img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, April 23, 2013

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘရူးနိုင်း နိုင်ငံ၊ ဘန်ဒါဆရီ ဘန်ကာဝန် မြို့၌ ပြုလုပ်မည် ဖြစ်ပြီးထိုဆွေးနွေးပွဲတွင် အရေးကြီး အကြောင်းအရာများ ဆွေးနွေးဖွယ် မရှိ

(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘရူးနိုင်း နိုင်ငံ၊ ဘန်ဒါဆရီ ဘန်ကာဝန် မြို့၌ ပြုလုပ်မည် ဖြစ်ပြီးထိုဆွေးနွေးပွဲတွင် အရေးကြီး အကြောင်းအရာများ ဆွေးနွေးဖွယ် မရှိဘဲ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြဲ ကိစ္စကိုသာ ဦးစားပေးအနေဖြင့် ဆွေးနွေးမည်ဟု သိရသည်။
ဧပြီလ ၂၄ ရက်နေ့ ညပိုင်းတွင် စတင်ပြုလုပ်မည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွက် အာဆီယံ အဆင့်မြင့် အရာရှိများ၏ အကြိုညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၃ ရက်နေ့က ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီ ဘန်ကာဝန်မြို့ နိုင်ငံတကာ ကွန်ဗင်ရှင်းစင်တာ(ICC) တွင် ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ပါဝင်ခဲ့သော အဆင့်မြင့် အရာရှိများ၏ ပြောကြားချက်အရ ဆွေးနွေးပွဲတွင် အရေးကြီး အကြောင်းအရာများ ပါဝင်နိုင်ဖွယ် မရှိခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ လုပ်တဲ့ အစည်းအဝေးက မနက်ဖြန်မှာ လုပ်မယ့် ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးတဲ့ သဘောပါ။ အကြိုဆွေးနွေးပွဲမှာ သိပ်ပြီးတော့ မရှိပါဘူး။ ပုံမှန်အတိုင်း လုပ်မယ့် ဆွေးနွေးပွဲလို့ပဲ ပြောနိုင်ပါတယ်”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ထို့အတူ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကလည်း (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် အကြောင်းအရာ အနည်းငယ်ကိုသာ ဆွေးနွေးမည် ဖြစ်ပြီး ပုံမှန် ဆွေးနွေးနေသည့် ကိစ္စရပ်များသာ ပါဝင်နိုင်သည်ဟု Eleven Media Group သို့ ပြောပါသည်။
“ဒီနေ့ ဆွေးနွေးတာက အကြောင်းအရာ ဘာမှ သိပ်မရှိဘူး။ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးကြမယ့် retreat မှာ ဆွေးနွေးမယ့် အကြောင်းအရာလေးခုအတွက် ပြင်ဆင်တာပဲ ရှိတယ်”ဟု နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ဧပြီလ ၂၅ ရက်နေ့တွင် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမည့် Retreat Meeting တွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ ကိစ္စ၊ အာဆီယံ ဗဟိုပြု ဒေသတွင်း တည်ဆောက်မှု၊ အာဆီယံ၏ အနာဂတ် မျှော်မှန်းချက်နှင့်  ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများကို အမြင်ဖလှယ်ခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
“၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ ထူထောင်မယ့်အချိန် နီးကပ်လာပါပြီ။ ဒီအချိန်မှာ ကိုယ်စီရည်မှန်းချက်တွေ ရရှိဖို့ ဘယ်လိုမောင်းနှင် နိုင်မလဲဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ ၂၀၁၅ ခုနှစ်အလွန် ရိုက်ခတ်လာနိုင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ တွေ့ဆုံပြီး သုံးသပ်မှုတွေ လုပ်သွားပါမယ်”ဟု အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ဘန်ဒါဆရီ ဘန်ကာဝန်သို့ ရောက်ရှိစဉ် ပြောကြားခဲ့ပါသည်။
တရုတ်နှင့် အာဆီယံ နိုင်ငံအချို့တို့အကြား အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အရေး ကိစ္စကို ဆွေးနွေးပြီး သဘောတူညီချက် တစ်ရပ်ရရှိနိုင်ရန် ဖိလစ်ပိုင်နိုင်ငံက တွန်းအားပေးမည့် အခြေအနေ ရှိနေသော်လည်း ထိုကိစ္စရပ်ကို ကျယ်ပြန့်စွာ ဆွေးနွေးနိုင်ဖွယ် မရှိကြောင်း သိရသည်။
(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၄ ရက်တွင် စတင်မည်ဟု ဆိုသော်လည်း အာဆီယံ ခေါင်းဆောင်များမှာ ဧပြီလ ၂၄ ရက် ညနေပိုင်းမှသာ စုံလင်စွာ ရောက်ရှိလာမည် ဖြစ်သည့်အတွက် ဧပြီလ ၂၄ ရက်နေ့ ညပိုင်းတွင် အာဆီယံ ခေါင်းဆောင်များ၏ အလုပ်သဘော ညစာစားပွဲတွင်သာ အစည်းအဝေးနှင့် တွဲဖက်ပြီး ဆွေးနွေးမှုအချို့ ပြုလုပ်ကြမည် ဖြစ်ပါသည်။
ဧပြီလ ၂၅ ရက်နေ့ တွင်လည်း ထိုနေ့ နံနက်ပိုင်းတွင်သာ ပြုလုပ်မည့် Retreat Meeting ၌ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီ တွေ့ဆုံကြမည် ဖြစ်ပါသည်။ ထို အစည်းအဝေး နောက်ပိုင်း ဆွေးနွေးပွဲများမှာ (၉) ကြိမ်မြောက် BIMP-EAGA အစည်းအဝေးနှင့် (၇) ကြိမ်မြောက် IMT-GT အစည်းအဝေး တို့ ဖြစ်ပြီး ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ဆွေးနွေးကြမည် ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ဧပြီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ဘရူနိုင်း နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် ဘရူနိုင်း နိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ပါသည်။ (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံ ၀န်ကြီးချုပ်မှ လွဲ၍ ကျန်ရှိသော အာဆီယံ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား