img.emoticon { padding: 0; margin: 0; border: 0; }

Monday, April 29, 2013

၂၅ ရာခိုင်နှုန်း သို့မဟုတ် ပြင်ဆင်ရေး၏ အရေးကြီးအဆင့်

စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန် ကော်မတီနှင့် ကော်မရှင် များ ဖွဲ့စည်းရေးအတွက် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်တွင် အာဏာရပါတီက တင်သွင်းသွားရာ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များ ပြောဆိုနေကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မှာ လမ်းစပေါ်လာပြီဟု မှတ်ယူနိုင်ပါသည်။ သို့သော် ဘာကြောင့် ပြင်ဆင်ရန် လိုအပ်သည်၊ ဘယ်အချိန်တွင် ပြင်ဆင်သင့်သည်၊ ဘယ်လိုနားလည်မှု ထားရှိသင့်သည် စသောအချက်များကို ထုတ်ဖော်ပြောဆိုခြင်း မတွေ့ရ သေးရာ ယခုဆောင်းပါးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၏ အရေးကြီးအဆင့်ဖြစ်သော တပ်မတော်သား ၂၅ ရာခိုင်နှုန်း ဖယ်ထုတ်ရေးကို ပြောဆိုထားပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းတို့ ပြောခဲ့သောစကားများ အရ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်ခြင်းသည် တပ်မတော်အတွက် အလွန်အမင်း တင်းခံရမည့်ကိစ္စ မဟုတ်ကြောင်း သိသာပါသည်။ မည်သည့် အခြင်းအရာများက တပ်မတော်သား ကိုယ်စားလှယ်များကို ဆက်လက်ထား ရှိစေပါ သနည်း ဆိုသည်မှာ စဉ်းစားရမည့်ကိစ္စဖြစ်ပါသည်။

ပထမဦးစွာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်ဖို့ဆိုလျှင် ထည့်သွင်းခဲ့သူ၏ ရည်ရွယ်ချက်ကို သိရှိရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကောင်းစွာဖတ်ရှု နားလည်ထားဖို့ လိုပါလိမ့်မည်။ တပ်မတော်သား ကိုယ်စားလှယ်များကို ထည့်သွင်းရန် စဉ်းစားခဲ့သူသည် ကြုံတွေ့ခဲ့ရသော မြန်မာ့နိုင်ငံရေး သမိုင်းကို အကွဲအပြဲသမိုင်းအဖြစ် ရှုမြင်ပြီး တပ်မတော်ကို အမျိုးသားရေး တာဝန်အား ခေတ်အဆက်ဆက် ကျေပွန်ခဲ့သော အဖွဲ့အစည်း အဖြစ် အခိုင်အမာ ယုံကြည်ခဲ့ပုံ ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင် ရေးကို အစဉ်တစိုက် ဦးတည်သည် ဟူသောအချက်ကို နိုင်ငံတော်အခြေခံမူ များတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပေသည်။ နိုင်ငံရေးပါတီတို့ မည်သည် အမျိုးသား နိုင်ငံရေးထက် ပါတီနိုင်ငံရေးကို ဦးစားပေးစဉ်းစားတတ်သော သဘောရှိရာ တပ်မတော်သည် ပါတီနိုင်ငံရေး ကင်းရှင်းသော အဖွဲ့အစည်းအဖြစ် အမျိုးသားနိုင်ငံရေးကို ထမ်းဆောင်လိမ့်မည်ဟု မှတ်ယူပုံရပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးကြီးသော ဥပဒေများကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုမပါဘဲ ပြင်ဆင်၍ မရနိုင်အောင် ကြိုတင် ရေးသားခဲ့ပါသည်။ ယုတ်စွအဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ ရှိ ပြင်ဆင်ခြင်း ဥပဒေကိုပင် တပ်မတော်၏ ထောက်ခံမှုမရရှိဘဲ ပြင်ဆင်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နိုင်ငံရေးအင်အားစု များသည် တပ်မတော်၏ ယုံကြည်မှုကို ရရှိဖို့ လိုပါသည်။ တပ်မတော်က စိုးရိမ်သော ဒို့တာဝန်အရေးသုံးပါးကို ပျက်စီးစေမည့် အပြုအမူများ၊ အပြောအဆိုများကို နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များက ဘယ်သောအခါမျှ မပြုလုပ်နိုင်ဟု တပ်မတော်က ယုံကြည်စိတ်ချရသော အချိန်အခါသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ထုတ်ရေးအတွက် အသင့်ဖြစ်သော အချိန်အခါပင် ဖြစ်ပါသည်။ ယခုအခါ အခြားနိုင်ငံရေး အင်အားစုများ တွင်လည်း ညှိနှိုင်း လုပ်ကိုင်လာသည့် အနေအထားများ၊ တပ်မတော်အပေါ် သဘောထား ပျော့ပျောင်းလာသည့် လက္ခဏာများလည်း တွေ့ မြင်လာရရာ တပ်မတော် သည်လည်း ချိန်ထားသောသေနတ် (၂၅ ရာခိုင်နှုန်း)ကို ရုပ်သိမ်းရမည့်အချိန် တစ်စစ နီးကပ်လာပြီ ဖြစ်ပါသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရုပ်သိမ်းရန် အကြောင်းတရားများကို တစ်ဦးတည်းအမြင်အရ ဖော်ပြ လိုပါသည်။

အကြောင်းတရား(၁)။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
.......................................................

တပ်မတော်၏ အမျိုးသားရေးတာဝန်ဟု ခံယူထားသော ဒို့တာဝန်အရေးသုံးပါးသည် ယနေ့အချိန်တွင် ခြိမ်းခြောက်ခံနေရသော အနေအထားတွင် လုံးလုံးလျားလျား ရှိမနေတော့ဟု ယူဆပါသည်။ လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ တောင်းဆို နေသော တန်းတူအခွင့်အရေးနှင့် ဖယ်ဒရယ်မူသည် ဒို့တာဝန်အရေးသုံးပါးကို ခြိမ်းခြောက်နေသော အခြေအနေဟု တပ်မတော်ခေါင်းဆောင်ပိုင်းက မမြင်မိစေရန် အထူးအရေးကြီးပါသည်။ တပ်မတော်ခေါင်းဆောင်ဟောင်း ဦးအောင်မင်းကိုယ်တိုင် ဖယ်ဒရယ်မူကို ကျေကျေနပ်နပ် လက်ခံဆွေးနွေး နေသော အနေအထားကို ပြန်လည်တွက်ကြည့်လျှင် တပ်မတော်သည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှု များလာပါက ဖယ်ဒရယ်မူကို လက်ခံနိုင်သည့် အနေအထားမျိုး ဆွေးနွေးလာနိုင်ဖွယ် ရှိပါသည်။ လက်ရှိတွင်လည်း အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လွှတ်တော်နိုင်ငံရေးကို ယုံကြည်မှု မရှိသေးရာ တပ်မတော်အကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ထုတ်ရေးကို အစပြုလိုက်လျှင် တိုင်းရင်းသားများ၏ ယုံကြည်မှုကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရရှိနိုင်မည် ဖြစ်သကဲ့သို့ ဆက်လက်ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပိုမိုအဆင်ပြေလာဖွယ် ရှိပါသည်။ (ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင် ဦးသိန်းဇော် ထောက်ခံခဲ့ခြင်းမှာ သည့်အတွက်ကြောင့် ဖြစ်နိုင်ပါသည်။ ဤကားစကားချပ်) ဦးသိန်းစိန်အစိုးရ မျှော်မှန်းသော (တပ်မတော်လည်း လိုချင်သော) ထာဝရငြိမ်းချမ်းရေး ရရှိရန်မှာ ဖယ်ဒရယ်မူနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ထုတ်ရေးကို လက်မခံ၊ မစဉ်းစားဘဲ ကျော်လွှားသွား၍ ရသည့် အခြေအနေ မဟုတ်ရာ တပ်မတော်ပိုင်းဆိုင်ရာ ခေါင်းဆောင်များအနေနှင့် အလေးအနက် စဉ်းစားစေချင်ပါသည်။

အကြောင်းတရား(၂) ။ နိုင်ငံရေးသိက္ခာ
...........................................

အစိုးရဟောင်းမှ ပုဂ္ဂိုလ်များသည် ရွေးကောက်တင်မြှောက် ခြင်း မခံရသော လွှတ်တော်ကိုယ်စားလှယ်များ အတွက် အလားတူ နိုင်ငံမျိုးနှင့် ကာကွယ်ပြောဆိုလေ့ ရှိသော်လည်း တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ အခန်းကဏ္ဍကို ကာကွယ်ပြောဆိုခြင်း မပြုနိုင်သည်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးမည်ဆိုသော နိုင်ငံတစ်ခုအတွက် အများပြောစရာ ဖြစ်နေပါသည်။ သမ္မတ ဦးသိန်းစိန် ကလည်း ကမ္ဘာ့အလယ် တွင် မြန်မာနိုင်ငံ၏ နေရာမှန်ကိုရအောင် ပြန်ယူမည်ဟု ဆိုထားရာ သူ၏သက်တမ်းတွင် တပ်မတော်ကို ပြုပြင်ပြောင်းလဲရန် အားထုတ်ပါက အရေးပါ သော လုပ်ဆောင်ချက် ဖြစ်လာဖွယ်ရှိပါသည်။ နိုင်ငံတကာအမြင်ကို မျက်ကွယ်ပြုပြီး ပြည်တွင်းအမြင်ကို ထည့်သွင်းစဉ်းစား လျှင်ပင် ပြည်သူ အများစု အဆိုးမြင်ခဲ့သော တပ်မတော်၏ နိုင်ငံရေးသိက္ခာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အသာတကြည် ဖယ်ထုတ်လိုက်ခြင်းဖြင့် ပြန်လည် အဖတ်ဆယ်နိုင်စရာ အကြောင်းရှိပါသည်။ ဆန္ဒဖော်ထုတ်ရန် ပြင်းပြနေသော ပြည်သူသည် တစ်နေ့နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များကို လွှတ်တော်မှ ဖယ်ထုတ်ရန် ဆန္ဒဖော်ထုတ်ခြင်း မပြုဟု မပြောနိုင်သော အခြေအနေဖြစ်ရာ မတောင်းခင်က ပေးနှင့်မှသာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်စာရင်းထဲ ပါဝင်နိုင်ပြီး တပ်မတော်သည်လည်း အများ၏ ကြည်ညိုမှုရနိုင်မည် ဖြစ်ပါ သည်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်တွင် အဆိုတင်သွင်း၊ ထောက်ခံလိုက်ခြင်းသည်ပင် ပါတီအပေါ် အများ၏ကြည်ညိုမှု အပြောင်းအလဲ ဖြစ်သွားနိုင်ပါသည်။

အကြောင်းတရား (၃) လွှတ်တော်၏အလုပ်လုပ်နှုန်း
.........................................................

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ ကော်မတီအသီးသီးတွင် တာဝန်ပေးအပ်ထားသည် ဆိုသော်ငြား လွှတ်တော် သည် Shadow Government အဖြစ် ပို၍ အလုပ်လုပ်ရန် လိုအပ်နေပါသေး သည်။ ထို့သို့ အလုပ်လုပ်နိုင်ရန် လေးပုံတစ်ပုံသော လွှတ်တော်ကိုယ်စားလှယ် များ၏ အားကို အစွမ်းရှိသလောက် ညှစ်ထုတ်နိုင်ခြင်း မရှိရာ များစွာ နစ်နာမှု ရှိနေပါသည်။ လွှတ်တော်ရေးရာ ကော်မတီများ၏ ဖွဲ့စည်းပုံအနေအထား၊ လုပ်ငန်း တာဝန်များတွင် ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသည့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များကို မကြာခဏ ပြောင်းလဲရသည်မှာ လွှတ်တော်တာဝန်ရှိသူများ အတွက် ပြန်လည်စဉ်းစားစရာ ကိစ္စ ဖြစ်လာပါသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေခြင်းသည် လွှတ်တော်၏ အလုပ်လုပ်နှုန်းကို မြှင့်တင်ရမည့်အစား ပိုမိုနှေးကွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေမည်လား ဆိုသည်မှာ သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌများ စဉ်းစားရန် ဖြစ်ပါသည်။ ထို့အပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တင်ပြသွားသကဲ့သို့ လူနည်းစု တိုင်းရင်းသားများ အဆိုများ မအောင်မြင်ရခြင်းမှာလည်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ပယောဂ မကင်းဟု ယူဆစရာ ရှိပါသည်။ တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော် နားနေချိန်များတွင် တပ်မတော်တာဝန်များကို တစ်ဖက် တစ်လမ်းကလည်း ထမ်းဆောင်ရသေးရာ လိုအပ်သော ဥပဒေများ၊ အဆိုများ အတွက် ပြည်သူများအတွင်း ကွင်းဆင်းလေ့လာရန်၊ စာအုပ်စာတမ်းများ ဖတ်ရှုရန် အချိန်သည် နိုင်ငံရေးကို အမှန်တကယ် စိတ်ပါဝင်စားသော ကိုယ်စားလှယ်များထက် နည်းပါးမည်မှာ သေချာပါသည်။ တပ်မတော် ကိုယ်စားလှယ်များ၏ နေရာတွင် ထည့်သွင်းရန် နိုင်ငံရေးကို ကိုယ်ကျိုးစွန့် လုပ်ကိုင်နေသည့် ရွေးကောက်မခံရသော ကိုယ်စားလှယ်များ ရှိနေပါသည်။ အဆိုပါ ကိုယ်စားလှယ်များသာ လွှတ်တော်တွင်း ရောက်ရှိလာပါက လွှတ်တော်သည် ပိုမို အသက်ဝင်လာမည် ထင်ပါသည်။ ယခုအချိန်သည် တိုင်းပြည်အတွက် အဆိုများ၊ မေးခွန်းများ၊ ဥပဒေကြမ်းများ တင်သွင်း၍ မြိုင်မြိုင်ဆိုင်ဆိုင် အလုပ်လုပ်နေကြရမည့် အချိန်ဖြစ်ရာ လွှတ်တော်၏ လုပ်ငန်းတာဝန်များ ပိုမိုမြန်ဆန်လာစေရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဖယ်ထုတ်ခြင်းကို စဉ်းစားစေချင်ပါသည်။

အကြောင်းတရား (၄) တပ်မတော်၏အကျိုးစီးပွား
.......................................................

တပ်မတော်ဘက်မှ ကြည့်လျှင်လည်း မနည်းလှသော အရေအတွက် ဖြစ်သည့် အရာရှိများကို တပ်မတော်၏ တာဝန် ထမ်းဆောင်ရမည့်အစား ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များကို ထိန်းညှိလိုသော အဓိက ရည်ရွယ်ချက်ဖြင့် လွှတ်တော်ထဲတွင် သွားရောက်အချိန် ကုန်ဆုံးရသည်မှာ တပ်မတော် အတွက်ရော၊ တိုင်းပြည်အတွက်ရော နစ်နာပါသည်။ အမျိုးသား ရေးတာဝန်အရ ဝင်ရောက်ထမ်းဆောင်နေခြင်းဟု ထည့်မစဉ်းစားလျှင် တပ်မတော်၏ အကျိုးစီးပွားကို မည်သို့မျှ မဖြစ်ထွန်းစေသည်ကို တွေ့ရပါ သည်။ ဆောင်းပါးရှင်တစ်ဦး ရေးသားဖူး ခဲ့သကဲ့သို့ တပ်မတော်ကို ဒီမိုကရေစီ အလေ့အကျင့်များ ထိတွေ့စေခြင်းဟု ယူဆလျှင်ပင် တပ်မတော်အတွက် အကျိုးနှင့် အပြစ်ကို ချိန်ဆကြည့်စေချင် ပါသည်။ တပ်မတော် အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်များ အတွက် လုပ်ငန်းတာဝန်များ၊ အုပ်ချုပ်မှု ကိစ္စများ ပိုမိုဆောင်ရွက် နေရခြင်းမှာ မလိုလားအပ်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ထားရှိစေခြင်းသည် အနာဂတ် နိုင်ငံတော်နှင့် တပ်မတော်အတွက် ကောင်းမွန်သော အကျိုးရလဒ်များကို သယ်ဆောင်နိုင်ပါမည်လား ဆိုသည်ကို ပြန်လည် သုံးသပ်ပေးစေချင်ပါသည်။

လွှတ်တော်ကိုယ်စားလှယ် များသည်လည်း တပ်မတော်သား ကိုယ်စားလှယ်များ မပါဝင်တော့လျှင် မိမိတို့မဲဆန္ဒနယ်ရှိ တပ်မတော်သား များ၏ ဘဝကို ဖော်ထုတ်တင်ပြပေးရန် တာဝန်ရှိပါသည်။ ဥပမာ - တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသော တပ်မတော်သားများနှင့် မိသားစုဝင် များကို ထောက်ပံ့ပေးရန် ဥပဒေ ပြဋ္ဌာန်းပေးခြင်းမျိုး ဖြစ်ပါသည်။ သို့မှသာ တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်စရာ မလိုဘဲ ကာကွယ်ရေး တာဝန်ကို စိတ်ချလက်ချ ထမ်းဆောင်နိုင် ပါလိမ့်မည်။ ထို့အပြင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာ့တပ်မတော်အပေါ် မကောင်းမြင်စိတ် (Blame Game) ဖြင့် ချဉ်းကပ်မှုများကိုလည်း တတ်နိုင်သမျှ နည်းအောင် ကြိုးစားပေး ရပါလိမ့်မည်။

တပ်မတော်သည် ပြည်သူမှ ပေါက်ဖွားသော တပ်မတော်ဖြစ်ရာ ပြည်သူ၏ ထောက်ခံမှုမရှိဘဲ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပါ။ ပြည်သူများသည် နိုင်ငံတကာရှိ တပ်မတော်များ၏ အုပ်ချုပ် ထောက်ပံ့မှုထက် များစွာနိမ့်ကျနေသော အခြေအနေတွင် ရပ်တည်နေရ သော တပ်မတော်သားများ၏ တိုက်ပွဲဝင်အခြေအနေကို ရိပ်စားမိလျှင် တပ်မတော် သည် မျိုးချစ်တပ်မတော်အဖြစ် ဆက်လက်ရပ်တည်ရန် အခွင့်အရေး ရှိနေပါသည်။
အဆိုပါ တပ်မတော်သားများကို ထောက်ထားသောအားဖြင့် တပ်မတော်ကို ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် အုပ်ချုပ်ထောက်ပံ့မှု ပြည်စုံစွာ၊ ကျစ်လစ်သိပ်သည်းစွာ ဖွဲ့စည်းရန် လွှတ်တော် ကိုယ်စားလှယ်များ က လုပ်ဆောင်ပေးနိုင်ပါသည်။

အကြောင်းတရား (၅) ဒေါ်အောင်ဆန်းစုကြည်
.....................................................

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် အတွက် Space ကျဉ်းသော နိုင်ငံရေးကစားကွင်းတစ်ကွင်း ဖြစ်နေရာ တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ထုတ်ခြင်းသည် ကွင်းချဲ့ရန် ပန္နက်ရိုက်ခြင်းလည်း ဖြစ်ပါသည်။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်ရန် ပြောဆိုခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒမှာ တပ်မတော်ကို အာဃာတဖြင့် ပြောဆိုခြင်း မဟုတ်ကြောင်း သူ၏ လုပ်ရပ်များ၊ ပြောဆိုမှုများက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ တပ်မတော်၏ အကျိုးစီးပွားဖြစ်သော ဦးပိုင်လီမိတက်၏ လက်ပံတောင်းတောင် စီမံကိန်းတွင် သူ၏ရပ်တည်မှုက တပ်မတော်အပေါ် မည်မျှ အကျိုးသက်ရောက်စေ ခဲ့သည်ကို မှန်းဆနိုင်ပါသည်။ အမှန်တရား၌ ရပ်တည်ခြင်း အပြင်ဘက်မှ တပ်မတော်အပေါ် ထားရှိသော ဒေါ်အောင်ဆန်းစုကြည်၏ စေတနာကို သူကိုယ်တိုင်သာ သိရှိနိုင်ပါလိမ့်မည်။ ၆၇ နှစ် အရွယ်ရောက်နေသော သူ့အတွက် ၂၀၁၅ ခုနှစ် မတိုင်မီ တပ်မတော်သား ကိုယ်စားလှယ်များ ဖယ်ထုတ်ခြင်းသည် နှစ်ပေါင်း ၂၀ ကျော် ပေးဆပ်ခဲ့ရသော သူ၏ အနစ်နာခံ စွန့်လွှတ်မှုများအတွက် ချွေးသိပ်စရာ အခင်းအကျင်းတစ်ခု ဖြစ်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း တပ်မတော်၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမရှိဘဲ ဒီမိုကရေစီဖြစ်စဉ် မပေါ်ပေါက်လာနိုင်ဟု ထုတ်ဖော် ပြောကြားခဲ့သော်လည်း ယခုတိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့အကြား ဒိုင်ယာလော့များ တွေ့မြင်ရခြင်းမရှိဘဲ ဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ခေါင်းဆောင်များ ဘယ်လိုတွေးခေါ်သလဲ အကဲခတ်နိုင်မှသာ ရေရှည်အဆင်ပြေမည့် သဘော ရှိရာ တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများ လိုအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မျှော်မှန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ပမှ လာရောက်နေသော ပုဂ္ဂိုလ်များထက် တပ်မတော်က ပါဝင်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်ရာ ထိတွေ့ဆက်ဆံမှုများ ယခုထက်ပို၍ လိုအပ်လျက်ရှိပါသည်။

အချုပ်ဆိုရသော် မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်တွင် တပ်မတော်၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် တပ်မတော်သား ကိုယ်စားလှယ်များ၏ လွှတ်တော်အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်မှုမဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော်အတွင်းမှ အောင်မြင်စွာ ဆုတ်ခွာစေခြင်း ဖြစ်သည်ဟု ယူဆပါသည်။ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း မှန်ပေါ် ဆောလျင်စွာ ရောက်ရှိစေရေးအတွက် သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့မှ ယခု လွှတ်တော်သက်တမ်း အတွင်း ဤအချက်ကို အလေးအနက် စဉ်းစားပေးပါရန် အကြံပြုအပ်ပါသည်။
The Voice Weekly's Page(မောင်သောင်းဖေ)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား