img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, May 7, 2013

မြန်မာလယ်သမားများကို အမေရိကန်အစိုးရ ငွေချေးမည်


တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ကို အစိုးရက လုံလောက်စွာ ချေးမပေးနိုင်သော မြန်မာနိုင်ငံအတွင်းရှိ လယ်သမားများ
အတွက် ကာလရှည် အတိုးနည်း ချေးငွေကို အမေရိကန်အစိုးရက ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေ များကို ရယူနေရသည့် မြန်မာ
လယ်သမား များကို Soft Loan (ကာလရှည်အတိုးနည်း ချေးငွေ)ကို အမေရိကန်အစိုးရက ထုတ်ချေး ပေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြီးနောက် ရန်ကုန်မြို့တော် ပြည်ထောင်စု
လွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေး ကနဦး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ကတိပြုပြောကြားခြင်း
ဖြစ်သည်။ သို့သော် ချေးငွေစတင်မည့် အချိန်နှင့် ပမာဏများ အပါအဝင် အခြား အသေးစိတ် အခြေအနေများကို မသိရ သေးပေ။

ယင်းချေးငွေ ပေးနိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်း အကျင့်ပျက်ခြစားမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒဲရစ်မစ်ချယ်က
ပြောကြားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ အတိုးနှုန်းသက်သာသော ကာလတို
ချေးငွေကို နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် ပြည်ထောင်စု အေဂျင်စီ (USAID) က မြန်မာလယ်သမား များအတွက် ရှာဖွေပေး နိုင်ပါက များစွာ အကျိုးရှိမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက အကြံပြုသည်။

"မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး ကူညီပါ့မယ်"ဟု ဒဲရစ်မစ်ချယ်က ဆိုသည်။

လယ်သမားများကိုလုံလောက်သောချေးငွေ ပေးရမည်ဖြစ်ပြီးလက်မှုလယ်ယာ
မှ စက်မှုလယ်ယာသို့ ကူးပြောင်း ရာတွင် အစိုးရက အကူအညီပေး
ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားသည်။

Soft Loan ကို နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအေဂျင်စီ၊ ကမ္ဘာ့ဘဏ်နှင့်
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် တို့က ထုတ်ချေးလေ့ရှိပြီး သာမန်ဘဏ်များ
ထက် အတိုးနှုန်း သက်သာသည့်အပြင် သတ်မှတ်ထားသော ကာလတစ်ခု
အထိ အတိုးကင်း လွတ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံကို ကာလရှည် အတိုးနည်း ချေးငွေပေးရန် ကတိပြုထားသော USAID ၏မူဝါဒတွင် အမေရိကန်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီး
ပွားနှစ်ခုလုံး ကို ထည့်သွင်းစဉ်းစားထားကြောင်း USAID က ထုတ်ပြန်
ထားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူလွှတ်တော်
အစည်း အဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အစိုးရ
အနေနှင့် စိုက်ပျိုးစရိတ်ချေးငွေကို ကျပ်ငါးသောင်းမှ တစ်သိန်းထိ ချေးငွေ တိုးမြှင့်ပေးရန် တိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့သော်လည်း လယ်သမားအများစုထံမှ ချေးငွေပြန်မရသည်က များသောကြောင့် ချေးငွေ
ထပ်တိုးနိုင်မည် မဟုတ်ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာလယ်သမား များသည် အတိုး နှုန်းနည်းပါးသော ချေးငွေအစိုးရထံမှ ရရှိသော်လည်း ကာလတိုသဖြင့် အခက်တွေ့ရပြီး သီးနှံပေါ်ချိန် တစ်ပြိုင်နက် ထုတ်ရောင်းရသဖြင့် ဈေးကောင်းရလေ့မရှိပေ။ယင်းကိစ္စနှင့် ပတ်သက်၍
အကူအညီ ပေးရန် လယ်သမားအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံစဉ် တောင်းဆိုခဲ့ဖူးသည်။

အာဖရိကတိုက် တောင်ပိုင်းရှိ အန်ဂိုလာနိုင်ငံကို ၂၀၀၄ ခုနှစ်တွင် တရုတ် အစိုးရက ကာလရှည် အတိုးနည်းချေးငွေ နှစ်ဘီလီယံ ထုတ်ချေးခဲ့ပြီး အန်ဂိုလာ အစိုးရက တရုတ်အစိုးရကို ရေနံစိမ်းများ ထောက်ပံ့ပေးရန် ကတိပြုခဲ့ရသည်။


Credit & Copy From >>> The Voice Weekly

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား