Monday, May 6, 2013
ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေ
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃)ချက် ပစ်သွားရာ ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေးသွားခဲ့ပြီးနောက် စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံးနေသည်ကို တွေ့ရှိရသည်။
သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်းကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊ သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှာမဟုတ်ဘူး၊ တောထဲမှာလို့လည်းပြောတယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့ မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစားစရာပဲ"ဟု သိရသည်။
အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ထင်တယ်ဗျ၊ တာချီလိတ်မှာက တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာသို့ လာရောက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြောကြားသွားသည်။
လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊ သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေးထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိတယ်"ဟု ပြောကြားလာသည်။
ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက်အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟုလည်း သိရသည်။
Tachileik Online News
Labels:
News
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား