0; border: 0; }

Friday, August 23, 2013

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အကြံပြုစာများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်း (၁၆)

၁။မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအတွက် ဗီဇာ သက်တမ်းတိုးမြှင့်ရန် မလေးရှားနိုင်ငံ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံရာတွင် အဆင်ပြေမှုမရှိပါကြောင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မလေးရှားအစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး အစီအစဉ် (6P) အရ မှတ်ပုံတင်ခဲ့ကြသည့် တရားမဝင်မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးသို့ ဝန်ထမ်းအားဖြည့် စေလွှတ်၍ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ မလေးရှားနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမား (၁၅၀,၀၀၀)ခန့်ကို မြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသို့ ပြန်လိုသော တရားမဝင် မြန်မာ အလုပ်သမား (၁၀,၀၀၀) ခန့်ကိုလည်း တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (C of I) များ ထုတ်ပေးခဲ့ပါကြောင်းနှင့် (6P) အစီအစဉ်ကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ်လျှေက်ထားခဲ့သည့် အကြံပြုသူ ထံသို့ မြန်မာနိုင်ငံကူးလက်မှတ် M572073 (ထုတ်ပေးရက်စွဲ၊ ၂-၁၂-၂၀၁၁) ဖြင့် ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။


၂။နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို သိရှိရပါက ကူညီဆောင်ရွက် ပေးရန် အသင့်ရှိပါကြောင်း၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ရှိ သံမှူးကြီး ( ဖုန်းအမှတ်- ၆၀၃ ၄၂၅ ၁၄၄၅၅ ) ထံသို့ လည်းကောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ စေလွှတ်ထားသော အလုပ်သမား အရာရှိ (ဖုန်းအမှတ်- ၆၀၃ ၄၂၅ ၁၅၅၉၅) ထံသို့လည်းကောင်း ဆက်သွယ်နိုင်ပါကြောင်းနှင့် ၎င်းတို့မှလည်း ကူညီဆောင်ရွက် ပေးလျက် ရှိပါကြောင်း။

၃။ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြဝတီလမ်းတွင် ရေမြောင်းများပိတ်၍ ရေကြီးရေလျှံ ဖြစ်နေသည့် ကိစ္စနှင့် တာမွေမြို့နယ်၊ ကျိုက္ကဆံအဆင့်မြင့်အိမ်ယာ အနောက်ဘက်တွင် စည်ပင်မှ အမှိုက်များပုံထားမှုကြောင့် အမြန်ဆုံးလာရောက် ရှင်းလင်းဆောင်ရွက်ပေးပါရန် အကြံပြုချက်များနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ လှိုင်သာယာမြို့နယ်၊ မြဝတီလမ်းတွင် ရေမြောင်းများပိတ်၍ ရေကြီးရေလျှံဖြစ်နေခြင်းအား မြဝတီ လမ်းတစ်လျှောက်တွင် လူအင်အားဖြင့်လည်းကောင်း၊ မြဝတီလမ်းမှ စူလတန်ချောင်းသို့ စီးဝင်ရာ တပင်ရွှေထီး လမ်းတစ်လျှောက်တွင် စက်ယန္တရား များဖြင့်လည်းကောင်း တူးဖော်ရှင်းလင်းပေးခဲ့ပြီး၊ ပီမိုးနင်းလမ်းနှင့် နှင်းဆီလမ်းဆုံ၊ မြဝတီ လမ်းနှင့် ပီမိုးနင်းလမ်းဆုံတို့တွင် ကျိုးကျနေသည့် Culvert များအား  Box Culvert များ အဖြစ် (၅-၇-၂၀၁၃ ) ရက်နေ့တွင် အစားထိုးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

၄။အကြံပြုချက်တွင် ပါရှိသည့် တာမွေမြို့နယ်၊ ကျိုက္ကဆံအဆင့်မြင့်အိမ်ယာ အနောက်ဘက် တွင် ရှိသောနေရာသည် စည်ပင်မှ အမှိုက်ပုံမဟုတ်ဘဲ အမှိုက်ပုံး ( Roll on / off Container) ချထားသည့် နေရာဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း လိုက်လံသိမ်းဆည်းသော အမှိုက်သိမ်း ယာဉ်ငယ်များမှ Container အမှိုက်ပုံးထဲသို့ တိုက်ရိုက်ထည့်၍ပြည့်ပါက နောက်ဆုံး စွန့်ပစ် အမှိုက်ပုံးသို့ သွားရောက်စွန့်ပစ်သည့် စနစ်အား ဆောင်ရွက်လျက်ရှိပြီး ယင်းစနစ်အား အကြံပြုချက်ပါနေရာတွင် ဆောင်ရွက်လျက်ရှိသည်မှာ နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်ပါကြောင်းနှင့် အမှိုက်များအား မြေပြင်သို့ ချပုံခြင်းနှင့် ညသိပ်ထားခြင်း မရှိဘဲ နေ့အချိန်တိုအတွင်းသာ ဆောင်ရွက်ပြီး ပတ်ဝန်းကျင် အမြဲသပ်ရပ်သန့်ရှင်း၍ အနံဆိုးမထွက်စေရန် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

၅။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ မေးလ်အတွက် Bill ပေးဆောင်ရာတွင် မြန်မာကျပ်ငွေဖြင့် လက်မခံဘဲ FEC နှင့်သာ လက်ခံမည်ဟု ငွေစာရင်းဌာနမှ ပြောကြားခဲ့သည့်အတွက် FEC များအား မြန်မာကျပ်ငွေဖြင့် ဇွန်လအတွင်း နောက်ဆုံးထား၍ လဲလှယ်ကြရန် ကြော်ငြာထားခြင်းနှင့် ကိုက်ညီမှုမရှိပါ၍ အဆင်ပြေစေရေး ဆောင်ရွက်ပေးပါရန် အကြံပြုချက်များနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြန်လည် ရှင်းလင်းပြန်ကြားရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ FEC ဖြင့်ကောက်ခံနေသည့် ဝန်ဆောင်မှု လုပ်ငန်းများအား (၁-၆-၂၀၁၃) ရက်နေ့မှစ၍ အောက်ပါအတိုင်း ပြောင်းလဲကောက်ခံ ဆောင်ရွက်လျက်ရှိပါကြောင်း-

(က)
ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်းများ-


(၁)
ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကတယ်လီဖုန်းများ၏ ပြည်ပခေါ်ဆိုခများ၊


(၂)
ပြည်ပခေါ်ဆိုသည့် Prepaid Top-up Card များနှင့် One Time Card ရောင်းရငွေများ၊


(၃)
ပြည်ပစာပို့ခ၊ ပြည်ပချောထုပ်များမှ ရငွေနှင့် ပြည်ပကြေးနန်းရိုက်ခ ရငွေများ။

(ခ)
USD ဖြင့်သာ ဆက်လက်ကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်းများ-


(၁)     
နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်ပကုမ္ပဏီ/ အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများထံမှ ကောက်ခံသည့် ကနဦး တပ်ဆင်ခများနှင့် ( ပြည်တွင်း/ ပြည်ပ) ခေါ်ဆိုခများ (All in FE ဖြင့်သာ တပ်ဆင်ထားသည့် Auto, Mobile, ADSL, Internet, IP Star)


(၂)
ပြည်ပကုမ္ပဏီ/ အဖွဲ့အစည်းများမှ ငှားရမ်းအသုံးပြုသည့် ချယ်နယ် ငှားရမ်းခ ငွေများ (International Private Lease Line )
         
၆။အထက်အပိုဒ် (၅) ပါ သတ်မှတ်ချက်များနှင့်အညီ FEC အစား USD ဖြင့် (၁-၆-၂၀၁၃) ရက်နေ့မှစ၍ ပြောင်းလဲကောက်ခံဆောင်ရွက်လျက်ရှိပြီး ငွေလက်ခံကောင်တာများတွင်လည်း ပြည်သူများ သိရှိနိုင်ရန် ကြော်ငြာထားရှိပြီး  ဖြစ်ပါကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်ကြားချက်များအား ဖော်ပြအပ်ပါသည်။

၇။သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်မှုများအပေါ် မကျေလည်မှုများ၊ မေးမြန်းစုံစမ်းလိုသည်များ ရှိခဲ့ပါက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ် အဖွဲ့သို့ ထပ်မံပေးပို့  အကြောင်းကြားနိုင်ပါကြောင်း ကြေညာအပ် ပါသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့                
 http://www.president-office.gov.mm/

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား