img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, March 19, 2013

မောင်းမကန်ကမ်းခြေ၏ တောင်ဘက် ၆ မိုင်အကွာရှိ ပင်လယ်ကမ်းစပ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသော ဝေလငါး အသေတစ်ကောင် သောင်တင်

3.19.1
ကမ်းပနီရွာအနီး ပင်လယ်ကမ်းစပ်ရှိ ဝေလငါးအသေအား လာရောက်ကြည့်ရှုနေသူများကို မတ်လ ၁၈ ရက်နေ့ကတွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ကမ်းခြေ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ ကမ်းပနီရွာအနီးရှိ ပင်လယ်ကမ်းတွင် မတ်လ ၁၇ ရက် နေ့ နံနက်ပိုင်းက ဝေလငါးအသေ တစ်ကောင် မျောပါလာပြီး ကမ်းစပ်တွင် သောင်တင်နေကြောင်း သတင်းရရှိသည်။

အဆိုပါဝေလငါးအား မြင်တွေ့ချိန်တွင် ကမ်းစပ်ရေပြင်၌ တင်နေပြီး ရွာသားများမှ ကမ်းခြေသဲခုံပေါ်သို့ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရကြောင်း သိရှိရသည်။
“ဒီငါးကို စပြီးတွေ့တာနဲ့ ငါးလုပ်ငန်း ဦးစီးဌာနကို အကြောင်းကြားခဲ့ပါတယ်။ ငါးလုပ်ငန်း ရောက်လာပြီးတော့ မှတ်တမ်းတွေယူပြီး ငါးဆီက အသားတွေကို ဖယ်ထုတ်ဖို့ ကျွန်တော်တို့ကို ကျပ်နှစ်သောင်းပေးပြီး ခိုင်းထားပါတယ်။ မနေ့ကဆိုရင် ငါးက တုံးလုံးလဲနေတာတောင် အမြင့်ရှစ်ပေလောက် ရှိပါတယ်။ အရှည်က တော့ ၄၂ ပေကျော်ပါ။ ကမ်းခြေကို မျောလာကတည်းက ၀မ်းဗိုက်မှာ တစ်ခုခုနဲ့ တိုက်မိတာ ဒါမှမဟုတ် လက်နက်တစ်မျိုးနဲ့ ပစ်ထားတာ ခံခဲ့ရသလို ဒဏ်ရာတစ်ခု ပါလာပြီး ဒဏ်ရာက နှစ်ပေပတ်လည် အကျယ်လောက် ရှိပါတယ်။ ကျန်တာက တစ်ကိုယ်လုံး ဘာမှမဖြစ်ပါဘူး။ ပင်လယ်ထဲမှာ သေပြီး မျောလာတာ ရက်သိပ်မကြာသေးတဲ့ ပုံပါ။ ကျွန်တော်တို့ငါးကို စခွဲတော့ အသဲတစ်ခြမ်းက ပုပ်နေပြီး ယမ်းထိထားလို့ဖြစ်တဲ့ပုံ ပေါက်နေပါ တယ်။ အဲဒါနဲ့ ငါးကိုခွဲပြီး အူတွေ၊ အသားတွေ ထုတ်ပြီးတော့ သဲထဲမှာမြှုပ်တာ ထော်လာဂျီ သုံးစီးတိုက်စာလောက် ရှိတယ်။ ဒါတောင် အသားထုတ်ဖို့ ကျန်နေတုန်းပဲ။ ကမ်းပေါ်လာတင်တဲ့ နေ့ကဆိုရင် နံလွန်းလို့ ဘယ်သူမှ အနားမကပ်ကြပါဘူး။ ဝေလငါးက ဘာအမျိုးအစားလဲတော့ မသိဘူး” ဟု ဝေလငါး၏ အသားများကို ထုတ်ယူဖယ်ရှားပေးနေသော ကရင်ကြီးရွာမှ ကိုမျိုးဦးက ပြောကြားပါသည်။
ဝေလငါး သောင်တင်ရာနေရာ အနီးရှိ မောင်းမကန်ကမ်းခြေနှင့် မျှော်ရစ်ကမ်းခြေ အကြားတွင် လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဇွန်လ ၂၆ ရက် နေ့က အရှည် ၃၆ ပေကျော် ၊ အမြင့် ၅ ပေ ၅ လက်မအရွယ်ရှိ Baleen Whale (သွားမပါသောဝေလငါး) အမျိုးအစား ဝေလငါး အသေတစ်ကောင် ကမ်းခြေတွင် သောင်တင်ခဲ့ဖူးပြီး ၎င်းဝေလငါး အရိုးစုကို ထားဝယ်တက္ကသိုလ် သတ္တဗေဒဌာနတွင် ထိန်းသိမ်း ထားရှိကြောင်း သိရသည်။ ယခုသောင်တင်ခဲ့သော ဝေလငါးတွင် သွားမပါရှိကြောင်း အသားများ ထုတ်ယူ ဖယ်ရှားနေသူများထံမှ သိရှိရသည်။
Baleen Whale အမျိုးအစား ဝေလငါးများမှာ မြန်မာ့ကမ်းရိုးတန်း ဒေသများသို့ မကြာခဏ ၀င်ရောက် လာလေ့ရှိသည့် ငါးတစ်မျိုးဖြစ်ကာ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်အတွင်းတွင် ထားဝယ်ဒေသ အတွင်းရှိ ကမ်းခြေများသို့ ဝေလငါးအသေများ သောင်တင်ခဲ့ဖူးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား