ဆက်သွယ်ရေး ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပြီးပါက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသင့်ကြောင်း ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇန်န၀ါရီလ ၂၉ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ခေတ်စနစ်နဲ့ ပိုမိုလျော်ညီပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဆောင်ရွက်နိုင်မည့် e-commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်သော မြန်မာအိုင်တီ လူငယ်များ၏ တီထွင်မှု စွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အိုင်တီပညာရှင်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတကာမှ ဥပဒေနှင့် အိုင်တီပညာရှင်များ၏ အကူအညီကို ရယူကာ အသစ်ရေးဆွဲရန် သင့်လျော်ကြောင်း ဒုဝန်ကြီးက ပြောပါသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြန်လည်ဆွေးနွေးရာတွင် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အီလက်ထရောနစ် ဆက်သွယ်ဆေင်ရွက်ရေး ဥပဒေမှာ နိုင်ငံသားများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းမီဒီယာသမားများ အပေါ် အလွယ်တကူ အပြစ်ပေး အရေးယူနိုင်သည့် အန္တရာယ်ရှိသော ဥပဒေဖြစ်နေကြောင်း၊ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် ၁၉ ပါ ပြဋ္ဌာန်းချက်ဖြစ်သော “သတင်းအကြောင်း အရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်” တို့ကို ခံစားခွင့် မရှိစေရန် ရည်ရွယ်သည့် သဘောသက်ရောက် နေခြင်းကြောင့် ဖျက်သိမ်းရန် တင်သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တိုင်းပြည်ရဲ့ ပကတိ အချက်အလက်တွေကို နိုင်ငံတကာကို ပို့တာကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီဥပဒေက ပေါ်လာတာ။ ပေါ်လာကတည်းက မကောင်းတဲ့ ရည်ရွယ်ချက် ဖြစ်နေတယ်။ ပြစ်ဒဏ်မှာလည်း အများဆုံးက ၁၅ နှစ် ဖြစ်နေတယ်။ အီးမေးတစ်စောင် သုံးရင် ထောင် ၁၅ နှစ် ကျမယ်ဆိုရင် သုံးစောင်တွေ့လို့ ထောင် ၄၅ နှစ် ကျသွားတဲ့ သူတွေလည်း ရှိတယ်။ freedom of Expression ကို နှောင့်ယှက်ဖျက်ဆီးတဲ့ ဥပဒေတစ်ရပ်လို့ မြင်ပါတယ်...
အီလက်ထရောနစ် ဥပဒေသည် နအဖ အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယခုကဲ့သို့ လွှတ်တော်တွင် အခြေအတင် ဆွေးနွေးပြီးမှ အတည်ပြုခဲ့သော ဥပဒေမျိုး မဟုတ်ကြောင်း၊ ထို့ကြောင့် ယခုကာလ အခြေအနေနှင့် ယင်းဥပဒေ လက်တွေ့ကျင့်သုံးမှုမှာ အားနည်းချက်များ ရှိနေကြောင်း၊ အခြေခံဥပဒေတွင် ပါဝင်သော နိုင်ငံသားများ၏ မူလအခွင့်အရေး အခန်းတွင် အချက်များကို ထိပါးနေကြောင်းနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များသည် လိုသလို ချဲ့ထွင်ကာ သုံး၍ရသော အချက်များ ပါဝင်နေပြီး အထူးသဖြင့် နိုင်ငံရေး ရည်မှန်းချက်ဖြင့် သုံး၍ရသော အချက်များ ပါဝင်နေကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့သည်။
ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ဦးသောင်းတင်က “e-commerce ဥပဒေသစ် မပေါ်ပေါက်မီ ကာလအတွင်း ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၏ အခန်း ၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ အပိုင်းတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များကို လိုအပ်ပါက ခေတ်နဲ့လျော်ညီစွာ ပြင်ဆင်ရေးဆွဲခြင်းသို့သာ ပြုလုပ်သင့်သေးပြီး ဥပဒေအသစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ဒီဥပဒေ တစ်ခုလုံးကို ရုပ်သိမ်းသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဦးသိန်းညွန့်က လက်ရှိ အီလက်ထရောနစ် အက်ဥပဒေ အခန်း ၁၂ ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင်ရန် ဒုဝန်ကြီး၏ သဘောထားမှာ နိုင်ငံသားများအား အကာအကွယ်ပေးသည့် အတွက် ကြိုဆိုပါကြောင်းနှင့် ဒုဝန်ကြီး ပြောကြားသည့်အတိုင်း အဆိုကို မှတ်တမ်းအဖြစ် ထားရှိရန် သဘောတူညီခဲ့သည်။
ပြည်သူ့လွှတ်တော် အနေဖြင့်လည်း ၀န်ကြီးဋ္ဌာန၏ ဆောင်ရွက်မှုကို ကူညီပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်က အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားပါသည်။
ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပါ အခန်း ၁၂ ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်၌ ဆက်လက်တင်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားပါသည်။
အီလက်ထရောနစ် အက်ဥပဒေသည် နိုင်ငံရေး လှုပ်ရှားသူများကို အဓိက ဖမ်းဆီးအရေးယူနေသော ဥပဒေတစ်ရပ် ဖြစ်ပြီး၊ ယင်းဥပဒေဖြင့် ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရဖူးသူ ကိုဇော်သက်ထွေးက “တိုင်းပြည်ရဲ့ ပကတိ အချက်အလက်တွေကို နိုင်ငံတကာကို ပို့တာကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီဥပဒေက ပေါ်လာတာ။ ပေါ်လာကတည်းက မကောင်းတဲ့ ရည်ရွယ်ချက် ဖြစ်နေတယ်။ ပြစ်ဒဏ်မှာလည်း အများဆုံးက ၁၅ နှစ် ဖြစ်နေတယ်။ အီးမေးတစ်စောင် သုံးရင် ထောင် ၁၅ နှစ် ကျမယ်ဆိုရင် သုံးစောင်တွေ့လို့ ထောင် ၄၅ နှစ် ကျသွားတဲ့ သူတွေလည်း ရှိတယ်။ freedom of Expression ကို နှောင့်ယှက်ဖျက်ဆီးတဲ့ ဥပဒေတစ်ရပ်လို့ မြင်ပါတယ်။ ဒီဥပဒေကို ပြင်မယ်ဆိုရင်လည်း ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၃ လ။ ဒီလောက်ပဲ ဖြစ်သင့်တယ်။ နှစ်အများကြီးနဲ့ ခြိမ်းခြောက်ခံထားရတယ် ဆိုရင်တော့ အွန်လိုင်းမီဒီယာ သုံးနေတဲ့သူတွေက အကြောက်တရားနဲ့ ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မရှိတာ ပိုကောင်းပါတယ်” ဟု ပြောကြားပါသည်။
Wednesday, January 30, 2013
ဆက်သွယ်ရေး ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပြီးပါက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသင့်ကြောင်း ဆက်သွယ်ရေး ဒုတိယ၀န်ကြီး ပြောကြား
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား