နေပြည်တော် မတ် ၂၉
''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည်
ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသည့်အတွက် ဆက်သွယ်ရေးကဏ္ဍသည်
အရေးကြီးသည့် ကဏ္ဍ ဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့
နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ
ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးကို နိုင်ငံတော်သမ္မတအိမ်တော်ရှိ
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ
ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊
ဦးတင်နိုင်သိန်း၊ ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား
ပြောကြားရာ၌ ယခု အစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း
မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန်
ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှုအတွက်သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊
အုပ်ချုပ်ရေး၊ လုံခြုံရေးစသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့်ကဏ္ဍ
ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇)
ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု
များပြားလာအောင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စီမံချက်များ ရေးဆွဲပြီး
စီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်း သုံးစွဲမှု
တိုးတက်များပြားလာအောင် တိုးမြှင့် တပ်ဆင်ပေးနိုင်ရေးအတွက် စီမံ
ဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈) သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင်
လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့ တပ်ဆင်ပေးသွားမည်
ဖြစ်ပါကြောင်း၊ သိပ်သည်းဆ အားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊
၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း
ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလျာထားချက်မှာ
အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့
ဆောင်ရွက်နိုင်သည်နှင့် အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ
အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေး
အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံအဆောက်အအုံ
တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍
ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ
တိုးချဲ့တပ်ဆင်နိုင်ရေး အတွက် ပြည်တွင်း ကုမ္ပဏီများသာမက
ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။
မိုဘိုင်းလ်တယ်လီဖုန်း Sim Card များကို
ယခင်ကပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊
ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့်
အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ
တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခုအခြေအနေတွင်
အခြေခံအဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍
လိုင်းများများသုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း
ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့်
ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက
အချိန်မီသတင်းထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်
ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ
မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့်ခွဲ ရောင်းချပေးသွားရန်
ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို
တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim
Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ
ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင်
ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့်
ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim
Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ
မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card
များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက်
ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား
အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက်
ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံ
ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းSimCard
များ ဖြန့်ဖြူးရောင်းချနိုင်မည့် အစီအစဉ်ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက လုပ်ငန်းလိုအပ်ချက်များနှင့်
စီစဉ်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်ကြသူများက အထွေထွေ ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card
များကိုဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim
Card (၃၅ဝဝဝဝ) နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်သည်။ ထိုသို့
ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့်
ရောင်းချပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ်ယူ၍ ဈေးကွက်
လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်
ရောင်းချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင်ဆက်လက် ဆောင်ရွက်မည့်
အစီအစဉ်တို့ကို မီဒီယာများမှတစ်ဆင့် စဉ်ဆက်မပြတ် အသိပေး တင်ပြသွားမည်
ဖြစ်သည်။
Sim Card များ အရေအတွက်နှင့်
စက်အင်အားကန့်သတ်ချက်များကြောင့် ကန့်သတ် ရောင်းချနေရခြင်းဖြစ်ကြောင်း၊
ဆက်သွယ်ရေး ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီး နောက်တွင် အခြား
အော်ပရေတာကြီးနှစ်ခုကလည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့်
ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ များနှင့် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ကိုလည်း
အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲကာ တိုင်းရင်းသား လုပ်ငန်းရှင်များ
ပါဝင်လုပ်ကိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအားဖြင့် လည်းကောင်း လာမည့်နှစ်
အနည်းငယ်အတွင်း ပြည်သူများ၏ လိုအပ်ချက်ကို ကန့်သတ်ချက်မရှိ
ဖြည့်တင်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား